ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ၁၀၇ လမ်းမှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေတပ်အရာရှိ ဗိုလ်မှူး စိုးသူရဝင်း နေအိမ်မှာ သြဂုတ် ၂၂ ရက် ညနေ ၆ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ မြို့ပြပြောက်ကျားအဖွဲ့က RFA ကို အတည်ပြုပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီး မကြာခင် မင်္ဂလာတောင်ညွန့်မြို့နယ်ရဲစခန်းက ရဲကားနှစ်စီး အခင်းဖြစ်နေရာကို ရောက်လာပြီး လမ်းပိတ်ဆို့ စစ်ဆေးခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့က ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် နေအိမ်နဲ့ မော်တော်ယာဉ် ပျက်စီးမှုရှိပေမဲ့ လူထိခိုက်မှုရှိ၊ မရှိကိုတော့ လတ်တလော အတည်မပြုနိုင်သေးဘူးလို့လည်း ပြောပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း ပေါက်ကွဲသံက ပြင်းတယ်လို့ RFA ကို ပြောပါတယ်။
“ဗုံးရဲ့ ပေါက်ကွဲသံက တော်တော်ပြင်းတယ်။ ကားရော အိမ်ပါ တော်တော်ထိသွားတယ်လို့ ပြောပါတယ်”
ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့အဖွဲ့ကတော့ လုံခြုံရေးအခြေအနေကြောင့် အဖွဲ့အမည်ကို အခုအချိန်မှာ ထုတ်ဖော်ပြောဆိုမှာ မဟုတ်သေးဘဲ “လုံခြုံရေးအရ အမည်မဖော်လိုသေးတဲ့ မြို့ပြပြောက်ကျားအဖွဲ့” လို့သာ ပြောဆိုနိုင်သေးတယ်လို့ RFA ကို ပြောပါတယ်။ ပတ်ဝန်းကျင် လူသွားလာမှုနဲ့ အချိန်ပိုင်းအခြေအနေတွေကို ကြည့်ရှုပြီး အရပ်သားထိခိုက်မှုကို အနည်းဆုံးဖြစ်စေဖို့ စီစဉ်ခဲ့တာလို့လည်း အဲဒီအဖွဲ့က ဆိုပါတယ်။
ဗိုလ်မှူး စိုးသူရဝင်းဟာ မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှာ စစ်ဦးစီးအရာရှိ ဒုတိယတန်း (GSO-2 – General Staff Officer Grade 2) တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့က RFA ကို အတည်ပြုပြောပါတယ်။
“ဗိုလ်မှူး စိုးသူရဝင်းရဲ့ ကိုယ်ရေးအချက်အလက်၊ ရာထူးနဲ့ လက်ရှိတာဝန်တွေကို လေတပ် CDM တပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်အတွင်း သတင်းပေးသူတွေဆီက ရရှိတဲ့အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးထားတာမို့ သူဟာ မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သူပါ။ မမှားပါဘူး။ သူ့ကိုယ်ပိုင်နံပါတ် (လေ ၃၂၇၃) နဲ့ သူ့မိသားစုစာရင်း၊ သူ့မိန်းမ ဒေါ်မိုးမိုးဦးဆိုတဲ့ နာမည်တွေကအစ အတိအကျသတင်းရထားတာပါ”
ဒီတိုက်ခိုက်မှုဟာ မြန်မာနိုင်ငံတစ်ဝန်းက စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ ကယားတို့မှာ စစ်တပ်ခန့်အစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တတ်နိုင်တဲ့နည်းလမ်းနဲ့ တုံ့ပြန်တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
ဒါပေမဲ့ ဗိုလ်မှူး စိုးသူရဝင်းဟာ မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှာ GSO-2 တာဝန်ထမ်းဆောင်နေတယ် ဆိုတဲ့ အချက်ကိုတော့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
