ထိုင်းကုမ္ပဏီတွေ မြန်မာ့စွမ်းအင်စီမံကိန်းတွေမှာ ထပ်မံရင်းနှီးမြှုပ်နှံရေး ဆွေးနွေး

မြန်မာ့အရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ ၁၄ ဖွဲ့က မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ လုပ်ကိုင်နေတဲ့ ဥရောပကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူဖို့ EU ကို တောင်းဆို။

မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ ထိုင်းကုမ္ပဏီတွေ ထပ်မံရင်းနှီးမြှုပ်နှံဖို့နဲ့ ထားဝယ်ဒေသကို အခြေပြုတဲ့ စွမ်းအင်ကုန်သွယ်ရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေးကို ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး အာကာနတ် ပရွန်ဖန် (Akanat Promphan) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က အောက်တိုဘာလ ၁၉ ရက်နေ့မှာ နေပြည်တော်ကို လာရောက်ပြီး ဆွေးနွေးခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရက ထုတ်ပြန်ပါတယ်။

ထိုင်းစွမ်းအင်ဝန်ကြီးဟာ စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်နဲ့ သီးခြားတွေ့ဆုံပြီး နှစ်နိုင်ငံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ထိုင်းစွမ်းအင်ဝန်ကြီးနဲ့အတူ ထိုင်းနိုင်ငံရဲ့ စွမ်းအင်လုပ်ငန်းတွေဖြစ်တဲ့ PTT၊ PTTEP နဲ့ ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ (EGAT) တို့က ကိုယ်စားလှယ်တွေလည်း လိုက်ပါလာပြီး စစ်တပ်ခန့်အစိုးရ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်နဲ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးမှုမှာ လက်ရှိ မြန်မာနဲ့ ထိုင်း ပူးပေါင်းလုပ်ကိုင်နေတဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေကနေ ထုတ်လုပ်မှုတိုးမြှင့်ဖို့၊ စီမံကိန်းအသစ်တွေမှာ ထိုင်းကုမ္ပဏီတွေ ထပ်မံရင်းနှီးမြှုပ်နှံဖို့နဲ့ ထိုင်းနိုင်ငံကို သွယ်တန်းထားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေကို စွမ်းဆောင်ရည်အပြည့်အဝ အသုံးချနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ၊ ထိုင်းနဲ့ ရုရှား သုံးနိုင်ငံပူးပေါင်းပြီး ထားဝယ်ဒေသကို အခြေပြုတဲ့ စွမ်းအင်ကုန်သွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးနဲ့ သံလွင်မြစ်ဝှမ်းနဲ့ တနင်္သာရီမြစ်ဝှမ်းတွေမှာ ရေအားလျှပ်စစ်စီမံကိန်းတွေ ဖော်ဆောင်ရာမှာ ထိုင်းကုမ္ပဏီတွေ ပါဝင်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းတွေအပါအဝင် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနဲ့ ဖြန့်ဖြူးရေးလုပ်ငန်းတွေမှာ ထိုင်းကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံနိုင်ရေး၊ နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးနိုင်ရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ စီမံကိန်းအသစ်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီချက် ရပြီလား၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဘယ်လောက်ရှိမလဲဆိုတာတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်ရှိနေတာကြောင့် စွမ်းအင်ပိုက်လိုင်းနဲ့ အခြေခံအဆောက်အအုံတွေရဲ့ လုံခြုံရေး၊ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြား ငွေပေးချေမှုဆိုင်ရာ အခက်အခဲတွေဟာ ထိုင်းနိုင်ငံအတွက် စိန်ခေါ်မှုတွေ ဖြစ်လာနိုင်သလို၊ စီမံကိန်းတွေက ထွက်လာမဲ့ စွမ်းအင်ကို မြန်မာနိုင်ငံရဲ့ ပြည်တွင်းလိုအပ်ချက်အတွက် ဦးစားပေးဖြည့်ဆည်းပေးနိုင်မလားဆိုတာလည်း မသေချာဘူးလို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

ထိုင်းကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက စစ်တပ်ခန့်အစိုးရအတွက် စီးပွားရေးနဲ့ နိုင်ငံရေးအရ အကျိုးအမြတ်တွေ ရရှိစေနိုင်တယ်လို့ သူက ပြောပါတယ်။

