စစ်တပ်ခန့်အစိုးရရဲ့ တရားဝင်ပြန်ကြားရေးဝန်ကြီးဌာနက မေလ ၁ ရက်ကနေ ၂၂ ရက်အထိ ထုတ်ပြန်ချက် တွေအရ မြန်မာနိုင်ငံအတွင်း “ကျားဖြန့်” အွန်လိုင်းငွေလိမ် လောင်းကစား နဲ့ ဖမ်းဆီးခံထားရသူ အများစုဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး ၃ ပတ်အတွင်း ၄၃၇ ဦးရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံသား ၂ ယောက်၊ နီပေါနိုင်ငံသား ၁ ယောက်၊ ဘူရွန်ဒီနိုင်ငံသား ၉ ယောက်၊ ကင်ညာနိုင်ငံသား ၈ ယောက်၊ ယူဂန်ဒါ နိုင်ငံသား ၄ ယောက်၊ သီရိလင်္ကာနို င်ငံသား ၃ ယောက်နဲ့ ဗီယက်နမ်နိုင်ငံသား ၁ ယောက်လည်း ပါဝင်ပါတယ်။
နိုင်ငံအမည် တိတိကျကျမဖော်ပြဘဲ “ပြည်ပနိုင်ငံသား” သို့မဟုတ် “ပါဝင်ပတ်သက်သူ” ဆိုပြီး ဖော်ပြထားသူ အနည်းဆုံး ၆၂ ယောက်ရှိပါတယ်။ အများစုကို ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ် နယ်စပ်ဒေသတွေမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်ကနေ ၂၀၂၆ ခုနှစ် မေလ ၅ ရက်အထိ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပြည်ပနိုင်ငံသား တစ်သောင်းလေးထောင်ကျော် ရှိတယ်လို့ သိရပါတယ်။
ထုတ်ပြန်ချက်တွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်ကနေ ၂၀၂၆ ခုနှစ် မေလ ၅ ရက်အထိ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပြည်ပနိုင်ငံသား ၁၄,၆၃၄ ဦး ထဲက ၁၃,၄၂၂ ဦး ကို သက်ဆိုင်ရာနိုင်ငံတွေထံ ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပေမယ့် ဘယ်နိုင်ငံသား ဘယ်နှယောက်ဆိုတဲ့ အသေးစိတ်စာရင်းကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။
အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံ၊ ကရင်ပြည်နယ် မြဝတီမြို့နယ် ကျောက်ခက် ကျားဖြန့်ကွန်ရက်ကို ဖြိုခွဲနိုင်မယ့် သတင်းအချက်အလက်ပေးသူကို ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးပေးမယ်လို့ ကြေညာ ထားတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့် ) တွေကို အရေးယူနှိမ်နင်းမယ့် ဥပဒေကြမ်းတစ်ရပ်ကိုလည်း စစ်တပ်ခန့်အစိုးရက ပြဋ္ဌာန်းဖို့ ပြင်ဆင်နေပါတယ်။
ကျားဖြန့်လုပ်ငန်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ နိုင်ငံရေးလေ့လာသူတစ်ဦးကတော့ စစ်တပ်ဘက်က ကျားဖြန့်တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်းဖို့ပြင်ဆင်လာတာက အမေရိကန်နဲ့ တရုတ်တို့ရဲ့ဖိအားတွေ ကြောင့်ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“တရုတ်ဘက်က နယ်စပ်ကျားဖြန့်ကိစ္စတွေကို ဆက်တိုက်ဖိအားပေးနေတာရှိသလို အမေရိကန်ဘက်ကလည်း ဆုကြေးထုတ်ပြီး စုံစမ်းရေးတွေ လုပ်လာတဲ့အတွက် စစ်တပ်ဘက်က နိုင်ငံတကာဖိအားတွေကို တုံ့ပြန်တဲ့ပုံစံနဲ့ ကျားဖြန့်တွေကို ဖမ်းဆီးပြနေတာ၊ ပြီးတော့ ကျားဖြန့် ဥပဒေကို မြန်မြန်ဆန်ဆန် ပြဌာန်းနိုင်ဖို့ အရှိန်မြှင့်လာတာလို့ မြင်ပါတယ်”
အဲဒီ ဥပဒေကြမ်းမှာ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တွေ၊ လိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်သူတွေအပြင် တရားမဝင် ဘဏ်စာရင်းနဲ့ ဆင်းကတ်တွေရောင်းဝယ်စုဆောင်းသူတွေကိုပါ ပြစ်မှုအလိုက် ထောင်ဒဏ်နဲ့ သေဒဏ်အထိ ချမှတ် သွားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
