တရုတ်မြန်မာနယ်စပ် ကိုးကန့်အထူးအုပ်ချုပ်ခွင့်ရ လောက်ကိုင်ဒေသမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ မိသားစုဂိုဏ်းလေးဂိုဏ်းထဲက ဝေမိသားစုဂိုဏ်းအကြီးအကဲတစ်ဦးဖြစ်တဲ့ ကိုးကန့် ပြည်သူ့စစ်အကြီးအကဲ ဗိုလ်မှုးကြီးဟောင်း ဝေစန်း ခေါ် ဝေဟွိုင်းရန် (Wei Huairen) ၊ ချန်ဒါဝေ(Chen Dawei) နဲ့ လျောင်ကျင်းဖန်း (Liao Jingfang) တို့ သုံးဦးကို တရုတ်နိုင်ငံ ဖူကျန်ပြည်နယ် ကွမ်ကျိုးမြို့ ပြည်နယ်အဆင့် ပြည်သူ့ တရားရုံးနဲ့ နန်အန်းမြို့ ပြည်သူ့တရားရုံးတို့က အောက်တိုဘာ ၁၃ ရက်နေ့မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။
သူတို့ သုံးဦးဟာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး ကျားဖြန့်ငွေလိမ်လုပ်ငန်း၊ လောင်းကစားလုပ်ငန်း၊ အတင်းကြပ်ငွေတောင်းခံမှု၊ ပြည့်တန်ဆာလုပ်ငန်း၊ မူးယစ်လုပ်ငန်းနဲ့ နယ်စပ်ဖြတ် ရာဇဝတ်မှုများ ကျူးလွန်မှုတွေနဲ့ ပြစ်မှုထင်ရှားကြောင်း စီရင်ချပြီး အခုလို သေဒဏ်ပေးလိုက်တာဖြစ်တယ်လို့ တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေက ကြေညာထားပါတယ်။
သူတို့ သုံးဦးအပြင် ဝေမိသားစု ဂိုဏ်းဝင်၊ ကျန် ၅၅ ဦးကိုလည်း ထောင်ဒဏ် ၃ နှစ်ကနေ ၂၄ နှစ်အထိ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလူအများစုဟာ မြန်မာဘက်က ဖမ်းဆီးလွှဲပြောင်းပေးခဲ့သူတွေဖြစ်ပါတယ်။
ဝေမိသားစု ကျူးလွန်ခဲ့တဲ့ ပစ်မှုတွေကြောင့် တရုတ်နိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှု ငွေကြေး ယွမ်ငွေ ၁၂ ဘီလီယံကျော်ဆုံးရှုံး ခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် (ကျားဖြန့်) လုပ်ငန်းမှာ အမိန့်မလိုက်နာတဲ့ သူတွေ သတ်ဖြတ်ခဲ့တဲ့အတွက် တရုတ်နိုင်ငံသား နှစ်ဦး သေဆုံးခဲ့ရတယ်လို့လည်း တရုတ်တရားရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနဲ့ တရုတ်နိုင်ငံနယ်စပ် ကိုးကန့်ဒေသက ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ရပ်တန့်ဖို့ တရုတ် အစိုးရက ကိုးကန့်မိသားစုလေးခုကို သုံးကြိမ်တိုင်တိုင် တိုက်တွန်းခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာတွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့က ထုတ်လွှင့်တဲ့ မှတ်တမ်းရုပ်သံစီးစီးမှာ ဖော်ပြခဲ့ပါတယ်။

တရုတ်အစိုးရအာဏာပိုင်တွေဟာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်ခဲ့ကြတဲ့ တရုတ်မြန်မာနယ်စပ် ကိုးကန့်ဒေသအခြေစိုက် မာဖီးယန်းဆန်ဆန် မိသားစုကြီး လေးစုက အကြီးအကဲတွေနဲ့အပေါင်းအပါတွေကို တရုတ်အဆင့်မြင့်တရားရုံးတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်နဲ့ ဖေဖော်ဝါရီလဆန်းတွင်းမှာ အစုလိုက် သေဒဏ်ပေး စီရင်ခဲ့တယ်လို့ တရုတ်အစိုးရသတင်းဌာနတွေကို ကြေညာခဲ့ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမြီရှောက်ချန်း(Ming Xuechang)ရဲ့ သားနဲ့မြေး အပါအဝင် မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်ရာမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ဂိုဏ်းသား ၁၁ ဦးကို ဇန်နဝါရီလ ၂၉ ရက်နေ့က သေဒဏ်ပေးကွပ်မျက်လိုက်ပြီဟု တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတွေက ကြေညာခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ကိုးကန့် ပယ်မိသားစုက မြန်မာစစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးပယ်ဆောက်ချိန် (Bai Suocheng)ရဲ့ သား ပယ်ရင်ဆန်း (Bai Yingcang) ခေါ် ဦးခင်မောင်ဝင်းနဲ့ တခြား ၃ ဦးအပါအဝင် ၁၆ ဦး သေဒဏ်ပေးကွပ်မျက်ခံခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ် ကိုးကန့်ဒေသမှာ အခြေစိုက်တဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ မိသားစု လေးစုထဲက မြီနဲ့ ပယ်မိသားစုနှစ်ခုနဲ့ပတ်သက်တဲ့ အမှုတွဲအားလုံးကို အဆုံးသတ်စီရင်ပြီး လူ ၁၆ ဦးကို သေဒဏ်ပေးခဲ့ပြီး ဖြစ်တယ်လို့ တရုတ်အစိုးရ ဗဟိုပြည်သူ့တရားရုံး (SPC)က သတင်းထုတ်ပြန်ခဲ့ပါတယ်။
