နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီ ဗြိတိန်နိုင်ငံရဲ့ တတိယမြောက် ချားလ်စ်ဘုရင် (King Charles III) က ပေးပို့တဲ့ စာအုပ်နှစ်အုပ်၊ အိတ်ပိတ်စာတစ်စောင်နဲ့ သံတမန်ရေးရာ စာအိတ်တစ်စောင်ကို စစ်တပ်ခန့်အစိုးရ ပြည်ထဲရေးဌာန တာဝန်ရှိသူတွေက အောက်တိုဘာ ၁၉ ရက်နေ့မှာ သွားရောက်ပေးအပ်ခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ အမေရိကန်အစိုးရအရာရှိတွေနဲ့ စစ်တပ်ခန့်အစိုးရ ကိုယ်စားလှယ်တွေ တိုကျိုမြို့မှာ လျှို့ဝှက်ဆွေးနွေးခဲ့တဲ့ သတင်းထွက်ပေါ်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ထွက်လာတာပါ။
ဒီအကြောင်း RFA က အမေရိကန်နိုင်ငံခြားရေးဌာနကို ဆက်သွယ်မေးမြန်းရာမှာ “အမေရိကန်အစိုးရအနေနဲ့ မတရားဖမ်းဆီး အကျဥ်းချထားတဲ့ လူပုဂ္ဂိုလ်အားလုံးအတွက် စိုးရိမ်ပူပန်နေပါတယ်”လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက RFA ကို ပြောပါတယ်။
“အမေရိကန်အစိုးရအနေနဲ့ မတရားဖမ်းဆီး အကျဥ်းချထားတဲ့ လူပုဂ္ဂိုလ်အားလုံးအတွက် ဆက်လက် စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး သူတို့ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုပါတယ်။ မြန်မာစစ်တပ်အနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခအားလုံး အဆုံးသတ်ဖို့ ဆန့်ကျင်ဘက်အတိုက်အခံအဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးစကားပြောဖို့လိုအပ်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေအပေါ် ထောက်ခံအားပေးမှုဟာ မယိုင်မလဲ အခိုင်အမာ ဆက်ပြီး ရှိနေပါတယ်။”
အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့ သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံခွင့်ရခဲ့တဲ့အပေါ် ကြိုဆိုခဲ့ပြီး ချွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဗြိတိန်အစိုးရ နိုင်ငံခြားရေးဌာနကို RFA က ဆက်သွယ်မေးမြန်းရာမှာ “ချားလ်ဘုရင်ကြီးရဲ့ စာအုပ်နဲ့စာပေးပို့တာဟာ တော်ဝင်မိသားစုက ကိုင်တွယ်တဲ့ အရေးကိစ္စသာဖြစ်ကြောင်း၊ ဗြိတိန်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားလက်မဲ့ ဖမ်းဆီးချုပ်နှောင်ထားတာကို ဆက်လက်ရှုတ်ချပြီး တခြား မတရားဖမ်းဆီးထောင်ချခံနေရတဲ့သူတွေနဲ့အတူ ချွင်းချက်မရှိ အမြန်ပြန်လွှတ်ပေးရေးကို တောင်းဆိုပါတယ်”လို့ ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးဌာန ဆက်သွယ်ရေး အရာရှိ (Cara Chittenden) က အီးမေးလ်ကနေ ဖြေကြားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်အဲရစ် (Kim Aris) ခေါ် ကိုထိန်လင်းကတော့ မိခင်ဖြစ်သူအပေါ် ချားလ်စ် ဘုရင်ကြီးက သတိတရရှိနေတာသိရတဲ့အတွက် စိတ်သက်သာရာရတဲ့အကြောင်း၊ အခုလို စာအုပ်တွေ ပို့ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ကြောင်း၊ ဒါပေမဲ့ စစ်အာဏာပိုင်တွေရဲ့ ကွက်ကျားစေတနာပြတဲ့ လုပ်ရပ်တွေနဲ့ လှည့်စားပြီး နိုင်ငံတကာမှာ တရားဝင်မှုရအောင် လုပ်တာမျိုးကိုတော့ သတိထားရပါမယ်လို့ RFA ကို ပြောပါတယ်။
