မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ် (Julie Bishop)ဟာ အောက်တိုဘာ ၁၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး ဆလာဟူဒင် အာမက် (Salahuddin Ahmed) နဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာမူဆလင်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီလိုဆွေးနွေးရာမှာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက မြန်မာနိုင်ငံဘက်က ပြည်တွင်းပဋိပက္ခ အမျိုးမျိုးကြောင့် ထွက်ပြေးလာကြတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီတွေ ပေးနေရတာ အချိန်ကာလကြာမြင့်တဲ့အလျောက် အခက်အခဲတွေရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီပြဿနာ ပြေလည်ဖို့ ရေရှည်တည်တံ့တဲ့ အဖြေရှာဖွေပေးဖို့ ပန်ကြားခဲ့တယ် လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် UNB သတင်းဌာနက ရေးသားပါတယ်။
ဘင်္ဂလားဒေ့ရှ် အနေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ တစ်ဆယ့်နှစ်သိန်း (၁.၂ သန်း) ခန့်ကို ကော့စ်ဘဇား (Cox’s Bazaar) ဒုက္ခသည်စခန်းတွေနဲ့ ကမ်းရိုးတန်းအနီး ဘာဆန်ချာ (Bhasan Char) ကျွန်းတို့မှာ လက်ခံထားပြီး ကမ္ဘာ့အသိုင်းအဝိုင်းအနေနဲ့ ဒီပြဿနာပါ ထဲထဲဝင်ဝင် ပါဝင် ကူညီဖြေရှင်းပေးဖို့၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ဘေးကင်းလုံခြုံပြီး ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ ပြန်ပို့နိုင်ရေး နိုင်ငံတကာက ပါဝင်ကူညီဖို့ ပြောခဲ့တယ် လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံဘက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်း နေပြီး စစ်တပ်နဲ့ အာရက္ခတပ်တော်အကြား စစ်ပွဲရပ်စဲရေးနဲ့ အရပ်သားပြည်သူတွေ အကာကွယ်ပေးရေးတွေ ဆွေးနွေးနေတာကို တုံ့ပြန်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
သြစတေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ ဟာ ပြီးခဲ့တဲ့ ဇွန်လက ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအခြေအနေကို တင်ပြခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူတွေကို ချွင်းချက်မရှိ ပြန်လည်လွှတ်ပေးရေး တိုက်တွန်းခဲ့ပါတယ်။
၂၀၂၄ အောက်တိုဘာမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်အာဏာသိမ်း ခေါင်းဆောင်နဲ့ လက်ရှိ စစ်တပ်ခန့် အစိုးရ အကြီးအကဲ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ဖးသူဖြစ်သလို အခုနှစ်မတ်လကလည်း မစ္စဘစ်ရှော့ဟာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ထရီဇာ လာဇာရို (Theresa P. Lazaro) နဲ့ ပူးတွဲပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအခြေအနေအပေါ် တက်ရောက် အစီရင်ခံတင်ပြခဲ့ပါတယ်။
