ရိုဟင်ဂျာဒုက္ခသည်စခန်းက ပြန်ပေးဆွဲမှုများ
2024.09.05
ဓာတ်ပုံထဲမှာ မြင်ရတာကတော့ တည်တည်ငြိမ်ငြိမ်၊ ဘာသာတရားကိုင်းရှိုင်းပုံရတဲ့ ၁၃ နှစ်အရွယ် ကလေးငယ်တစ်ယောက်ရဲ့ ပုံပါ။ မိုဟာမက်ဟာ ပျောက်ဆုံးသွားတာ လအတော်ကြာနေပြီဖြစ်တဲ့ သူ့ညီလေးဖာရ်ဟဒ်ရဲ့ ဒီပုံလေးကို မကြာခဏ ကြည့်နေမိပါတယ်။
ပြီးခဲ့တဲ့မေလက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီ ဒုက္ခသည်စခန်းမှာရှိတဲ့ စာသင်ကျောင်းကနေ အပြန်မှာ ဖာရ်ဟဒ်တစ်ယောက် ပြန်ပေးဆွဲခံလိုက်ရပါတယ်။ (လုံခြုံရေးအတွက် ညီအစ်ကိုနှစ်ယောက်နှင့် စခန်းတွင်းရှိ အခြားဒုက္ခသည်များကို အမည်လွှဲပြီး ဖော်ပြထားပါသည်။) ဖာရ်ဟဒ်နဲ့ ညီအစ်ကိုလေးယောက်ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လကတည်းက မြန်မာဘက်ခြမ်းမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် ထွက်ပြေးလာပြီး ဒီစခန်းမှာ နေလာခဲ့ကြတာပါ။
“ကျွန်တော်က သူ့အစ်ကိုတင်မကဘူး၊ အဖေဆိုလည်း ဟုတ်တယ်။ ကျွန်တော့် သားလိုပါပဲ” လို့ အသက် ၂၆ နှစ်အရွယ် မိုဟာမက်က ပြီးခဲ့တဲ့ဇွန်လက RFA ကို ပြောပါတယ်။
ဖာရ်ဟဒ် ပျောက်သွားစ ရက်သတ္တပတ်တွေထဲမှာ ဆောက်တည်ရာမရ ဖြစ်နေတဲ့ မိုဟာမက်ဟာ သူ့ညီလေး ဘယ်ရောက်နေသလဲ ဆိုတာကို သူနဲ့ အပြန်အလှန် ဖုန်းဆက်စကားပြောထားတာတွေကတစ်ဆင့် ခြေရာခံ ကြည့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဘာအဖြေမှမရဘဲ စဉ်းစားစရာတွေပဲ ထပ်တိုးလာပါတယ်။
ဖာရ်ဟဒ်ကို ဘယ်သူတွေက ပြန်ပေးဆွဲသွားတယ်ဆိုတာကို အတိအကျ မသိရပေမဲ့ ကော့စ်ဘဇား ဒုက္ခသည်စခန်းဆိုတာ လူဆိုးဂိုဏ်းတွေ ကြီးစိုးနေတာပါ။ ဒီဂိုဏ်းတွေထဲက တချို့က မြန်မာနိုင်ငံဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ ဝင်တိုက်ခိုင်းဖို့အတွက် ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ပေးဆွဲ၊ နယ်စပ်ဖြတ်ကျော်ပြီး လူမှောင်ခို ပြန်ပို့နေကြပါတယ်။
ဒီဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်မှုအမျိုးမျိုးအပြင် ပြန်ပေးဆွဲတာ ဖမ်းခေါ်သွားတာတွေ အရင်ကတည်းက ဖြစ်နေတာပါ။ ယောကျ်ားတွေ မိန်းမတွေကို အလုပ်ခိုင်းဖို့၊ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ခိုင်းစေဖို့အတွက် လူကုန်ကူးပြီး၊ ရိုဟင်ဂျာ ရပ်မိရပ်ဖတွေကိုတော့ သူတို့ရဲ့လုပ်ဆောင်ချက်တွေအတွက် ဒဏ်ခတ်တဲ့အနေနဲ့ ပြန်ပေးဆွဲ ဖမ်းဆီးကြပါတယ်။ တစ်ခါတစ်လေမှာတော့ မိသားစုတွေဆီကနေ ငွေညှစ်ဖို့သက်သက်အတွက် ဒုက္ခသည်တွေကို ပြန်ပေးဆွဲကြပါတယ်။
ဒါပေမဲ့ ဒီနှစ်ဆန်းပိုင်းကစလို့ ပြန်ပေးဆွဲမှု ပုံစံသစ်တစ်မျိုး တွေ့လာရပါတယ်။ စစ်မြေပြင်မှာ ရှုံးပွဲတွေဆင့်လာတဲ့ မြန်မာစစ်ကောင်စီဟာ ကာလကြာရှည် အသက်မသွင်းဘဲထားခဲ့တဲ့ စစ်မှုထမ်းဥပဒေကို ကျင့်သုံးမယ်ဆိုပြီး ဖေဖော်ဝါရီမှာ ကြေညာလိုက်ပါတယ်။ တော်လှန်ရေး အင်အားစုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက တပ်သားသစ် အားဖြည့်တာဟာ ပြည်နယ် နယ်နိမိတ်ကိုပါ ကျော်လာပါတယ်။ ပိတ်လှောင်ခံထားရတဲ့ ဒုက္ခသည်တွေ တစ်လှေကြီး ရှိနေတဲ့အပြင် ရာဇ၀တ်ဂိုဏ်းတွေပါ အခြေခိုင်နေတဲ့ ကော့စ်ဘဇားဒုက္ခသည်စခန်းဟာ စစ်ကောင်စီအတွက်ရော၊ ဆန့်ကျင်ဘက်အင်အားစုတွေ အတွက်ပါ လူသစ်စုဆောင်းဖို့ ဧရာမရင်းမြစ်ကြီး ဖြစ်လာပါတော့တယ်။
