မြန်မာပြည်ရဲ့ “စပါးကျီ” လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဧရာဝတီတိုင်းမှာ လယ်သမားတွေအပါအဝင် အခြေခံမိသားစုတွေဟာ ဆန်ကောင်းမစားနိုင်တော့ဘဲ ဈေးသက်သာတဲ့ ဆန်ကွဲကို စားနေကြရပါပြီ။
ဘိုကလေးမြို့နယ်၊ ကြိမ်ကျောင်းဖျားရွာက ကိုသော်ဇင်ဦးတို့ မိသားစုလည်း အဲဒီအထဲမှာ ပါဝင်ပါတယ်။
“ကျန်တဲ့နှစ်တွေက ကျွန်တော်တို့ အကြမ်းဆန်လောက် စားတာပေါ့။ ငစိန်ဆန်တို့ ဘာတို့။ အဲဒီလောက်တော့ စားတယ်။ ထမင်းကတော့ အဲဒီအတိုင်းပဲ။ တခါတလေ ရှာဖွေနေရင်းနဲ့ ကြပ်တဲ့အခါတွေလည်း ရှိတယ်။ အများဆုံးပေါ့။ ကလေးတွေ ကျောင်းသွားတဲ့အခါ ထမင်းချိုင့် မပါတာလည်း များတယ်ပေါ့”
အသက် ၃၅ နှစ်အရွယ် ကိုသော်ဇင်ဦးတို့ဇနီးမောင်နှံဟာ လယ်စားရင်းငှားလုပ်တာ၊ ဂဏန်းထောင် တာအပါအဝင် ရရာအလုပ်လုပ်ပြီး မိသားစုခြောက်ယောက်ရဲ့ စားဝတ်နေရေးကို ဖြေရှင်းနေကြ တာပါ။
အိမ်ခြေ ၆၀ ဝန်းကျင်ရှိတဲ့ ကြိမ်ကျောင်းဖျားရွာမှာ ဝမ်းစာစပါးမထားနိုင်တဲ့ လယ်သမားတွေနဲ့ အခြေခံလက်လုပ်လက်စားမိသားစုတွေဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ဈေးသက်သာတဲ့ ဆန်ကွဲကို ပြောင်းစားလာကြတယ်လို့ ပြောပါတယ်။
လက်ရှိ အဲဒီဒေသမှာ ဆန်ချောတစ်ပြည်ကို ကျပ် ၆,၀၀၀ ကနေ ၇,၀၀၀ ဝန်းကျင်ရှိပြီး ဆန်ကွဲ တစ်ပြည်ကိုတော့ ၄,၀၀၀ ဝန်းကျင် ရှိပါတယ်။
အသက် ၅၀ ကျော်အရွယ် ဦးကျော်ထွန်းဦးဟာ မိဘပိုင် လယ် ၁၀ ဧကကို သီးစားလုပ်ကိုင်နေတာ ဖြစ်ပေမဲ့ လယ်သမားတစ်ယောက်ဖြစ်တဲ့ သူ့မှာ မိသားစုစားဖို့ ဝမ်းစာစပါး မထားနိုင်ပါဘူး။
“လယ်သာလုပ်နေရတာ ဆယ့်နှစ်ရာသီ ဝယ်စားနေရတာ။ စားတာကတော့ ကျွန်တော်တို့ လောလော ဆယ် ဆန်လတ်ဝယ်စားနေရတယ်။ ဆန်ကောင်းမှ မစားနိုင်တာ၊ ဆန်လတ်ပဲ စားရတာပဲ။ ဗိုက်ပြည့်ဖို့ ပဲ လောလောဆယ်ကတော့”
စပါးစိုက်တဲ့ လယ်သမားတစ်ယောက်က ဆန်ကွဲဝယ်စားနေရတဲ့အခြေအနေဟာ အဲဒီရွာက မိသားစုတချို့ ကြုံနေရတဲ့အကျပ်အတည်းကို ထင်ဟပ်နေပါတယ်။
မျိုးနှုတ်၊ ကောက်စိုက်အလုပ်တွေလုပ်ပြီး ဝင်ငွေရှာနေတဲ့ အသက် ၆၈ နှစ်အရွယ် ဒေါ်လှဌေးတို့ မိသားစုကတော့ အခုဆို ဆန်ကွဲကိုတောင် ဝဝလင်လင်စားနိုင်ဖို့ ခက်ခဲနေပါတယ်။
“တခါတလေ မလောက်လို့ မစားရဘူး။ ငယ်တဲ့သူတွေကို ကျွေးပြီးတော့ ကိုယ်က အကြီးဆုံးဖြစ်တော့ ညှာကျွေးရတာ”
မိသားစုခြောက်ဦးရှိတဲ့ ဒေါ်သက်သက်အေးတို့ အခြေအနေကလည်း သိပ်မကွာပါဘူး။
“ကုန်ဈေးနှုန်းကတော့ အမြဲကြီးနေတာပါပဲ။ ကျတယ်လို့ကို မရှိဘူး။ အိမ်မှာက တစ်နေ့ကို အကုန်လုံး ဆို နှစ်သောင်းခွဲ သုံးသောင်းလောက်ရှိမှ အဆင်ပြေတယ်။ ရတာက တစ်နေ့မှ တစ်သောင်းကျော်ဖိုး၊ တစ်သောင်းဖိုးပဲ ရတာ။ အဲဒီအခါကျတော့ အဆင်မပြေဘူး”
ဒေသခံတွေရဲ့ ဝင်ငွေက နေ့စဉ်အသုံးစရိတ်လောက်ငှဖို့ မမီတဲ့အချိန်မှာ ဆန်အပါအဝင် အခြေခံစား သောက်ကုန်ဈေးနဲ့ သယ်ယူပို့ဆောင်ရေးစရိတ်တွေက အဆမတန်မြင့်တက်နေပါတယ်။ ဒါကြောင့် မိသားစုတစ်နေ့တာ ဗိုက်ပြည့်ဖို့က ပိုအရေးကြီးတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။