“ကျွန်တော့်အမေ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၈၁ နှစ်အရွယ် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် တစ်ယောက်ဖြစ်ပြီး နိုင်ငံရေးပယောဂတွေပါတဲ့ စွပ်စွဲချက်တွေနဲ့ မတရားဖမ်းဆီး အကျဥ်းချခံထားရပြီး ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ခံထားရသလို မိသားစုနဲ့လည်း တိုက်ရိုက်တွေ့ခွင့်၊ လွတ်လပ်စွာ ကျန်းမာရေး စစ်ဆေးခွင့်တွေ ငြင်းဆိုခံထားရပါတယ်။ တိုးတက်မှုတချို့ရှိပေမဲ့ ကျွန်တော်တို့မိသားစုအနေနဲ့ တိုက်ရိုက်ဆက်သွယ်ပြောဆိုခွင့်မရသေးသလို၊ မေမေ့ကျန်းမာရေး ဘယ်အခြေအနေရှိတယ်၊ ဘယ်လိုနေထိုင်ရတယ်ဆိုတာ ယုံကြည်စိတ်ချရပြီး လွတ်လွတ်လပ်လပ် သတင်းအချက်အလက်တွေလည်း မရသေးပါဘူး။”
စစ်အာဏာသိမ်းအပြီး ငါးနှစ်ကျော်အကြာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ နိုင်ငံခြားသံတမန်ရေး ကိစ္စတစ်ခုကို ပထမဆုံးအနေနဲ့ အခုလို ထုတ်ပြန်လာတာဟာ အမေရိကန်နဲ့ စစ်တပ်ခန့်အစိုးရကြား ဆက်ဆံရေးတိုးမြှင့်လာတာနဲ့ မကြာခင်ကျင်းပမဲ့ ဒေသတွင်း အစည်းအဝေးတွေနဲ့ ဆက်စပ်နေနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
“အမေရိကန်အစိုးရနဲ့ အသွင်ပြောင်းအစိုးရက ချိတ်ဆက်ပတ်သက်မှုရှိနေတယ်။ ချိတ်ဆက်ပတ်သက်မှုကိုလည်း ဆက်ပြီးတော့ တိုးမြှင့်နိုင်ဖို့အတွက် သူတို့ အဓိကပူးပေါင်းမဲ့ လုပ်ငန်းခေါင်းစဉ်နှစ်ခုကိုလည်း ထုတ်ထားပြီးသား။ ဂျပန်မှာ တွေ့တယ်ဆိုတာကလည်း သုံးကြိမ်မြောက်လို့ ပြောလို့ရတာပေါ့။ ဇွန်မှာတုန်းကလည်း တစ်ခါ ဂျပန်မှာတွေ့တယ်။ ပြီးတော့ မြန်မာနိုင်ငံ (နေပြည်တော်) မှာတွေ့တယ်။ အခုဂျပန်မှာ ဆက်တွေ့တယ်။ ဒါတွေက ထပ်ပြီးတော့ တွေ့ဖို့ရှိဦးမယ်။ ဖိလစ်ပိုင်မှာလုပ်မဲ့ အစည်းအဝေးမှာလည်း ဒေါ်နယ်ထရန့်ပါတက်မယ်။ ပြီးတော့ မြန်မာအကြောင်းလည်း ပြောကြဦးမယ်ဆိုတော့ ဒါကို ကြည့်လိုက်မယ်ဆိုရင် မြန်မာနဲ့ဆိုင်တဲ့ ကိစ္စမှာ စစ်တပ် အသွင်ပြောင်းအစိုးရရဲ့ အခန်းကဏ္ဍက ကျယ်လာတယ်။ အခွင့်အလမ်းတွေ တိုးမြှင့်လာတယ်ဆိုတာကတော့ မြင်သာထင်သာနေတဲ့ သဘောလို့ ပြောလို့ရပါတယ်”
ဒါပေမဲ့ တိုကျိုဆွေးနွေးပွဲနဲ့ အခုစာပေးပို့မှုအကြား တိုက်ရိုက်ဆက်စပ်မှု ရှိ၊ မရှိကိုတော့ RFA က သီးခြား အတည် မပြုနိုင်သေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တာဝန်ရှိသူ ဦးအောင်မျိုးကျော်ကလည်း နိုင်ငံရေးဖိအားတွေကြားမှာ စစ်တပ်ခန့်အစိုးရက သဘောထားပျော့ပြောင်းကြောင်း ပြသဖို့ ကြိုးပမ်းတာလို့ ရှုမြင်ပါတယ်။
“အခုလိုမျိုး ဗြိတိန်ဘုရင်မင်းမြတ်ထံကနေပြီးတော့ စာအုပ်နှစ်အုပ်နဲ့အတူ ဒီအိတ်ပိတ်စာတွေပေါ့နော်၊ စာတွေပို့လာတာ ကောင်းမွန်တဲ့ အခြေအနေလို့ ပြောရမှာပေါ့နော်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က သူတို့ပြောသလိုမျိုး အထူးအကျဉ်းသားဆိုပြီးတော့ ကမ္ဘာက သတ်မှတ်ထားတာ မဟုတ်ဘူး။ နိုင်ငံခေါင်းဆောင်အဖြစ် သတ်မှတ်ထားတာ ဖြစ်တယ်။ စစ်အုပ်စုအနေနဲ့ သူတို့ဘက်ကနေပြီးတော့ ဘက်ပေါင်းစုံ အကျပ်အတည်းတွေ ကြုံလာရတဲ့ အချိန်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး တစ်ခုခု ထုတ်ပြလေ့ရှိတယ်။ အခုလည်း သူက ဖြေလျှော့ပါတယ်၊ သဘောထားကြီးပါတယ်ဆိုတဲ့ ဒီဟန်ပြလုပ်ရပ်တစ်ခုကို လုပ်ပြလိုက်တဲ့ သဘောပဲ ဖြစ်တယ်”
