ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသား ပိုလွှတ်ဖို့ အာဆီယံဥက္ကဋ္ဌ တိုက်တွန်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာမိန့်ဟာ အားလုံးပါဝင်တဲ့ အမျိုးသား ရင်ကြားစေ့ ဆွေးနွေးပွဲအတွက် အပြုသဘောခြေလှမ်းတစ်ရပ်ဟုဆို။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသား ပိုလွှတ်ဖို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဧပြီ ၂၄ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

မကြာခင်က မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာ အမိန့်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေး အကျဥ်းသားတွေ လွတ်ပေးခဲ့တာဟာ အားလုံးပါဝင်တဲ့ အမျိုးသား ရင်ကြားစေ့ ဆွေးနွေးပွဲ အတွက် အပြုသဘော ခြေလှမ်းတစ်ရပ်ပါပဲလို့လည်း ပြောပါတယ်။

“မိမိတို့အနေနဲ့ အာဆီယအဖွဲ့ကြီးရဲ့ အစိတ်အပိုင်းဒေသဖြစ်တဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြဿနာ ပြေလည်ပြီး တိုင်းပြည်ငြိမ်းချမ်းစေမယ့် ဖြေရှင်းမှုရနိုင်ဖို့ ကူညီမယ်ဆိုတဲ့ သံန္နိဌာန်ချထား ပြီးဖြစ်ပါတယ်”လို့လည်း ဖိလစ်ပိုင်နိုင်ငံက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မဲအပြတ်သတ်နဲ့အနိုင်ရထားတဲ့ NLD ပါတီအကြီးအကဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးအကျဥ်းချခံရပြီး အဂတိလိုက်စားမှုအပြင် ပုဒ်မမျိုးစုံနဲ့ ထောင်ဒဏ် ၂၇ နှစ်ကျခံနေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ထိန်းသိမ်းအကျဥ်းချခံနေရတာနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ တွေက စိုးရိမ်ပူပန်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာခရီးစဥ်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် (Sihasak) က မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို တွေ့ဆုံပြောကြားခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ဟောင်းက ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက် ထားကြောင်း၊ ဒါ့အပြင် သူ့အတွက် အကောင်းတွေကို စဥ်းစားနေကြောင်း ပြောခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကပြောကြားခဲ့ပြီး အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားတာမရှိပါဘူး