အချိုးအစားမမှန်တဲ့ ဗိုလ်ချုပ်ရုပ်တုတွေကို စီစစ်နေတယ်လို့ စစ်တပ်သမ္မတရုံးပြော

ပုံသဏ္ဍာန်နဲ့ အချိုးအစား မမှန်တဲ့ ရုပ်တုတွေကို ၁၉၆၂ ခုနှစ် သမိုင်းဝင်ပုဂ္ဂိုလ်တွေရဲ့ အထိမ်းအမှတ်မော်ကွန်း ဥပဒေအရ ပြန်စိစစ်ဆောင်ရွက်နေတာဟုဆို။

နိုင်ငံတစ်ဝန်းက ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေကို ဖယ်ရှားနေတာ မဟုတ်ဘဲအချိုးအစားမမှန်တဲ့ ရုပ်တုတွေကိုသာ ဥပဒေနဲ့အညီ ပြန်လည်စိစစ်ဆောင်ရွက်နေတာဖြစ်တယ်လို့ စစ်တပ်အသွင်ပြောင်း အစိုးရရဲ့သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ဇူလိုင်လ ၁၀ ရက်နေ့မှာ သူ့ရဲ့တယ်လီဂရမ်ကတဆင့် ထုတ်ပြန်ပါတယ်။

ပုံသဏ္ဍာန်နဲ့ အချိုးအစား မမှန်တဲ့ ရုပ်တုတွေကို ၁၉၆၂ ခုနှစ် သမိုင်းဝင်ပုဂ္ဂိုလ်တွေရဲ့ အထိမ်းအမှတ်မော်ကွန်း ဥပဒေအရ ပြန်စိစစ်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ဇူလိုင် ၁ဝရက်နေ့အထိ မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ စိစစ်ချက်တွေအရ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတချို့ဟာ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ ပုံသဏ္ဍာန်၊ အချိုးအစားနဲ့ အနုပညာဖော်ပြမှုတွေအရ မလျော်ညီတဲ့ အနေအထားတွေကို တွေ့ရှိခဲ့ရတယ်လို့ ပြောထားပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ဖို့၊ အထိမ်းအမှတ်ရုပ်တုတွေကို အရိုအသေမဲ့သလို မဖြစ်စေဖိုနဲ့ မြန်မာ့သမိုင်းအမွေအနှစ်တွေကို နောင်လာနောက်သားတွေ မှန်ကန်သင့်လျော်တဲ့ ပုံစံနဲ့ ဆက်လက်လေ့လာနိုင်ဖို ရည်ရွယ်ချက်နဲ့ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်တွေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က နိုင်ငံတစ်ဝန်း စိုက်ထူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေကို စစ်တပ်က ဖျက်ဆီးရှင်းလင်းနေတာ အခုဆိုရင် ၁၅ ခုထက်မနည်းရှိနေပြီလို့ နိုင်ငံရေးအသိုင်းအဝိုင်းတွေက RFA ကိုပြောထားပါတယ်။

စစ်တပ်အစိုးရက NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်အောင်ဆန်း ပုံရိပ်ကို သမိုင်းဖျောက်ဖို့ ကြိုးစားနေတာလို့ သာယာဝတီမြို့နယ် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် ပါတီဝင် တစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ NLD လက်ထက်က လုပ်ခဲ့သမျှ ဗိုလ်ချုပ်ပုံတွေ၊ အမေစုပုံတွေ၊ NLD ပုံရိပ်တွေ၊ ကျွန်တော်တို့ မြို့နယ် NLD ရုံးဆိုရင်လည်း ဒီလိုပဲ လာချိတ်ပိတ်တယ်။ အဲဒီမှာရှိတဲ့ ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့တဲ့၊ ကျွန်တော် ကိုယ်တိုင်ထားခဲ့တဲ့ ဗိုလ်ချုပ်ပုံအကြီးတွေ သူတို့ကိုယ်တိုင် ဖြုတ်ယူသွားကြတာပဲလေ။ အမေစုပုံတွေ သူတို့ အကုန်ဖြုတ်သွားတယ်။ အမေစုပုံတွေလည်း ရိုက်ချိုး ဖျက်ဆီးသွားတယ်။ သူတို့ လုပ်ချင်သလို လုပ်သွားကြတာ”

RFA က စုစည်းရရှိထားတဲ့အချက်အလက်တွေအရ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း၊ မန္တလေး စတဲ့နေရာတွေမှာရှိတဲ့ ဗိုလ်ချုပ်ရုပ်တုတွေ ဖယ်ရှားခံထားရတာဖြစ်ပါတယ်။

အခုလို ဗိုလ်ချုပ်ရုပ်တုတွေ ဖြိုချဖျက်ဆီးခံနေရတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ဒီလိုဖျက်ဆီးရာမှာ ပါဝင်သူတွေနဲ့ ညွှန်ကြားသူတွေဟာ အများပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာ၊ မြန်မာ့သမိုင်း၊ သင်္ကေတအထောက်အထားတွေနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ဖျက်ဆီးနေတာဖြစ်တဲ့အတွက် ထိရောက်စွာအရေးယူနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဇူလိုင် ၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။