သူတို့ချင်း ဖုန်းပြောလို့ရတဲ့အချိန်တုန်းက… သူ့ကို ရခိုင်ပြည်နယ်ထဲ ခိုးသွင်းပြီး ဘူးသီးတောင်ကို ခေါ်သွားတဲ့အကြောင်း ဖာရ်ဟဒ်က အစ်ကိုဖြစ်သူ မိုဟာမက်ကို ပြောခဲ့ပါတယ်။ နောက်တော့ သူ့ကို မြန်မာစစ်တပ်လက်ထဲ လွှဲပေးလိုက်ပြီး တခြား ရိုဟင်ဂျာ လူကြီးလူငယ် အယောက်လေးဆယ်လောက်နဲ့ လေ့ကျင့်ရေးစခန်းတစ်ခုမှာ ထားခဲ့တယ်လို့ ဆိုပါတယ်။ ပထမနှစ်ပတ်မှာ ဖာရ်ဟဒ်ကို လက်နက်သင်တန်း ပေးခဲ့ပေမဲ့ နောက်ဆုံးမှာ လေ့ကျင့်ရေးကနေ ထုတ်ပြီး စစ်သားတွေအတွက် ချက်ရေးပြုတ်ရေး၊ ကုန်ပစ္စည်း ဝယ်ခြမ်းရေးတွေမှာ ကူလုပ်ပေးဖို့ အခိုင်းခံရတယ်လို့ ဖာရ်ဟဒ်က အစ်ကိုဖြစ်သူကို ဖုန်းဆက် ပြောပြခဲ့ပါတယ်။
“သူတို့တစ်တွေအတွက် အရမ်းကို ကြောက်စရာ၊ လန့်စရာ ဖြစ်ရပ်တွေ ကြုံခဲ့ပြီးသားဆိုပေမယ့် မြန်မာနိုင်ငံတွင်းနဲ့ ဒုက္ခသည်စခန်းတွေမှာ ပြန်ပေးဆွဲတာ၊ အဓမ္မ စစ်မှုထမ်းခိုင်းနေတာတွေကတော့ အင်မတန် တုန်လှုပ်ချောက်ချားစရာ ကောင်းပါတယ်... အခြေအနေတွေက နောက်တစ်ချီ ပိုဆိုးလာနေပါတယ်” လို့ ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းနဲ့ပတ်သက်လို့ နှစ်ပေါင်းများစွာ သတင်းရယူ ရေးသားခဲ့တဲ့ တစ်သီးပုဂ္ဂလ လေ့လာသူတစ်ဦး ဖြစ်တဲ့ ဂျက်ဆီကာအိုးနီက ပြောပါတယ်။ သူဟာ ဒုက္ခသည်စခန်းတွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျုအတွက် စာတမ်းတစ်စောင်ကို ပြီးခဲ့တဲ့မေလက ရေးသားထုတ်ဝေခဲ့ပါတယ်။
ဖာရ်ဟဒ်လို အလားတူ ပြန်ပေးဆွဲခံရမှုတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ လူနေမှုဘ၀ပုံစံ ပြောင်းလဲလာပြီး စိတ်ဒဏ်ရာရထားပြီးသား လူတွေကြားမှာ အကြောက်တရားအသစ်တစ်ခု စိမ့်ဝင်လာနေပါတယ်။ အိမ်တံခါးတွေတင်မက ဈေးဆိုင်တွေကိုပါ ပိတ်ထားကြပါတယ်။ တစ်ချိန်က ဆော့ကစားနေတဲ့ ကလေးတွေ၊ ဟိုဟိုသည်သည် သွားလာနေတဲ့ လူငယ်တွေနဲ့ စည်ကားခဲ့တဲ့ လမ်းတွေလည်း ခြောက်ကပ်ကုန်ပါတယ်။ သူစိမ်းဆိုရင် မယုံရဲကြတော့ပါဘူး။ မိသားစု အတော်များများ သူတို့ရဲ့ တူသားညီမောင်တွေကို ပုန်းရှောင်ခိုင်းထားကြပါတယ်။
ဖာရ်ဟဒ် ပြန်ပေးဆွဲခံရပြီးကတည်းက သူ့ရဲ့အတန်းဖော်တွေဟာ သူတို့လည်း အဖမ်းခံရလေမလားဆိုပြီး စိုးရိမ်ကြောက်လန့်နေကြတယ်လို့ မိုဟာမက်က ပြောပါတယ်။ “ကျောင်းသားအများစုက ကြောက်နေကြတယ်၊ အဲဒီလို ကြောက်လန့်နေရတာကိုက ပုံမှန်ဘဝအသစ်တစ်ခုလို ဖြစ်လာနေပြီ" လို့ သူက ပြောပြပါတယ်။
“အခုက ကိုယ့်လူမျိုးက ပြန်ပြီး နှိပ်စက်နေတယ်”