“ထိုင်းကုမ္ပဏီတွေ အာဏာသိမ်းပြီးချိန်နောက်ပိုင်း ပိုမိုရင်းနှီးမြှုပ်နှံလာကြတာနဲ့ အခုလို ထပ်မံဖိတ်ခေါ်ခြင်းဟာ စစ်ကောင်စီအတွက် သိသာထင်ရှားတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအကျိုးအမြတ်တွေ ရရှိစေခဲ့ပါတယ်။ ဒီအချက်ကို နိုင်ငံတကာစောင့်ကြည့် လေ့လာရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂအစီရင်ခံစာတွေကလည်း ထောက်ပြထားပါတယ်။ မုတ္တမကမ်းလွန်လုပ်ကွက်တွေကနေ အခွန်အခတွေအဖြစ် နှစ်စဉ် နိုင်ငံခြားဝင်ငွေ ရရှိနေတာ ကြာပါပြီ။ ထိုင်းဘဏ်တွေနဲ့ ကုမ္ပဏီတွေဟာ စစ်ကောင်စီကို ကမ္ဘာ့ဘဏ္ဍာရေးစနစ်နဲ့ ချိတ်ဆက်ပေးနိုင်တဲ့ ဂိတ်တံခါးသဖွယ် ဖြစ်လာနေပါတယ်။ ဒီငွေတွေနဲ့ စစ်ကောင်စီဟာ လက်နက်နဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ဝယ်ယူခဲ့ပါတယ်။ ဒီလိုနည်းနဲ့ နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကြားက ငွေပေးချေမှုတွေကို ကျော်လွှားနိုင်ခဲ့တာ တွေ့ရပါတယ်”

တနင်္သာရီတိုင်းအတွင်း စွမ်းအင်နဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေကြောင့် ဒေသခံတွေအပေါ် ထိခိုက်မှုတွေ ရှိနေတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘွန်းက RFA ကို ပြောပါတယ်။

“ဒေသခံတွေအပေါ် သက်ရောက်မှု တော်တော်ကြီးကြီးမားမား ရှိပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့်လည်း စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက်လုပ်တော့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ နောက်ထပ် တနင်္သာရီတိုင်းထဲမှာ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ကြိုးစားရင်လည်း ဒေသခံတွေ ဒုက္ခထပ်ရောက်ဖို့ပဲ ရှိပါတယ်။ ဒီစီမံကိန်းတွေကနေ စစ်အစိုးရအတွက် ဒေါ်လာဘီလီယံချီ အကျိုးအမြတ်တွေ ရှိပေမဲ့ ဒေသခံတွေအတွက်တော့ ကောင်းကျိုးထက် ဆိုးကျိုးပိုများလာမယ့် အနေအထားရှိပါတယ်။ ပုံမှန်အခြေအနေဆိုရင်တော့ ဒေသခံတွေအတွက် အကျိုးခံစားခွင့်တွေ ရှိမှာပေါ့နော်၊ အခုလို စစ်အာဏာသိမ်းထားတဲ့ကာလမှာတော့ အကျိုးခံစားခွင့်တွေ ရှိမှာမဟုတ်ပါဘူး”

အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ ဥရောပအခြေစိုက် မြန်မာ့အရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်း ၁၄ ဖွဲ့က မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ လုပ်ကိုင်နေတဲ့ ဥရောပကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူဖို့ ဥရောပသမဂ္ဂ (EU) ကို ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ ထိုင်းစွမ်းအင်ကုမ္ပဏီ PTTEP နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ဥရောပကုမ္ပဏီ SED Energy ဟာ မြန်မာနိုင်ငံက ဇောတိကသဘာဝဓာတ်ငွေ့စီမံကိန်းမှာ လုပ်ကိုင်နေကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်အတွက် ဝင်ငွေရရှိစေတဲ့ လုပ်ငန်းတွေ၊ လက်နက်နဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ဝယ်ယူရရှိနိုင်စေတဲ့ လုပ်ငန်းတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်ဖို့လည်း တိုက်တွန်းထားပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းတွေကနေ မလေးရှားအခြေစိုက် Petronas၊ ပြင်သစ်အခြေစိုက် TotalEnergies နဲ့ အမေရိကန်အခြေစိုက် Chevron ကုမ္ပဏီတွေ အသီးသီးနှုတ်ထွက်ခဲ့ကြပါတယ်။

အဲဒီနောက် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှာ PTTEP နဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့က အကျိုးတူပိုင်ဆိုင်မှုတွေ တိုးမြှင့်ရရှိခဲ့ကြပါတယ်။

လက်ရှိမှာ PTTEP ကုမ္ပဏီက ဦးဆောင်လည်ပတ်နေတဲ့ ရတနာနဲ့ ဇောတိက သဘာဝဓာတ်ငွေ့စီမံကိန်းတွေအပြင် ထိုင်းပုဂ္ဂလိကကုမ္ပဏီ Gulf Petroleum Myanmar (GPM) က ဦးဆောင်လည်ပတ်နေတဲ့ ရဲတံခွန်စီမံကိန်းကနေ ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကိုလည်း ထိုင်းနိုင်ငံကို တင်ပို့နေတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ စစ်တပ်ခန့်အစိုးရနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့၊ စစ်တပ်ရဲ့ ဝင်ငွေရလမ်းတွေကို ဖြတ်တောက်ဖို့ အစဉ်တစိုက် တောင်းဆိုထားကြပါတယ်။