မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အရည်အချင်းမပြည့်မီလို့ အဖွဲ့ဝင်အဖြစ်မှရပ်စဲ

အဖွဲ့ဝင်အဖြစ် အဖွဲ့အစည်းသတ်မှတ်ချက် အရည်အချင်း ပြည့်မီခြင်းမရှိဟု အာဆီယံ အမျိုးသားလူ့အခွင့်အရေးအဖွဲ့များညီလာခံ SEANF ဆုံးဖြတ်ခဲ့။

စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာပိုင်တွေရဲ့ လက်အောက်ကျရောက်သွားခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ကို အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့များဆိုင်ရာ ညီလာခံအဖွဲ့က အောက်တိုဘာ ၁ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ခဲ့တာလို့ ဖိလစ်ပိုင် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အောက်တိုဘာ ၂၀ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

လူ့အခွင့်အရေးကော်မရှင်တွေလိုက်နာရမယ့် ကျင့်ဝတ် လုပ်ထုံးလုပ်နည်း တွေကို လိုက်နာရမှုမရှိတဲ့အတွက် အဖွဲ့ဝင် အရည်အချင်းနဲ့ မပြည့်မီတဲ့အတွက် မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ တီမောလတ်စတေ နိုင်ငံတွေက လူ့အခွင့်အရေးအုပ်ချုပ်မှုအဖွဲ့ဝင်တွေက အခုလို ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

သြဂုတ်လ ၁၄ ရက်မှာ ကျရောက်ခဲ့တဲ့ အဖွဲ့ဝင်သက်တမ်းတိုးကာလမှာ မြန်မာလူ့အခွင့်အရေးကော်မရှင်ရဲ့ အဖွဲ့ဝင်အဖြစ် ရပ်တည်မှုကို ပြန်လည်သုံးသပ်နေကြောင်း စက်တင်ဘာ ၁ ရက်နေ့မှာ အကြောင်းကြားခဲ့ပြီး အောက်တိုဘာ ၁ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာဘက်က ချေပကာကွယ်ဖို့ အချိန်ပေးခဲ့ပေမယ့် တုန့်ပြန်မှုမရှိဘဲ စက်တင်ဘာ ၂၄ ရက်နေ့နေ့စွဲနဲ့ စာတစ်စောင်၊ စက်တင်ဘာ ၂၆ ရက်နေ့စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး ဒီစွပ်စွဲချက်ကို ပယ်ချကြောင်းနဲ့ အဖွဲ့ဝင်အဖြစ် ပြန်လည်သုံးသပ်အပေါ် မသက်ဆိုင်ကြောင်း ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့ စစ်အစိုးရလက်ထက် ၂၀၀၀ ပြည့်နှစ် ဧပြီလက သံအမတ်ကြီး အငြိမ်းစား ဦးဝင်းမြ ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းအပြီး အရင်အတိုင်း အဖွဲ့အစည်းရပ်တည်ခဲ့ပြီး ၅ နှစ်အကြာ ၂၀၂၅ ဇန်နဝါရီလမှာ အပြီးဖျက်သိမ်းခဲ့ပါတယ်။

စစ်တပ်က ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲအပြီး ၂၀၂၆ စစ်တပ်ခန့်အစိုးရတက်လာတဲ့အခါ သမ္မတအဖြစ်နဲ့ ဦးမင်းအောင်လှိုင်က အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြန်ဖွဲ့စည်းခဲ့ပါတယ်။

အာဏာသိမ်းပြီးကတည်းက စစ်တပ်သြဇာအောက်ကျရောက်သွားတဲ့ မြန်မာအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဟာ စစ်အာဏာသိမ်းအပြီး လူ့အခွင့်အရေးချိုးဖောက်မှု မျိုးစုံကို ကျူးလွန်နေတာကို ထောက်ပြဝေဖန်ဖို့ ပျက်ကွက်ခဲ့သလို စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်တယ်လို့ မလေးရှားလူ့အခွင့်အရေး ကော်မရှင်ကြေညာချက်ကို ဝေဖန်တဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အတွက် ဘက်လိုက်မှုရှိပြီး လူ့အခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက် ကြီးကြပ်ဝေဖန်ရတဲ့ တာဝန်ပျက်ကွက်ခဲ့တယ်လို့ အာရှလူ့အခွင့်အရေးဆိုင်ရာ ကွန်ရက်ဖြစ်တဲ့ ဖိုရမ်အေးရှား (Forum Asia) အဖွဲ့ က ၂၀၂၆ ဧပြီလမှာ ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။