သူတို့ရဲ့ဇာတိ မြန်မာနိုင်ငံမှာ နိုင်ငံသားအဖြစ် တရားဝင် အသိအမှတ်ပြုမခံရတဲ့ မွတ်စလင်လူနည်းစု ရိုဟင်ဂျာတွေဟာ အကြမ်းဖက်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ကာလကြာရှည် ခံစားနေကြရတာပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေတစ်လျှောက် ထွက်ပြေးလာသူတွေဟာ လွန်ခဲ့တဲ့ ၁၈ ရာစုက ဒုက္ခသည်များ ပြန်လည်နေရာချထားရေးကို စီမံကွပ်ကဲခဲ့တဲ့ ဗြိတိသျှအရာရှိ ဗိုလ်ကြီးကော့စ် (Captain Hirum Cox) ရဲ့အမည်ကို အစွဲပြု မှည့်ခေါ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်း၊ ကော့စ်ဘဇားဒေသမှာရှိတဲ့ ဒုက္ခသည်စခန်းတွေထဲမှာပဲ ပိတ်မိနေကြပါတယ်။
မြန်မာစစ်တပ်ရဲ့ မုဒိမ်းကျင့်၊ မီးရှို့၊ သတ်ဖြတ်မှုတွေကြောင့် ၂၀၁၇ ခုနှစ် သြဂုတ်မှာ သွေးချောင်းစီးခဲ့ရတဲ့ ဖြစ်ရပ်တွေအပြီးမှာ ရိုဟင်ဂျာ ခုနစ်သိန်းကျော် (၇၄၀,၀၀၀ ကျော်) ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂနဲ့ တခြားနိုင်ငံတွေက သတ်မှတ်ထားကြပါတယ်။
လက်ရှိမှာတော့ တာပေါ်လင်အမိုးနဲ့ ဝါးတဲတွေ ကျပ်ညပ်ပြည့်သိပ်နေတဲ့ အဲဒီ ဒုက္ခသည်စခန်းတွေထဲမှာ ရိုဟင်ဂျာတစ်သန်းကျော် နေထိုင်နေကြပါတယ်။ မိုဟာမက်တို့ မိသားစုဟာလည်း အဲဒီမှာ တစ်ဝမ်းတစ်ခါးအတွက် ရှာဖွေစားသောက်နေကြရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေကို ယာယီနေထိုင်သူတွေလို့သာ အခုချိန်အထိ ရှုမြင်ထားသလို စခန်းတွင်းအခြေအနေတွေလည်း အင်မတန် ဆိုးရွားညံ့ဖျင်းနေပါတယ်။
မြေပြိုတာ မီးလောင်တာ မကြာခဏဖြစ်ပြီး လူတွေ သေကျေကြသလို မိလ္လာစနစ်နဲ့ ရေကောင်းရေသန့် အလုံအလောက် မရတဲ့အတွက်လည်း ဝဲနာ၊ ကာလဝမ်းရောဂါနဲ့ တခြားရောဂါတွေ အမြဲလိုလို ဖြစ်ပွားနေပါတယ်။ ကျောင်းပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရဖို့ ခက်ခဲပြီး စားနပ်ရိက္ခာ မလုံလောက်တဲ့အပြင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်လည်း မရှိပါဘူး။
ဒီလိုအခြေအနေမှာ ဘူးလေးရာ ဖရုံဆင့်ဆိုသလို ပိုပြီးဆိုးရွားလာစေတာကတော့ လုံခြုံရေးကိစ္စပါ။ ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးတဲ့သူတွေ ပိုများလာပါတယ်။ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနဲ့ ငွေညှစ်မှုတွေလိုပဲ ပြန်ပေးဆွဲမှုတွေ၊ မီးရှို့မှုတွေဟာ ဖြစ်ရိုးဖြစ်စဥ်လို ဖြစ်လာပါတယ်။ မနှစ်ကဆိုရင် ကော့စ်ဘဇားဒုက္ခသည်စခန်းတွေမှာ ဒုစရိုက်ဂိုဏ်းတွေ နယ်မြေစားကျက်လုရင်း လူ ၉၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။
ဒါပေမဲ့လည်း တဖွဲဖွဲဝင်လာနေတဲ့ ရိုဟင်ဂျာတွေအတွက်တော့ ကော့စ်ဘဇားကလွဲလို့ တခြား သွားစရာနေရာ မရှိပါဘူး။ မြန်မာနိုင်ငံကို ကြည့်လိုက်ပြန်ရင်လည်း လေ့လာစောင့်ကြည့်သူတွေ အဆိုအရ ရခိုင်ပြည်နယ်အတွင်းက စစ်ပွဲတွေဟာ နောက်ထပ် လူမျိုးတုံးသတ်ဖြတ်မှုတစ်ခုဆီ ဦးတည်သွားနိုင်ပါတယ်။ အခု နောက်ဆုံးတိုက်ခိုက်မှုအပြီး ထွက်ပြေးလာတဲ့ အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်တာဟာ “၂၀၁၇ ခုနှစ် သြဂုတ်လတုန်းက ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ဆင်တူနေတယ်” လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့က ဩဂုတ်လအတွင်းမှာ သတိပေးထားပါတယ်။
