ပခုက္ကူမှာ စစ်ကြောင်းထိုး၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ငါးဦး သေဆုံး

ညောင်ဦးလေဆိပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာက စစ်တပ်စစ်ကြောင်း ရောက်နေတဲ့ ပခုက္ကူမြို့နယ် ကမ္မမြို့တောင်ဘက် အုံးတောရွာအနီးက စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ဟုဆို။

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို လေကြောင်းကနေလည်း ဂျိုင်ရိုကော်ပတာ (Gyrocopter) နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ငါးဦး သေဆုံးပြီး တစ်ထောင်ခန့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်မှာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းက ညောင်ဦးလေဆိပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာက စစ်တပ်စစ်ကြောင်း ရောက်နေတဲ့ ပခုက္ကူမြို့နယ် ကမ္မမြို့တောင်ဘက် အုံးတောရွာအနီးက စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် ငါးဦး သေဆုံးပြီး နောက်ထပ် တစ်ဦး ဒဏ်ရာရထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားစာနာရေးတာဝန်ခံက RFA ကို ပြောပါတယ်။

“ဂျိုင်ရိုကော်ပတာတစ်စီးက ကမ္မနယ်တစ်နေရာကို ချသွားတာ၊ ပြည်သူ ငါးဦး သေဆုံးတယ်။ တစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာနဲ့ ဆေးရုံရောက်တယ်။ အသေးစိတ်အချက်အလက် မသိရသေးဘူး။ သက်ကြီးလင်မယားပါတယ်။ ကလေးတွေပါတယ်ဆိုတာ သိရတယ်။ မြေပြင်စစ်ကြောင်းတော့ ကမ္မမြို့ပေါ်မှာပဲ ရှိသေးတယ်”

အောက်တိုဘာလ ၁၇ ရက်နေ့မှာ ပခုက္ကူမြို့အခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်ကနေ အင်အား နှစ်ရာခန့်ပါတဲ့ စစ်တပ်စစ်ကြောင်း ကမ္မမြို့ကို ရောက်လာတာကြောင့် အနီးအနား ကျေးရွာတွေက ဒေသခံတွေဟာ အုံးတောရွာအပါအဝင် ဘေးလွတ်မယ်လို့ ယူဆရတဲ့ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြချိန်မှာ အခုလို လေကြောင်းတိုက်ခိုက်မှုနဲ့ပါ ကြုံရတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ကမ္မမြို့ပေါ်ရပ်ကွက်တွေအပါအဝင် အင်ကြင်းပင်၊ ပြည့်အိုင်၊ ရွာသာအေးနဲ့ ရေမျက် စတဲ့ရွာတွေက ဒေသခံ တစ်ထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ မြိုင်မြို့နယ် တွင်းမရွာနဲ့ ရေနံမှော်တွေဘက်ကို ဦးတည်နေတာကြောင့် ကမ္မမြို့နယ်နဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ မြိုင်မြို့နယ်ထဲက ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ မကွေးတိုင်းပြောခွင့်ရသူ၊ တိုင်းလျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

၂၀၂၆ ခုနှစ် မေလအတွင်းကလည်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးချိန် အရပ်သားအယောက် နှစ်ဆယ်ထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး နေအိမ် တစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်အထိ စာရင်းတွေအရ မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ လေးသန်းကျော်ရှိပြီး အဲဒီထဲမှာ မကွေးတိုင်းက လေးသိန်းခုနစ်သောင်းကျော် ပါဝင်ပါတယ်။