လေးမြို့မြစ်လှေဆိပ် ဗုံးကြဲခံရလို့ ဒေသခံ ကိုးဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ

ဗုံးကြဲခံရတဲ့နေရာဟာ ရခိုင်ပြည်နယ်ထဲကို ကုန်စည်စီးဆင်းဖို့အတွက် အရေးပါတဲ့ နေရာတစ်ခုဖြစ်။

ချင်းပြည်နယ် ပလက်၀မြို့နယ်က လေးမြို့မြစ်ဘေး ပီချောင်းဆုံ ကုန်သွယ်ရေး လှေဆိပ်ကို စစ်တပ်က အောက်တိုဘာလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ကိုးဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဗုံးကြဲခံရတဲ့နေရာဟာ ရခိုင်ပြည်နယ်ထဲကို ကုန်စည်စီးဆင်းဖို့အတွက် အရေးပါတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ပလက်၀ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုဗုံးကြဲခံရတဲ့ နေရာက စစ်ကိုင်းနဲ့ချင်း(ပလက်ဝ)အစပ်ပေါ့။ လေးမြို့ချောင်းဖျားမှာရှိတယ်။ ဆောဘက်ကနေ ရခိုင်ကိုကုန်သယ်ယူရာမှာ တစ်ထောက်နားတဲ့နေရာပေါ့။ ရခိုင်ကိုသွားမဲ့ကုန်တွေဆို အဲဒီလှေဆိပ်မှာ နားကြတယ်။ ရွှေ့ကြ ပြောင်းကြတယ်။ လှေသမားတွေ၊ ကုန်ထမ်းသမားတွေနဲ့ ကုန်သည်တွေ သေဆုံးထိခိုက်တာပါ။ နေ့လယ် လူစည်တဲ့အချိန် လှေတွေဆိုက်တဲ့အချိန်ကို တမင် ရွေးပြီးပစ်တယ်လို့ ပြောလို့ရတယ်”

ဒီတိုက်ခိုက်မှုအတွင်း ဘွေလောင်းရွာက အသက် ၃၃ နှစ်အရွယ် ဒေါ်နှယ်ထန်း၊ ချိုင်စနူးရွာက အသက် ၅၅ နှစ်အရွယ် ဒေါ်ရိန်းနိုင်၊ သံထောင်ရွာက အသက် ၄၀ အရွယ် ဦးချိန်စုန်၊ အသက် ၃၈ နှစ်အရွယ် ဒေါ်အေးမျိုး၊ အသက် ၄၀ အရွယ် ဒေါ်ကြည်ကြည်၊ အသက် ၃၆ နှစ်အရွယ် ဦးသက်ဇော်လင်း၊ အသက် ၃၅ နှစ်အရွယ် ဦးတင်လှ၊ အသက် ၄၁ နှစ်အရွယ် ဦးခင့်နိုင် နဲ့ အသက်ခြောက်လသားအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ အဲဒီဒေသမှာလှုပ်ရှားနေတဲ့ ချင်းပြည်သူ့တပ်မတော် (CPA) က အောက်တိုဘာလ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ချိုင်စနူးရွာက အသက် ၂၀ အရွယ် မမှိတ်ဘူး၊ အသက် ၄၈ နှစ်အရွယ် ဦးခွီရှိန်း၊ အသက် ၄၉ နှစ်အရွယ် ဒေါ်မင်ဘူး၊ ကိုဖေကြီးရွာက အသက် ၃၇ နှစ်အရွယ် ဦးလုံးစို၊ ကန်ပတ်လက်မြို့နယ် မကြားအိမ်နူးရွာက အသက် ၆၅ နှစ်အရွယ် ဦးဖွေကီး တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတဲ့ ပီချောင်းဆုံ ကုန်သွယ်ရေးလှေဆိပ်ကို ယာယီပိတ်ထားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်တပ်ခန့်အစိုးရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ဦးနေလင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

စစ်တပ်ကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာတော့ ပီချောင်းဆုံနေရာဟာ မကွေးတိုင်းကနေ AA ထိန်းချုပ်တဲ့ ရခိုင်ဒေသကို ကုန်စည် စီးဆင်းမှုမှာ အရေးပါတဲ့အတွက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ရေးသားကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်ကလည်း AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က အိန္ဒိယစျေး နဲ့ ကစ္ဆပနဒီတံတားကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅၀ ဦး သေဆုံးခဲ့ပြီး ၅၇ ဦးဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုရှိတဲ့အထဲက စစ်တွေ၊ ကျောက်ဖြူ နဲ့ မာန်အောင် သုံးမြို့နယ်ကလွဲပြီး ကျန် ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းက ပလက်၀မြို့ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။