ရိုဟင်ဂျာတွေဟာ ရာဇ၀တ်ဂိုဏ်းတွေလက်ထဲမှာ အန္တရာယ်နှစ်မျိုးနဲ့ ရင်ဆိုင်နေကြရပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေဟာ ကော့စ်ဘဇားကို ရောက်ဖို့အတွက် မှောင်ခိုသမားတွေကို ပို့ဆောင်ခ ပေးရပါတယ်။ တစ်ချိန်တည်းမှာပဲ ဒုက္ခသည်စခန်းတွေကို စွန့်ခွာပြီး မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှားကို အန္တရာယ်ပြွမ်းတဲ့ ပင်လယ်ခရီးကနေ ထွက်သွားဖို့ ကြိုးစားသူတွေဟာလည်း လူကုန်ကူးသူတွေကို ဒေါ်လာ ရာ၊ ထောင် ချီပြီး ပေးကြရပါတယ်။
များသောအားဖြင့် လူကုန်ကူးသူတွေဟာ ဒုက္ခသည်စခန်းတွေကို ထိန်းချုပ်ထားတဲ့ လူဆိုးဂိုဏ်းတွေနဲ့ ပတ်သက်နေတတ်ပါတယ်။ အဲဒီဂိုဏ်းတွေထဲက အကြီးဆုံးအုပ်စုဟာ မြန်မာနိုင်ငံအတွင်း စစ်သွေးကြွ ရိုဟင်ဂျာလှုပ်ရှားမှုတွေကနေ ပေါက်ဖွားလာတာဖြစ်ပေမဲ့ နိုင်ငံပြင်ပမှာ ရာဇ၀တ်မှုလုပ်ငန်းတွေကို ချဲ့ထွင်လုပ်ကိုင်ခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည် အမျိုးသားတွေကို ကလေးသူငယ်ပါမကျန် ပြန်ပေးဆွဲပြီး စစ်တိုက်ခိုင်းတာ၊ အလုပ်ခိုင်းစေတာ၊ လူသားဒိုင်းအဖြစ် သုံးတာ၊ ဒါမှမဟုတ် မိသားစုဆီက ငွေညှစ်တာတွေဟာ စစ်ကောင်စီအတွက်ရော၊ သူ့ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အင်အားစုတွေ အတွက်ပါ နောက်ထပ် ငွေရလမ်းတစ်ခုလို ဖြစ်လာနေတယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။
စခန်းထဲက မူဆတာဖာ ဆိုသူ နောက်ဒုက္ခသည်တစ်ဦးဟာ သူ့ဆွေမျိုးတစ်ယောက် ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်ကို မကြာခဏ သွားတတ်သူပါ။ လက်ဖက်ရည်ဆိုင်ထိုင်ပြီး မိတ်ဆွေတွေနဲ့ ရောက်တတ်ရာရာ ပြောရတာဟာ ဘဝတွေ ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ရတဲ့ သူတို့တစ်တွေအတွက်တော့ ရှားရှားပါးပါး ပုံမှန်ဘဝရဲ့ အရသာကလေး တစ်ခုပါပဲ။
အခုတော့ အဲဒီလို အချိန်မျိုးလေးတွေကို မရနိုင်တော့ပါဘူးလို့ သူက RFA ကို ဇွန်လတုန်းက ပြောပြခဲ့ပါတယ်။ အဲဒီအရင်တစ်ပတ်က မူဆတာဖာဟာ ထုံးစံအတိုင်း သူထိုင်နေကျခုံမှာ ထိုင်နေတုန်း ဆိုင်အပြင်ဘက်မှာ လူငယ်နှစ်ဦးကို လက်နက်ကိုင်လူတစ်စုက ဖမ်းခေါ်သွားပါတယ်။ ပြန်ပေးဆွဲတဲ့သူတွေဟာ ရက္ခိုင့်တပ်တော် (AA) အတွက် အလုပ်လုပ်ပေးနေသူတွေလို့ သူထင်ကြောင်း မူဆတာဖာက ပြောပါတယ်။ AA အဖွဲ့ကတော့ ရိုဟင်ဂျာတွေကို သူတို့အဖွဲ့က အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။
အဲဒီလို ဖမ်းခေါ်သွားတာကို မျက်မြင်တွေ့လိုက်ရတာ ရက်အတော်ကြာလာတဲ့အထိ မူဆတာဖာတစ်ယောက် တုန်လှုပ်နေတုန်းပါ။
“တစ်ခါတလေ စခန်းအုပ်ချုပ်ရေးက ရဲတွေထားပေးပေမဲ့ များသောအားဖြင့်တော့ မရှိတတ်ကြဘူး။ အခုက စခန်းမှာနေရတာ အရမ်းခက်ခဲလာတယ်။ မြန်မာနိုင်ငံမှာတုန်းက တခြားလူမျိုးတွေက နှိပ်စက်ညှဉ်းပန်းပြီး မောင်းထုတ်ခဲ့တယ်။ အခု ဒီမှာကတော့ ကိုယ့်လူမျိုးက ကျွန်တော်တို့ကို ပြန်ပြီး နှိပ်စက်နေတယ်” လို့ သူက ပြောပါတယ်။
