မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အထူးကိုယ်စားလှယ် ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံ

အမေရိကန်အစိုးရအရာရှိတွေနဲ့ မြန်မာစစ်တပ်ခန့်ကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဆွေးနွေးပွဲအပြီး ရက်ပိုင်းမှာ ဂျပန်ကိုယ်စားလှယ်ရောက်ရှိလာတာဖြစ်။

ဂျပန်အစိုးရရဲ့ မြန်မာအမျိုးသားသင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယို‌ဟေး ဆာဆာကာဝါ (Yohei Sasakawa) ဟာ အောက်တိုဘာ ၂၀ ရက်နေ့ မနက်က စစ်အာဏာသိမ်းခေါင်းဆောင် သမ္မတ ဦးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ မြန်မာစစ်တပ်ခန့် အစိုးရသတင်းမီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။

အခုလို တွေ့ဆုံရာမှာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အထောက်အကူဖြစ်စေရေးဖို့နဲ့ လူ့စွမ်းအား အရင်းအမြစ်များဖွံဖြိုးတိုးတက်ရေး နိပွန်ဖောင်ဒေးရှင်းက ကူညီ ဆောင်ရွက်ပေးမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာဆာဆာကာဝါဟာ ဂျပန်နိုင်ငံက အကြီးဆုံး ပရဟိတအဖွဲ့ကြီးဖြစ်တဲ့ နိပွန်ဖောင်ဒေးရှင်းရဲ့ ဂုဏ်ထူး ဆောင် ဥက္ကဋ္ဌဖြစ်ပြီး ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူသားချင်းစာနာမှုအကူညီပေးရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ မှာ မကြာခဏ ပါဝင်ဆောင်ရွက်လေ့ရှိသူလည်းဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင်နဲ့ မစ္စတာဆာဆာကာဝါတို့တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံခြားရေးဌာနကို ဆက်သွယ် မေးမြန်းရာမှာ တစ်စုံတစ်ရာ တုန့်ပြန်ဖြေကြားတာမရှိသေးဘူးလို့ ရိုက်တာ သတင်းက ရေးပါတယ်။

ဂျပန်အထူးကိုယ်စားလှယ်ရဲ့ နေပြည်တော်ခရီးဟာ မြန်မာစစ်တပ်ခန့်အစိုးရနဲ့ အမေရိကန်အစိုးရအရာရှိတွေ အောက်တိုဘာ ဒုတိယအပတ်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ လျှို့ဝှက်ဆွေးနွေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာအပြီး ရက်ပိုင်းအတွင်းမှာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ခန့်အစိုးရနဲ့ အမေရိကန်အရာရှိတွေ တိုကျိုမှာ လျှို့ဝှက်တွေ့ဆုံတာဟာ တစ်လအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး အမေရိကန်ဘက်က နိုင်ငံခြားရေးဌာနက ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြား ရေးဝန်ကြီး မိုက်ကယ်ဗင့်စ် (Michael Vance) ဦးဆောင်ပါဝင်ခဲ့ပြီး အမေရိကန် အစိုးရအရာရှိကြီး ၁၂ ဦးကျော်ပါဝင်တက်ရောက်တယ်လို့ သိရပါတယ်။

မစ္စတာဆာဆာကာဝါဟာ စစ်တပ်အာဏာသိမ်းအပြီးမှာလည်း မြန်မာနိုင်ငံကို လာရောက်ပြီး အဲဒီအချိန်က စစ်တပ်အကြီးအကဲနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို လာရောက်တွေ့ဆုံခဲ့ဖူးပါတယ်။

စစ်အာဏာသိမ်းအပြီး ၂၀၂၂ က မြန်မာစစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရအောင် မစ္စတာဆာဆာကာဝါက ကြားဝင် ကူညီခဲ့ဖူးတယ်လို့ နီပွန်ဖောင်းဒေးရှင်းက ဖော်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကာလက စစ်ရေးပဋိပက္ခတွေပြင်းထန်နေလို့ ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲ့ ကျောက်တော်နဲ့ ဘူးသီးတောင်မြို့နယ်တွေကို ကိုယ်တိုင်သွားရောက်ခဲ့ပြီး ရခိုင် ကိုးမြို့နယ်မှာ ရွေးကောက်ပွဲလုပ်နိုင်အောင် ဂျပန်အထူးကိုယ်စားလှယ်အဖြစ်နဲ့ တိုက်တွန်းခဲ့ဖူးပါတယ်။