အဆိုးဘက်မှာ မြန်မာစံချိန်သစ်တွေတင်ကြောင်း ကုလအထူးကိုယ်စားလှယ်ပြောကြား

မြန်မာနိုင်ငံအခြေအနေအပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထား ရသူတွေကို ချွင်းချက်မရှိ ပြန်လည်လွှတ်ပေးရေး တိုက်တွန်းခဲ့။

မြန်မာနိုင်ငံက ထွက်ပေါ်လာတဲ့ စံချိန်သစ်တွေကတော့ မှားယွင်းတဲ့ အကြောင်းရင်းတွေနဲ့ အကုန်ဖြစ်နေ တာပါပဲ”လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ (Julie Bishop) က ဇွန်လ ၁၉ ရက်နေ့က ပြောကြား လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ အထွေထွေညီလာခံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးဆွေးနွေးပွဲမှာ မစ္စဘစ်ရှော့က “မြန်မာနိုင်ငံက အောက်ခြေ လက်တွေ့အခြေအနေဟာ ဆက်လက်ပြီး ဆိုးဝါးလာနေဆဲဖြစ်ကြောင်း၊ မြန်မာပြည်ဟာ စံချိန်သစ်တွေတင်နေပြီး အားလုံးဟာ မကောင်းတဲ့ မှားယွင်းတဲ့ အကြောင်းရင်းတွေကို အခြေခံကြောင်း၊ မြန်မာဟာ ကမ္ဘာပေါ်မှာ အင်တာနက်အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေရဲ့ ဗဟိုအချက်အခြာနေရာဖြစ်နေကြောင်း၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေက မြန်မာနိုင်ငံမှာ စက်ရုံအလုပ်ရုံကြီးတွေနဲ့ ငွေလိမ်ဌာနကြီးတွေဖွင့်လှစ်ပြီး လုပ်ငန်းလည်ပတ်နေကြသလို အာဖရိကလို ဝေးလံ ခေါင်ဖျားတဲ့ နေရာဒေသတွေကလူတွေကို ကွန်ရက်တွေနဲ့ လူကုန်ကူးနေကြပြီး အမေရိက၊ အာရှနဲ့ ကမ္ဘာ့အနှံ့က သားကောင်တွေကို ပစ်မှတ်ထား ပြစ်မှုကျူးလွန်နေကြတယ်”လို့ တင်ပြခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာ့တဝှန်းကို စိတ်ကြွဆေး ထုတ်လုပ်ဖြန့်ချိနေတဲ့ နိုင်ငံဖြစ်သလို ကမ္ဘာပေါ်မှာ မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူ အများဆုံး နိုင်ငံဖြစ်ကြောင်း။ ၂၀၂၅ ခုနှစ်ဟာ မြန်မာစစ်အာဏာ သိမ်းအပြီး မြန်မာကလေးသူငယ်အများဆုံး သေဆုံးရတဲ့ နှစ်ဖြစ်ခဲ့ပြီး ဒီသေဆုံးရတဲ့ အကြောင်းရင်းဟာ လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် ဖြစ်ကြောင်း အထူးကိုယ်စားလှယ်ကပြောပါတယ်။

အာဏာသိမ်းအပြီး ကျန်းမာရေးစောင့်ရှောက်စနစ်ပျက်စီးသွားတဲ့အတွက် ‌ဒေသတွင်း ကူးစက်ရောဂါတွေ ဖြစ်လာစေမယ့် အန္တရာယ်ရှိနေပြီး ကမ္ဘာပေါ်မှာ ၆ နိုင်ငံမြောက် ငတ်မွတ်မှု အဆုံးဝါးဆုံး နိုင်ငံဖြစ်လာကြောင်း၊ ပြည်တွင်းမှာ လူ ၃.၇ သန်းကျော် အိုးအိမ်စွန့်ပစ်ထွက်ပြေးနေရပြီး အိမ်ချင်းနိုင်ငံတွေမှာ ၁.၆ သန်းကျော် ရောက်ရှိနေကြကြောင်း၊ ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံထဲကပဲ ရိုဟင်ဂျာမူဆလင်လူနည်းစု ၁.၂ သန်း ရောက်နေပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်ကြောင်းလည်း သူကပြောပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်သမျှ အချက်အလက်မှန်သမျှ စစ်တပ်ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲအပြီး နေပြည်တော်က အာဏာပိုင်တွေက ပြောတဲ့ အသံနဲ့ အတန်းအစားမခွဲဘဲ ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်ခံနေရတဲ့ ပြည်သူတွေနဲ့ အကူအညီပေးခွင့်မရအောင် တားမြစ်ပိတ်ပင်ခံထားရတဲ့ ပြည်သူတွေရဲ့ အသံဟာ အစစအရာရာ ကွဲလွဲနေဆဲဖြစ်ကြောင်း၊ စစ်တပ်က ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတပြီး တရားဝင်တယ်ပြောနေပေမယ့် အောက်ခြေပြည်သူတွေကတော့ လုံခြုံရေးတင်းကြပ်တာ၊ မဲဆန္ဒနယ်ကွက်ကျား လုပ်ခဲ့တာ၊ အဓိကနိုင်ငံရေးအင်အားစုတွေကို ချန်လှပ်ဘေးဖယ်ကျင်းပခဲ့တာ၊ စစ်ဖြစ်နေချိန် ကျင်းပတာနဲ့ ကုလသမဂ္ဂလိုအဖွဲ့အစည်းက လေ့လာခွင့်မရ ထောက်ခံမှုမရှိခဲ့တာတွေကို တွေ့ရကြောင်းလည်း သူက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က ဦးစီးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ နောက်ဆက်တွဲအခြေအနေတွေ၊ လူငယ်တွေနဲ့ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူတွေကို ချွင်းချက်မရှိ ပြန်လည်လွှတ်ပေးရေး မစ္စဂျူလီဘစ်ရှော့က တိုက်တွန်းခဲ့ပါတယ်။

ဒီအစည်းအဝေးမှာပဲ ဥရောပသမဂ္ဂ (EU) က မြန်မာစစ်အာဏာပိုင်တွေက အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေနဲ့ ပြုလုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲတွေနဲ့ အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းလဲခဲ့တာတွေဟာ မည်သည့်တရားဝင်မှုမျှ ဖြစ်ပေါ်စေမှာမဟုတ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။