စခန်းတွေထဲမှာ လက်နက်ကိုင်အဖွဲ့ အတော်များများ လှုပ်ရှားနေကြပြီး အဓိကအဖွဲ့နှစ်ဖွဲ့က အာရကန် ရိုဟင်ဂျာကယ်တင်ရေး တပ်မတော် (ARSA) နဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့ (RSO) တို့ ဖြစ်ပါတယ်။ စစ်မှုထမ်းခိုင်းဖို့ ပြန်ပေးဆွဲတာတွေအတွက် တာဝန်အရှိဆုံးကတော့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ လူသိနည်းတဲ့ အာရကန်ရိုဟင်ဂျာတပ်မတော် (ARA) တို့ဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေနဲ့ ဒုက္ခသည်တွေက ပြောပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ်လမှာ ARSA အဖွဲ့ကို ပထမဦးဆုံး ကျယ်ကျယ်ပြန့်ပြန့် သတိထားမိလာကြတာပါ။ အဲဒီတုန်းက ရခိုင်မှာရှိတဲ့ ရဲနဲ့ စစ်တပ် ကင်းစခန်း ၃၀ ကို ARSA က တိုက်ခိုက်ခဲ့ရာမှာ ရဲနဲ့စစ်သား ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်တပ်က ရက်ရက်စက်စက် တိုက်ခိုက်နှိမ်နင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဟိန္ဒူကျေးရွာတစ်ရွာကို တိုက်ခိုက်ရာမှာ လူပေါင်းရာဂဏန်းနီးပါး သေဆုံးခဲ့မှု အပါအဝင် အကြမ်းဖက်လုပ်ရပ်တွေကြောင့် စစ်သွေးကြွအဖွဲ့အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ ARSA ဟာ ဒုက္ခသည်စခန်းတွေဘက်ကို အာရုံပြောင်း လှုပ်ရှားလာခဲ့ပြီး သူတို့အပေါ် ဝေဖန်သူတွေကို ဖမ်းဆီးခေါ်ဆောင်တာ၊ အကျဥ်းချ ညှဉ်းပန်းနှိပ်စက်တာတွေ စလုပ်လာတယ်လို့ လူ့အခွင့်အရေးအဖွဲ့ Fortify Rights ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဆယ်စုနှစ်လေးခုကြာ တည်ရှိနေခဲ့တဲ့ RSO ဟာလည်း ကော့စ်ဘဇားမှာ အလားတူပဲ လုပ်ဆောင်နေပါတယ်။ ဒီအဖွဲ့ဟာ စစ်မှုထမ်းခိုင်းဖို့ ပြန်ပေးဆွဲတဲ့ကိစ္စမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို လိုက်ဖမ်းနေပုံရပါတယ်။ "ဒုက္ခသည်အုပ်စု အမျိုးမျိုးကြားထဲမှာ RSO က အတင်းအဓမ္မ အကျပ်ကိုင်ပြီး ဖိအားပေးတဲ့ နည်းဗျူဟာတွေနဲ့ လုပ်နေတာကို ကျွန်တော်တို့ သတိပြုမိပါတယ်။ ကလေးငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာမျိုးတွေလည်း ရှိပါတယ်” လို့ Fortify Rights ရဲ့ ဒါရိုက်တာ ဂျွန်ကွင်လေ (၃) က ပြောပါတယ်။
အသက် ၁၅ နှစ်အောက် ကလေးတွေကို စစ်သားအဖြစ် စုဆောင်းတာ၊ စစ်တိုက်ခိုင်းတာဟာ နိုင်ငံတကာဥပဒေအရ တရားမဝင်ပါဘူး။ မြန်မာအပါအဝင် နိုင်ငံအများစုက အတည်ပြုထားတဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူညီချက်မှာဆိုရင် အသက်ကန့်သတ်ချက်ကို ၁၈ နှစ်အထိ တိုးမြှင့် သတ်မှတ်ထားပါတယ်။ ARSA နဲ့ RSO တို့လို အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေ အတွက်ကတော့ ဘယ်အသက်အရွယ်ရှိတဲ့ ဘယ်အရပ်သားကိုမှ စစ်မှုထမ်းခိုင်းလို့ မရပါဘူး။
