CI မလိုဘဲ တရားဝင်နေထိုင်အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းရောက် မြန်မာလုပ်သားတွေ တောင်းဆို

အွန်လိုင်းကတစ်ဆင့်ပြုလုပ်တဲ့ ဒီလှုပ်ရှားမှုမှာ မြန်မာအလုပ်သမား တစ်သောင်းခွဲနီးပါး ပါဝင်လာ။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် မည်သူမည်ဝါ ဖြစ်ကြောင်းထောက်ခံချက် (Certificate of Identity – CI) စာအုပ်မလိုဘဲ ပန်းရောင်ကတ်နဲ့ တရားဝင် နေထိုင်အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရဆီတောင်းဆိုတဲ့ လုပ်ရှားမှုကို အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အွန်လိုင်းကတစ်ဆင့်ပြုလုပ်တဲ့ ဒီလှုပ်ရှားမှုမှာ မြန်မာအလုပ်သမား တစ်သောင်းခွဲနီးပါး ပါဝင်လာတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT) ဦးဆောင်သူတွေက RFA ကိုပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးကတော့ စစ်တပ်ခန့်အစိုးရဆီ အခွန်မပေးချင်သလို CI နဲ့ ပတ်စ်စပို့လုပ်ရတဲ့ လုပ်ငန်းစဉ်တွေ ခက်ခဲတာနဲ့ ကုန်ကျစရိတ်များတာတွေကြောင့် အခုလိုတောင်းဆိုတာလို့ RFA ကို ပြောပါတယ်။

“အဓိကကတော့ စစ်တပ်ကို ပေးဆောင်ရတဲ့အခွန်တွေကို မပေးဆောင်ချင်တာပဲ။ နောက်ပြီး အလုပ်သမားဗီဇာကို CI, Passport တွေနဲ့ တွဲကိုင်ရတာ ပိုပြီးအလုပ်များတယ်။ ထိုင်းဘဏ်ဖွင့်တာ၊ လိုင်စင်လုပ်တာက အစ မြန်မာသံရုံးကိုသွားပြီး ခဏခဏထောက်ခံစာတွေတောင်းရတယ်။ ထောက်ခံစာတခါတောင်းတိုင်း ပိုက်ဆံတွေလည်းအရမ်းကုန်တယ်။ အခု CI နဲ့ Passport တွေမပါပဲ ပန်းရောင်ကတ်တစ်ခုတည်းနဲ့ဆိုရင် ကုန်ကျ စရိတ်လည်းအစစအရာရာသက်သာသွားမှာပေါ့”

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ရဖို့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေ မြန်မာစစ်တပ်ခန့်အစိုးရဆီမှာ CI စာအုပ် မဖြစ်မနေ လုပ်ရတာကနေ ကင်းလွတ်ခွင့်ရဖို့၊ ပန်းရောင်ကတ်နဲ့ အလုပ်လုပ်ခွင့်(Work Permit)ကတ်ကို အသုံးပြုပြီး တရားဝင်အလုပ်လုပ်ခွင့်ရဖို့၊ ဗီဇာမရှိသူတွေကို အလုပ်လုပ်ခွင့် သက်တမ်းတိုးခွင့်ပြုဖို့နဲ့ ပန်းရောင်ကတ်ကို အခြေခံပြီး တရားဝင်နေထိုင်ခွင့်ပြုဖို့ အချက်တွေကို တောင်းဆိုနေတာ ဖြစ်ပါတယ်။

စစ်တပ်ခန့်အစိုးရက ထိုင်းနိုင်ငံ စမွတ်စခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီ ခရိုင်တွေမှာ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံချက်(CI) ပြုလုပ်ပေးတဲ့ ဌာနတွေဖွင့်ထားပါတယ်။

အလုပ်သမားတွေဟာ ဒီစာအုပ်ရဖို့ တစ်နှစ်စာ အခွန် ဘတ် ၁,၈၀၀ နဲ့ CI စာအုပ်ဖိုး ၂,၆၆၀ ဘတ် ကုန်ကျပါတယ်။

ဒါ့အပြင် လုပ်ခလစာ သုံးလစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုဆီလွှဲပြောင်းပေးထားကြောင်း အထောက်အထားကိုလည်း တင်ပြရပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT)မှာပါဝင်တဲ့ ကိုနောင်နောင် ကတော့ မြန်မာအလုပ်သမားတွေရဲ့တောင်းဆိုမှုတွေကို ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ လွှတ်တော်အထိတင်ပြမယ်လို့ RFA ကိုပြောပါတယ်။

“ဒီကနေမှတစ်ဆင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ လွှတ်တော်အထိတင်ပြပြီး အလုပ်သမားတွေအတွက် ငွေကုန်ကြေးကျသက်သာသွားမှာပေါ့။ စစ်တပ်ဆီမှာ CI စာအုပ်လုပ်ရတာ အလုပ်သမားတွေအတွက် ကိုယ်ရေးအချက်အလက်တွေအကုန်ပေးရတယ်၊ နောက်ပိုင်း စစ်မှုထမ်းဥပဒေနဲ့ညှိစွန်းတဲ့သူတွေ အကုန်ပါသွားမှာကိုလည်းစိုးရိမ်ရတယ်”

နိုင်ငံကူးလက်မှတ်မရှိတဲ့ ထိုင်းနိုင်ငံရောက် မြန်မာတွေကို စစ်တပ်ခန့်အစိုးရက ကနဦးအနေနဲ့ မည်သူ မည်ဝါဖြစ်ကြောင်း ထောက်ခံချက် Certificate of Identity – CI ကိုထုတ်ပေးပြီး အဲဒီစာအုပ်ရှိမှ နိုင်ငံကူးလက်မှတ်ကို ထပ်မံထုတ်ပေးတာ ဖြစ်ပါတယ်။