ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းက မီးရထားလမ်းဘေးတစ်လျှောက်မှာရှိတဲ့ ရထားပိုင်နယ်မြေနဲ့ မလွတ်ဘဲ နေထိုင်ကြတဲ့ အိမ်၊ အဆောက်အအုံနဲ့ စျေးဆိုင်ခန်း စုစုပေါင်း တစ်ထောင်ကျော်ခန့်ကို ကျူးကျော်အဖြစ် အောက်တိုဘာ ၅ ရက်နေ့ကစပြီး ၁၅ ရက်အတွင်း ဖယ်ရှားပေးဖို့ မြန်မာ့မီးရထားက သတိပေးစာပေးပို့ထားတဲ့အတွက် ဒီမိသားစုတွေ နေရာအတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ ကာယကံရှင်မိသားစုတွေက RFA ကို ပြောပါတယ်။
ဖယ်ရှားခံရမဲ့ နေရာတွေကတော့ ဒဂုံမြို့သစ်တောင်ပိုင်းအတွင်းက တိုးကြောင်လေး ဘူတာကနေ ကွေ့မဘူတာ တလျှောက်မှာရှိတဲ့ မီးရထားသံလမ်းနဲ့ ကိုက် ၅၀အတွင်းက ဘေးဘက် ဝဲယာမှာရှိတဲ့ နေအိမ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ရထားပို့ဆောင်ရေးဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက် နည်းဥပဒေ အခန်း (၁၄)၊ နည်းဥပဒေ ပုဒ်မ ၁၀၂ အရ ဖယ်ရှားနှင်ထုတ်တာလို့ မြန်မာ့မီးရထား ဆိုပါတယ်။ ဒီသတိပေးစာကို ရန်ကုန်တိုင်း မြန်မာ့မီးရထားရဲ့ တိုင်းအမှတ် (၇) တာဝန်ခံက အောက်တိုဘာ ၃ ရက် ရက်စွဲနဲ့ လက်မှတ်ရေးထိုးပြီး မီးရထားလမ်း နယ်မြေအတွင်း နေထိုင်သူတွေကို ဖယ်ရှားခိုင်းတာပါ။
ဒီသတိပေးစာတွေကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကနေ အိမ်တိုင်ရာရောက် ပေးပို့ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်း၊ ၂၂ ရပ်ကွက်က မိသားစု သုံးဦးရှိတဲ့ အသက် ၆၀ အရွယ် ဦးတင်မြင့်က အိမ်ဖယ် ပေးရမယ်ဆိုရင် ရောက်တဲ့နေရာမှာ ရွက်ဖျက်တဲထိုးပြီးနေဖို့အထိ စဉ်းစားထားတယ်လို့ ဆိုပါတယ်။
“အဲဒီရောက်တဲ့နေရာမှာ ကုလားဖျင် ထိုးနေမှာပဲ ကျွန်တော်ကတော့။ နေစရာမှ မရှိတာ။ ဖယ်ပေးဆိုလည်း ဖယ်ပေးရမှာပဲလေ။ တစ်တန်းလုံးဆိုရင် အိမ်ခြေ တစ်ထောင်ကျော်လောက်တော့ ရှိမယ်။ မကဘူး။ တစ်ထောင်ကျော်တောင် မကဘူး။ ပါတာတော့ ကျွန်တော်တို့က အကုန်လုံး ပါတာကြီးပဲ။ ဒါပေမဲ့ သူတို့က ပေးထားတာ ပထမ Notice (သတိပေးစာ)က ပထမအကြိမ်ပေါ့နော် သူပေးထားတာက။ ၁၅ ရက်နဲ့အပြီးဆိုတော့ သူက အရက် ၂၀ ပေးထားတာပေါ့”
ရထားလမ်းအနီး နေထိုင်သူတွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကစပြီး နေထိုင်လာတာရှိသလို တချို့ကတော့ တစ်လကို ကျပ် ငါးသောင်းကနေ တစ်သိန်းဝန်းကျင်နဲ့ ငှားရမ်းနေထိုင်ကြတာပါ။
ဖျက်ရမဲ့စာရင်းထဲက ဈေးနဲ့နီးတဲ့ နေရာတွေဆိုရင် နေအိမ်တစ်လုံးကို ကျပ်သိန်း ၈၀ ဝန်းကျင်ကနေ ကျပ်သိန်း ၂၀၀ ဝန်းကျင်အထိ ပေးဝယ်ပြီး နေထိုင်ကြသူတွေ ရှိတယ်လို့ RFA နဲ့ တွေ့ဆုံခဲ့တဲ့ ဒေသခံတချို့က ပြောပါတယ်။