စခန်းတွင်းက ဒုက္ခသည်တွေကို ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေက ပြန်ပေးဆွဲပြီး စစ်အစိုးရကို လွှဲပြောင်းပေးတဲ့အကြောင်း အသေးစိတ် စုံစမ်းစစ်ဆေးထားတဲ့ အစီရင်ခံစာတစ်စောင်ကို Fortify Rights အဖွဲ့က ပြီးခဲ့တဲ့ဇူလိုင်လမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဈေး ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်တွေကနေ ဖမ်းဆီးခေါ်ဆောင်၊ နယ်စပ်ဖြတ်ကျော်ပြီး စစ်သားတွေလက်ထဲ လွှဲပြောင်းပေးအပ်ခဲ့တဲ့အကြောင်း ပြန်ပေးဆွဲခံရပြီး နောက် ထွက်ပြေးလွတ်မြောက်လာတဲ့ ဒုက္ခသည်တွေက Fortify Rights ကို ပြောပြကြပါတယ်။ တစ်ယောက်ကတော့ သူ့မိသားစုက ခန့်မှန်းခြေ ဒေါ်လာ ၈၅၀ ပမာဏနဲ့ညီတဲ့ငွေကြေးနဲ့ ရွေးမှသာ ပြန်လွှတ်ပေးတဲ့အကြောင်း ပြောပါတယ်။
‘ကျွန်တော်တို့အတွက် ဘယ်နေရာမှာမှ မလုံခြုံဘူး’
ပြန်ပေးအန္တရာယ်ကြောင့် ကူရာကယ်ရာမဲ့ ဖြစ်နေတဲ့ မိသားစုတွေဟာ သားဖြစ်သူတွေကို ဘေးလွတ်ရာဆီ ရွှေ့ထားဖို့ ကြိုးစားလာကြရပါတယ်။ ကော့စ်ဘဇား တစ်လွှားမှာတော့ လုံခြုံရေးအခြေအနေအရ အဲဒီလို ရွှေ့ထားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
ဒုက္ခသည် အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒါမီရာဟာ ပြီးခဲ့တဲ့မေလအလယ်လောက်က အသက် ၂၂ နှစ်အရွယ် သူ့သားကို အနီးအနားက ဒုက္ခသည်စခန်းမှာရှိတဲ့ ဆွေမျိုးတွေနဲ့ သွားနေခိုင်းထားခဲ့ပါတယ်။ သူတို့မိသားစုဟာ မောင်တောမှာ အကြမ်းဖက်မှုတွေကြောင့် နေအိမ်မီးလောင်၊ ဆွေမျိုးတွေ အသတ်ခံရပြီးနောက် မြန်မာနိုင်ငံကနေ ရောက်လာကြတာ မကြာသေးပါဘူး။ ဒါပေမဲ့ ကော့စ်ဘဇားက သူတို့ရဲ့နေရာသစ်မှာလည်း လုံခြုံတယ်လို့ မခံစားရပါဘူး။
“ဘင်္ဂလားဒေ့ရှ်နဲ့ ယှဉ်ရင် မြန်မာနိုင်ငံမှာက သိပ်ပြီး ကြောက်လန့်မနေရဘူး။ ကျွန်မတို့သားကို ဒီမှာ ဝှက်ထားရမယ်ဆိုတာ တစ်ခါမှ မတွေးခဲ့ဖူးဘူး" လို့ ဒါမီရာက ပြီးခဲ့တဲ့ဇွန်လက RFA ကို ပြောပြပါတယ်။
ရဲအစောင့်အကြပ် ချမထားတဲ့ ဒုက္ခသည်စခန်းကြီးထဲမှာ အကာအကွယ်ပေးထားတဲ့ နေရာဆိုလို့ မရှိသလောက်ပါပဲ။ ဒုက္ခသည်တွေ လွတ်လပ်စွာသွားလာခွင့်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာကြောင့်လည်း စခန်းတွေထဲကနေ ထွက်သွားဖို့ မဖြစ်နိုင်ဘူးလို့ ကွင်လေက ပြောပါတယ်။ ခြိမ်းခြောက်ခံရတဲ့ ဘယ်သူ့ကိုမဆို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက စခန်းတစ်ခုကနေ နောက်တစ်ခုဆီ ရွှေ့ပြောင်းနိုင်တယ် ဆိုပေမဲ့ “RSO က စခန်းအားလုံးမှာ အင်အားကြီးကြီးမားမားနဲ့ ရှိနေတယ်” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံထဲမှာ စစ်တိုက်ခိုင်းဖို့အတွက် ဒုက္ခသည်စခန်းတွေက ကလေး၊ လူကြီး ဘယ်နှယောက်လောက်ကို ဖမ်းဆီးခေါ်ဆောင် သွားပြီးပြီလဲ ဆိုတာကို အတိအကျ သိနိုင်ဖို့ မလွယ်ပါဘူး။ AFP သတင်းတစ်ပုဒ်မှာတော့ ကုလသမဂ္ဂရဲ့ လျှို့ဝှက်အစီရင်ခံစာတစ်စောင်ကို ကိုးကားပြီး ပြီးခဲ့တဲ့မေလအထိ ရိုဟင်ဂျာ ၁,၅၀၀ လောက်ကို စခန်းတွေကနေ အဓမ္မခေါ်ဆောင်ပြီး စစ်မှုထမ်းခိုင်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
