နယ်စပ်ဒေသတွေမှာ အခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်လုပ်ငန်းတွေကို တိုက်ဖျက်နေတဲ့ အချိန်နှစ်နှစ်ခွဲအတွင်း နိုင်ငံခြားသား ခုနစ်သောင်းနှစ်ထောင်ကျော် (၇၂,၆၁၉ ဦး) ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရက ဇွန်လ ၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေက တဆင့် ထုတ်ပြန်ပါတယ်။
ဒါဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် မေလ ၂၈ ရက်နေ့အထိ ဖမ်းဆီးရမိတဲ့ အရေအတွက် ဖြစ်ပါတယ်။
တရုတ်-မြန်မာနယ်စပ် နမ့်ခမ်း၊ မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ပန်ဆန်း၊ မိုင်းလား ဒေသတွေနဲ့ ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်၊ မြ၀တီ၊ ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး၊ မင်းလက်ပံနဲ့ ဘုရားသုံးဆူ စတဲ့ ဒေသတွေကနေ ဖမ်းဆီးခဲ့မိတာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို သက်ဆိုင်ရာ နိုင်ငံတွေထံ ပြန်လွှဲပြောင်းပေးခဲ့ပြီး လက်ရှိ နိုင်ငံခြားသား တစ်ထောင်ကျော် (၁,၁၆၄) လွှဲပေးဖို့ရှိသေးတယ်လို့ ဖော်ပြပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းဟာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်တဲ့ (National Security Treat) ရာဇဝတ်မှုတွေဖြစ်တဲ့အတွက် နှိမ်နင်းနေရတာဖြစ်ပြီး အိမ်နီးချင်းနဲ့ ဒေသတွေင်းနိုင်ငံတွေ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ စစ်တပ်ခန့်အစိုးရက ဆိုပါတယ်။
အွန်လိုင်းငွေလုပ်လုပ်ငန်း (ကျားဖြန့်) မှာ ပါဝင်ပတ်သက်သူတွေကို သေဒဏ်အထိချမှတ်နိုင်တဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို စစ်တပ်ခန့်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက စစ်တပ်နဲ့ စစ်တပ်အရာရှိဟောင်းတွေလွှမ်းမိုးထားတဲ့ အမျိုးသားလွှတ်တော်မှာ ဇွန်လ ၂ ရက်နေ့က တင်သွင်းခဲ့ပါတယ်။ ဒီဥပဒေနဲ့ပတ်သက်လို့ လွှတ်တော်မှာ ဆွေးနွေးပြီး အတည်ပြုဖို့လည်း ရှိနေတာပါ။
ကျားဖြန့်တိုက်ဖျက်ရေးကိစ္စ အရှိန်အဟုန်နဲ့ လုပ်လာတာဟာ စစ်တပ်ခန့်အစိုးရကို နိုင်ငံတကာက အာရုံစိုက်လာဖို့နဲ့ နိုင်ငံတကာက ဖိအားတွေကြောင့်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“တစ်ကမ္ဘာလုံးက ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနေတဲ့ ကိစ္စမှာ သူတို့အနေနဲ့ ဦးဆောင်ဦးရွက်ပြုပြီးတော့ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနေတယ် ဆိုတာမျိုး လုပ်တာပေါ့။ ဒီဟာထိခိုက်နစ်နာမှုက တစ်ကမ္ဘာလုံးကို ထိခိုက်နစ်နာယုံတင် မကဘူး နိုင်ငံရဲ့ ပုံရိပ်ကိုလည်း ထိခိုက်နေတာကိုး။ သဘောကတော့ လိုအပ်ချက်လည်း ဖြစ်တယ် သူတို့အနေနဲ့ အစိုးရ ပီပီပြင်ပြင်နဲ့ တစ်မ္ဘာလုံး စိုးရိမ်နေတဲ့ ကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနေတယ်၊ ကြိုးစားနိုင်ပါတယ် ဆိုတာကို ပြလိုတာပေါ့။ ဒါကို အကြောင်းပြုပြီးတော့မှ နိုင်ငံတကာအာရုံစိုက်မှုကို လိုချင်တာလည်း ပါတာပေါ့”
စစ်တပ်ခန့်အစိုးရကတော့ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ လိုက်လံဖမ်းဆီးနေသလို ကျားဖြန့်ဂိုဏ်းတွေ အခြေချခဲ့တဲ့ ရှမ်းပြည်နယ်က အဆောက်အအုံ ၃၀၈ လုံးနဲ့ ကရင်ပြည်နယ်က ၇၈၂ လုံး စုစုပေါင်း ၁,၀၉၀ လုံး ရှိပြီး အဲဒီအထဲက ၉၆၂ လုံးကို ဖြိုချဖျက်ဆီးပြီးပြီလို့ ထုတ်ပြန်ထားပါတယ်။
