နှစ်ပတ်အတွင်း ရိုဟင်ဂျာ တစ်သောင်းနီးပါး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး
2024.09.08
[Update: 11: 34 PM, Sep 8, 2024]
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေချိန်မှာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း ရိုဟင်ဂျာ တစ်သောင်းလောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတစ်ယောက်က ပြောကြားတဲ့ အကြောင်း တူရကီ AA သတင်းက စက်တင်ဘာ ၈ ရက်က ဖော်ပြပါတယ်။
စစ်တပ်က အကြီးအကျယ်နှိမ်နင်းတဲ့အတွက် ၂၀၁၇ ခုနှစ် သြဂုတ်ကစပြီး ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းလောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာပါတယ်။ အများစုဟာ ကော့စ်ဘဇားက ပြည့်ကျပ်နေတဲ့ ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေပြီး သုံးသောင်းခွဲလောက်ကို ၂ဝ၂ဝ နှစ်ကုန်ပိုင်းကစလို့ ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့ပေးထားပါတယ်။
နေ့တိုင်း ရိုဟင်ဂျာတွေ ရာနဲ့ချီ နယ်စပ်ဖြတ်ကျော်နေတာမို့ အရေအတွက် အတိအကျပြောဖို့ ခက်တယ်လို့ တက်ကနပ်ဖ် (Teknaf )နယ်စပ်မြို့ တာဝန်ရှိသူက ပြောပါတယ်။ နယ်ခြားစောင့်လုံခြုံရေးနဲ့ မတွေ့ဘဲ ရိုဟင်ဂျာ ၄ဝဝ လောက် စနေနေ့ညက ဘင်္ဂလားဒေ့ရှ်ကို ရောက်လာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သုံးရက်မှာ နယ်စပ် တက်ကနပ်ဖ်မြို့ကနေ ပစ်ခတ်သံတွေ မော်တာကျည်သံတွေ ကြားနေရပြီး နယ်စပ်တစ်လျှောက်က ဒေသအခြေအနေတွေက စိုးရိမ်နေရတယ်လို့လည်း သူက ပြောပါတယ်။
ဒီလို ထပ်ရောက်လာတဲ့ ရိုဟင်ဂျာတွေကို နေရာထိုင်ခင်းပေးနိုင်တဲ့ အနေအထားမှာမရှိတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်က မနေ့က ထပ်မံ ပြောကြားလိုက်ပါတယ်။ ရိုဟင်ဂျာတွေကို ထပ်တာဝန်ယူဖို့ တိုက်တွန်းတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဒီဝန်ကို မျှဝေယူဖို့ နိုင်ငံခြားရေးရာ အကြံပေးပုဂ္ဂိုလ်က သတင်းထောက်တွေကို ဒက္ကားမှာရှိတဲ့ နိုင်ငံခြားရေးရုံးမှာ ပြောကြားတယ်လို့ BSS ဘင်္ဂလားဒေ့ရှ် အမျိုးသား သတင်းဌာနက ဖော်ပြပါတယ်။
ရိုဟင်ဂျာတွေကို ထပ်လက်ခံနိုင်ဖွယ်မရှိတော့ဘူးလို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကို အသိပေးထားတဲ့အကြောင်း ပြောပါတယ်။
UNHCR က ထပ်လက်ခံဖို့ မေတ္တာရပ်ခံတာကို ဘင်္ဂလားဒေ့ရှ် အစိုးရက ငြင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ နောက်ထပ်ဝင်မလာနိုင်အောင်လည်း အစိုးရက ဆောင်ရွက်နေပေမဲ့ မြန်မာနယ်စပ်ကို ပိတ်ဖို့က ပြဿနာတစ်ရပ်ဖြစ်တယ်လို့လည်း ပြောကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။
(မှတ်ချက်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားသတင်းဌာနမှ စက်တင်ဘာ ၈ ရက်နေ့တွင် ဖော်ပြသည့် အချက်အလက်တချို့အား ဖြည့်စွက်ရေးသားထားပါသည်။)