လူ ၃,၀၀၀ လောက် ပြန်ပေးဆွဲခံရတယ်လို့ ယူဆကြောင်း ဒေသခံ အကူအညီပေးရေး ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနေသူတွေနဲ့ လေ့လာသုံးသပ်သူတွေကတော့ စစ်မှုထမ်းခိုင်းဖို့ ခေါ်သွားတဲ့ ဒုက္ခသည် ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မသိနိုင်ဘူးလို့ ဆိုကြပါတယ်။
လွန်ခဲ့တဲ့ ခုနစ်နှစ်က မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ အလီက ဒီနှစ်တွေအတွင်း သူနဲ့ သူ့မိသားစု ကြိုးစားတည်ဆောက်ခဲ့လို့ အတော်အတန် ပြန်အဆင်ပြေလာတဲ့ ဘဝလေးဟာ အတင်းအဓမ္မ စစ်သားစုဆောင်းချိန်ကစပြီး ပျက်စီးသွားရတယ်လို့ RFA ကို ပြောပါတယ်။
“ပြီးခဲ့တဲ့ လတွေတုန်းကဆိုရင် ကျွန်တော်တို့ အင်မတန်ကို ကြောက်ကြောက်လန့်လန့်နဲ့ နေခဲ့ရတာပါ” လို့ သူက ပြောပါတယ်။ မေလထဲမှာ သူ့ရဲ့ ၁၆ နှစ်အရွယ် သားဖြစ်သူကို စခန်းထဲက တခြားတစ်နေရာမှာ ဆွေမျိုးတွေနဲ့ နေခိုင်းထားခဲ့ရပါတယ်။ ယောက်ျားလေးတစ်ယောက်ကို ပြန်ပေးဆွဲသွားတယ်၊ စစ်သားလုပ်ခိုင်းဖို့ အဓမ္မဖမ်းခေါ်သွားတယ် ဆိုတဲ့သတင်းတွေကို နေ့စဥ်လိုလို ကြားနေရပြီး သူ့ကလေးကို အကာအကွယ် မပေးနိုင်ဘူးဆိုတဲ့အတွေးကြောင့် သူစိတ်မကောင်းဖြစ်ရပါတယ်။
“တစ်နေ့တုန်းကတော့ သားက အဲဒီနေရာလည်း မလုံခြုံဘူးလို့ ပြောလာတယ်။ ညတိုင်း လူတစ်စု ကင်းလှည့်နေတယ်တဲ့။ သူတို့က လူငယ်တွေ့တိုင်း မြန်မာနိုင်ငံကို ဆွဲခေါ်သွားဖို့ ချောင်းနေကြတယ်” လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့အတွက်ကတော့ သေတဲ့အထိ ဘယ်နေရာမှာမှ လုံခြုံမှု ရှိမှာ မဟုတ်ပါဘူး”
အခုအချိန်အထိတော့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လုံခြုံရေးအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ မတတ်နိုင်၊ ဒါမှမဟုတ် ဆန္ဒမရှိ ဖြစ်နေပုံရပါတယ်။ ၂၀၂၀ ပြည့်နှစ်ကတည်းက စခန်းလုံခြုံရေးကို တာဝန်ယူခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်ရဲတပ်ရင်း (ABPn) ရဲ့ အကျင့်ပျက်ခြစားမှု၊ အခွင့်အရေးချိုးဖောက်မှုနဲ့ ငွေညှစ်မှုတွေအကြောင်း ဖော်ထုတ်ထားတဲ့ အစီရင်ခံစာတွေကို Fortify Rights နဲ့ Human Rights Watch အဖွဲ့က ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့ပါတယ်။ ABPn အကြီးတန်းအရာရှိတွေကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ တစ်စုံတရာ မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။ အရင်တုန်းကတော့ ABPn က သူတို့အကြောင်းသတင်းတွေကို ခုခံပြောဆိုခဲ့ပြီး သူတို့တပ်ရင်းဟာ စခန်းတွင်းက လူတွေကို အကာအကွယ်ပေးဖို့ အများကြီး လုပ်ဆောင်ခဲ့ကြောင်း BenarNews ကို မနှစ်က ပြောကြားခဲ့ပါတယ်။
အဆုံးမဲ့ထောင်ချောက်