အသက် ၄၈ နှစ်အရွယ် ကိုသိန်းဇော်ကတော့ ဒဂုံမြို့သစ်တောင်ပိုင်းက စက်မှုဇုန်အနောက်ဘက် ရထားသံလမ်းအနီးမှာ နေပါတယ်။ သူ့မှာ မိသားစု သုံးဦး ရှိပါတယ်။ သူကတော့ အဲဒီနေရာမှာ ငှားရမ်းနေထိုင်လာတာ တစ်နှစ်ဝန်းကျင် ရှိပါပြီ။ လက်ရှိမှာတော့ နေအိမ်တွေကို ၁၅ ရက်အတွင်း မဖယ်ပေးရင် အကုန်အဖျက်ခံရမယ်ဆိုတာကြောင့် အခက်အခဲတွေ ဖြစ်နေတယ်လို့ ကိုသိန်းဇော်က ဆိုပါတယ်။
“အခုကတော့ ပြောင်းဖို့တော့ လာပြောပြီးသွားပြီပေါ့နော်။ စာတော့ လာချိတ်တယ်ပေါ့။ အဲဒါ နောက်ထပ် ၁၅ ရက်လောက်ကြာရင်တော့ အကုန်လုံးပြောင်းပေါ့နော်။ မပြောင်းရင် ဒိုလာနဲ့ တိုက်ဖျက်မယ်ပေါ့နော်။ အဲဒါတွေကို သူတို့ကတော့ ဒီရထားလမ်းနဲ့ မလွတ်တဲ့ဟာတွေကို အကုန်တိုက်သွားမှာ ပြောတယ်။ အခုနေကတော့ စဉ်းတော့ စဉ်းစားနေရပြီ။ ညအိပ်ရင်လည်း ဒီဥစ္စာပဲ စဉ်းစားပြီး ဘယ်သွားရမလဲ။ ဘယ်လာရမလဲ။ ကိုယ်လည်း အဆင်ပြေတဲ့ နေရာလေးတွေတော့ လျှောက်တော့ ကြည့်တော့ကြည့်တာပဲ။ အခုလည်း ငှားဖို့လည်း မလွယ်ဘူးကွ။ ငှားစရာလည်း ပိုက်ဆံက မရှိဘူးဖြစ်နေတာ”
အသက် ၄၅ နှစ်အရွယ် ကိုကျော်ကျော်ထွန်းကလည်း ဒဂုံမြို့သစ်တောင်ပိုင်း ရထားသံလမ်းအနီးမှာ နေပါတယ်။ သူတို့ရဲ့ နေအိမ်တွေ ၁၅ ရက်အတွင်း ဖျက်ပေးရမယ်ဆိုတဲ့အပေါ် အိမ်ငှားမရတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ကိုကျော်ကျော်ထွန်းက ပြောပါတယ်။
“ဒီလိုပဲ မိုးပြိုတော့လည်း အများပေါ့။ ကျွန်တော်တို့လည်း အဆင်ပြေအောင်တော့ စုံစမ်းနေတယ်။ လောလောဆယ် ငှားဖို့ပြုဖို့က အဆင်မပြေသေးဘူး။ အဆင်မပြေသေးဘူးဆိုတာက နံပတ် ၁ ငွေရေးကြေးရေးလည်း ရှိတာပေါ့နော်။ ပြောင်းရ ရွေ့ရမယ်ဆိုတော့ ပါးစပ်နဲ့တော့ မရဘူး။ အရာရာက ပိုက်ဆံက လွှမ်းမိုးထားတော့ ပိုက်ဆံရှိမှ။ အခုဟာက ပိုက်ဆံရှိတာတောင် ငှားမဲ့ အိမ်က မရှိဘူး”
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ မသိရသေးဘူးလို့ စစ်တပ်ခန့်အစိုးရဖြစ်တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ပြောခွင့်ရသူ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက RFA ကို အောက်တိုဘာ ၉ ရက်နေ့က ပြောပါတယ်။
“ကျွန်တော်တော့ မကြားသေးဘူးခင်ဗျ။ စည်ပင်ကိစ္စဆိုတော့လေ။ စည်ပင်ကို နည်းနည်း မေးကြည့်ပါဦးမယ်။ ကျွန်တော်တို့တော့ မသိသေးဘူးခင်ဗျ အဲဒါတွေလေ။ မကြားသေးဘူး။ အပြင်မှာ ဘယ်လိုကြားနေတုန်း။ ကျွန်တော်တို့ဆီကတော့ ဘာမှမကြားပါဘူးခင်ဗျ”
RFA ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း မရမ်းကုန်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ဒေါပုံ၊ မင်္ဂလာဒုံနဲ့ လှိုင်သာယာမြို့နယ်တွေက နေအိမ် နှစ်သောင်းဝန်းကျင် ဖယ်ရှားခံခဲ့ရပါတယ်။
စစ်အာဏာပိုင်တွေအနေနဲ့ ကျူးကျော်ဆိုပြီး ဖယ်ရှားခံရသူတွေကို အစားထိုးနေစရာ ပြန်ချမပေးဘဲ လူနေအိမ်တွေကို အင်အားသုံးဖယ်ရှားတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
---