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေးကလည်း ဒီလုပ်ရပ်ဟာ နိုင်ငံတကာရှေ့မှာ အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုခံရဖို့ ရည်ရွယ်တာလို့ သုံးသပ်ပါတယ်။
“ဒါကြီးကတော့ အကွက်ဟောင်းတွေပါပဲ။ သတင်းမထုတ်ပြန်ဘဲနဲ့ သူတို့ ပေးချင်ပေးလို့ရတဲ့၊ ယူချင်ယူလို့ရတဲ့ အခြေအနေမှာ သတင်းထုတ်ပြန်တယ်ဆိုတာကတော့ သူတို့ သဘောထားပျော့ပြောင်းတယ်ပေါ့လေ။ အစိုးရတစ်ရပ်အနေနဲ့ ဗြိတိန်ဘုရင်ကနေ ပေးပို့လာတဲ့ဟာကို ဖိဖိစီးစီး ဆောင်ရွက်တယ်ဆိုတဲ့ဟာကို မဏ္ဍပ်တိုင်တက်ပြချင်တယ်လို့ပဲ သုံးသပ်ချင်တယ်။ နောက်တစ်ခုကတော့ ကမ္ဘာ့အလယ်မှာ အစိုးရဖြစ်ကြောင်း အတုလုပ်ပြတဲ့ သဘောလို့ပဲ မြင်တယ်”
ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီလကုန်မှာ အကျဉ်းထောင်ကနေ နေအိမ်တစ်ခုဆီ ပြောင်းရွှေ့ခဲ့ကြောင်း ကြေညာခဲ့ပြီး ဩဂုတ်လမှာ ICRC ကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။ အခုတော့ နိုင်ငံခြားက ပေးပို့တဲ့ စာတွေနဲ့ စာအုပ်တွေ လက်ခံခွင့်ပေးခဲ့ကြောင်း ထပ်မံကြေညာလာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအပြောင်းအလဲတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်လပ်စွာဆက်သွယ်ခွင့် တိုးတက်လာတာကို ပြသဖို့ မလုံလောက်သေးဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။
“ထိတွေ့ဆက်ဆံမှုတွေ လုပ်တဲ့အခါမှာ နိုင်ငံရေးအရ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ တိုင်းတာဖို့လိုတာပေါ့။ နိုင်ငံရေးအရ ဖြစ်ပေါ်တိုးတက်မှုဖြစ်အောင် သူက မဆောင်ရွက်နိုင်တဲ့အခါမှာ ထုံးစံအတိုင်းပဲ ကျွန်တော်တို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းလေးတွေထုတ်ပြီးတော့ ကစားလေ့ရှိတာပေါ့။ အခုက ဒီလိုမျိုး စာအုပ်တွေပေးပို့တာတို့၊ စာတွေပေးပို့တာဆိုတာထက်ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဝင်ဖြစ်တဲ့ သူ့သားငယ်နဲ့ ပေးတွေ့ဖို့လည်း လိုအပ်သလို၊ သူ့ရဲ့ ရှေ့နေအဖွဲ့နဲ့လည်း ပေးတွေ့ဖို့လိုအပ်တယ်”
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးစွပ်စွဲခဲ့တဲ့ အမှုတွေထဲက နောက်ဆုံး လက်ကျန် အမှုတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က အမိန့်ချပြီးတဲ့နောက်ပိုင်းကစပြီး သူ့ရဲ့ ရှေ့နေအဖွဲ့နဲ့ လုံး၀တွေ့ဆုံခွင့် မရတော့သလို ပြင်ပကမ္ဘာနဲ့လည်း အဆက်အသွယ် ဖြတ်တောက်ခံထားရတာပါ။
သူ့ရဲ့ရှေ့နေအဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဆုံခွင့်ပေးဖို့ မေလကတည်းက စစ်တပ်ခန့် အစိုးရအာဏာပိုင်တွေကို စာအကြိမ်ကြိမ်ပို့ပြီး တောင်းဆိုထားပေမဲ့ တွေ့ဆုံခွင့်မရသေးဘူးလို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဒီထုတ်ပြန်ချက်အပေါ် သုံးသပ်ချက်တွေနဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဆီက တုံ့ပြန်ချက်ရဖို့ ပြောခွင့်ရပုဂ္ဂိုလ်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့တစ်စုံတစ်ရာ အကြောင်းပြန် ဖြေဆိုတာမရှိသေးပါဘူး။
အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီ စွပ်စွဲထားတဲ့ အမှု ၁၉ မှုအတွက် ထောင် ၃၃ နှစ် ချမှတ်ခံခဲ့ရပြီး လွတ်ငြိမ်း သက်သာခွင့် တချို့ ရခဲ့တာကြောင့် ထောင်ဒဏ် ၁၉ နှစ်နီးပါး ဆက်လက်ကျခံရဖို့ ရှိနေပါတယ်။