စခန်းတွင်းက အမျိုးသမီးတွေရဲ့ ဆန္ဒပြမှုတွေ၊ လူများစု အသိုက်အဝန်းက အတိအလင်း ဆန့်ကျင်မှုတွေကြောင့် RSO အဖွဲ့ဟာ ပြီးခဲ့တဲ့မေလမှာ နည်းဗျူဟာတွေ ပြောင်းလဲလာတယ်လို့ Fortify Rights အဖွဲ့က ကွင်လေက ပြောပါတယ်။ RSO ကတော့ ကလေးတွေကို အသုံးချတယ် ဆိုတဲ့သတင်းတွေ၊ လမ်းကြောင်းပြောင်းပြီး ကျောင်းဆရာတွေနဲ့ ရပ်မိရပ်ဖတွေဘက် လှည့်လာတယ် ဆိုတဲ့သတင်းတွေကိုပါ ငြင်းဆိုထားပြီး အတင်းအကျပ် စစ်သားစုဆောင်းတာမျိုး မလုပ်ဘူးလို့ ပြောဆိုပါတယ်။ Rohingya Refugee News အဖွဲ့က သတင်းထောက် ဆိုဖီး ရာဟမန် ထုတ်ပြန်ထားတဲ့ အသံဖိုင်တစ်ခုမှာ RSO ခေါင်းဆောင် ကိုကိုလင်း ဆိုသူက အထက်ဆိုခဲ့ပါ သတင်းတွေဟာ ဝါဒဖြန့်ချိမှုသာဖြစ်ပြီး သူ့မှာ လေ့ကျင့်သင်ကြားထားတဲ့ စေတနာ့ဝန်ထမ်း စစ်သည် ထောင်ပေါင်းများစွာရှိတယ်ဆိုပြီး ကြွားဝါပြောဆိုထားပါတယ်။
“လူတွေအနေနဲ့ ကြောက်လန့်ဖို့ ဒါမှမဟုတ် စခန်းကနေ ထွက်သွားဖို့ မလိုအပ်ပါဘူး” လို့ အဲဒီအသံဖိုင်မှာ ပြောထားတဲ့အကြောင်း သတင်းထောက်ရာဟမန်ရဲ့ ဘာသာပြန်ဆိုချက်မှာ ဖော်ပြပါတယ်။
ဒါပေမဲ့ ဒီအပြောကြောင့် စခန်းအတွင်း နေထိုင်သူတွေ ကြောက်စိတ် ပြေမသွားပါဘူး။
သူ့ညီလေးဖာရ်ဟဒ်ကို ပြန်ပေးဆွဲသွားတာ လအတော်ကြာလာတဲ့အထိ ဒါဟာ RSO ၊ ARSA ဒါမှမဟုတ် တခြားအဖွဲ့ တစ်ခုခုရဲ့ လက်ချက်လား ဆိုတာကို မိုဟာမက်တစ်ယောက် ခြေရာမခံမိသေးပါဘူး။ သူသိသမျှကတော့ သူ့ညီလေး ကျောင်းသွားတယ်၊ အိမ်ကို ပြန်လာဖို့ ကြိုးစားတယ်၊ အဲဒီမှာ ပျောက်သွားတယ် ဆိုတာပါပဲ။
“သူ ရှင်လား၊ သေလား မသိတော့ပါဘူး။ ဘာလို့ဆိုတော့ သူနဲ့ နောက်ဆုံးအကြိမ် စကားပြောခွင့်ရတုန်းက သူတို့မှာ စားစရာ မရှိတော့ဘူးလို့ ညီလေးက ပြောခဲ့တယ်” လို့ မိုဟာမက်က ဇွန်မှာ RFA ကို ပြောခဲ့ပါတယ်။
သူစကားပြောနေတုန်းမှာပဲ သူတို့ရဲ့ ကျိုးတိုးကျဲတဲ အိမ်ထရံပါးပါးလေးကို မိုးပေါက်တွေ တဖျောက်ဖျောက် လာရိုက်ပြီး အမိုးစွန်းတစ်ဖက်ကနေ ရေတွေ စိမ့်ဝင် စီးကျလာပါတယ်။ သူ့ လေးနှစ်သားအရွယ် ကလေးက အိမ်ခန်းထောင့်ကလေးမှာ အိပ်နေပါတယ်။
မိုဟာမက်ရဲ့အဆိုအရ နယ်စပ်ဖြတ်ကျော်၊ အဓမ္မ ခေါ်သွားပြီးနောက် ခြောက်ပတ်အကြာမှာ သူ့ရဲ့ညီဖြစ်သူ ဖာရ်ဟဒ်ဟာ တခြားကလေးငယ် သုံးဦးနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ ငွေအလုံအလောက်ပေးနိုင်ရင် ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့ပေးနိုင်တဲ့ လူကုန်ကူးတဲ့သူကို တွေ့ထားတယ်ဆိုပြီး တောထဲကနေ သူ့အစ်ကိုဆီကို ဖုန်းဆက်ပြောလာတယ်လို့ ဆိုပါတယ်။ သူ့ညီလေးရဲ့ အသံက အားနည်းနေတယ်လို့ မိုဟာမက်က ထင်လို့ မေးတဲ့အခါ ဖာရ်ဟဒ်ကလည်း သူ ဖျားနေတယ်လို့ ပြောပါတယ်။ ဖာရ်ဟဒ် လွတ်မြောက်ရေးအတွက် ပေးရမယ့်ငွေကို ရအောင် ဘယ်လိုရှာရပါ့မလဲလို့ မိုဟာမက် ကြံဆနေတုန်းမှာပဲ သူ့ညီကို နောက်ထပ်ဆက်သွယ်လို့၊ ဖုန်းခေါ်လို့ မရတော့ပါဘူး။
မိုဟာမက်တစ်ယောက် တစ်ခါတစ်လေ ကြောက်လာရင်၊ စိတ်ဖိစီးလာရင် ဒါမှမဟုတ် ဒေါသထွက်လာရင် ခေါ်လို့မရတော့တဲ့ ဒီနံပါတ်ကိုပဲ ဖုန်း ခေါ်နေမိပါတော့တယ်။ တစ်ဖက်က အလိုအလျောက် ဖုန်းဖြေစက်ကတော့ စက်ပိတ်ထားကြောင်းပဲ ပြန်ဖြေပေးနေပါတယ်။ ဒါပေမဲ့ ဒီနံပါတ်ဟာ ဖာရ်ဟဒ် နောက်ဆုံးခေါ်ခဲ့တဲ့ ဖုန်းရဲ့နံပါတ်ပါ။ ဒီတော့ အဲဒီဖုန်းကိုပဲ ထပ်ကာထပ်ကာ ကြိုးစားခေါ်ကြည့်နေရုံကလွဲလို့ သူ့အနေနဲ့ တခြား ဘာမှ မတတ်နိုင်တော့ပါဘူး။