သဖန်းဆိပ်ဆည်ထဲက ရွှေမျောတွေကို စစ်တပ် ဘာကြောင့်ပစ်မှတ်ထားလဲ

လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် NUG လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို အခွန်ပေးရ။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ထဲမှာ ရွှေတူးနေတဲ့ဖောင်တွေကို စစ်တပ်က လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်တာဟာ တော်လှန်ရေး အင်အားစုတွေအတွက် ဝင်ငွေရလမ်း တစ်ခုဖြစ်နေတာကြောင့်လို့ ဒေသခံတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အဲဒီရွှေမျောလုပ်ငန်းတွေဟာ တရားဝင်လုပ်ကိုင်ခွင့်ပြုထားတာမဟုတ်ပေမဲ့ စစ်တပ်အာဏာမသိမ်းခင် ကတည်းက အခွန်ဆောင်ပြီး လုပ်ခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုနောက်ပိုင်းမှာတော့ လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် NUG လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို အခွန်ပေးရတယ်လို့ လုပ်ငန်းရှင်တစ်ယောက်က RFA ကို စာနဲ့ပေးပို့ဖြေကြားပါတယ်။

ရွှေမျောတွေဟာ တော်လှန်ရေးအင်အားစုတွေအတွက် ဝင်ငွေရလမ်းတစ်ခုဖြစ်နေတာကြောင့် စစ်တပ်က အဲဒီဝင်ငွေရလမ်းကို ဖြတ်တောက်ဖို့ ရည်ရွယ်ပြီး တိုက်ခိုက်ဖျက်ဆီးနေတာလို့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းက ကိုစိုးဝင်းဆွေ က သုံးသပ်ပါတယ်။

“တော်လှန်ရေးအင်အားစုတွေရဲ့ အဓိက ထောက်ပို့ဝင်ငွေရလမ်းတွေကို အကြမ်းဖက်စစ်ကောင်စီက ဖြတ်တောက်လိုတဲ့သဘောလို့ ကျွန်တော်ထင်ပါတယ်။ ဒါက ရွှေအများကြီးထွက်တဲ့ သဖန်းဆိပ်ဆည် ဘက်မှာတင်မဟုတ်ဘူး၊ တခြား ချင်းတွင်းမြစ်ကြောင်းမှာရှိတဲ့ ရွှေမျောတွေတို့ မြိုင်နယ်တို့ ပေါက်နယ် တို့ဘက်မှာရှိတဲ့ ရေနံကြောတွေတို့ပေါ့ဗျာ။ ဒီလိုနေရာတွေက တော်လှန်ရေးအင်အားစုတွေအတွက် ဝင်ငွေရ လမ်းဖြစ်တယ်ဆိုတဲ့ ကောက်ချက်နဲ့ အကြမ်းဖက်စစ်တပ်က မြေပြင်ဝင်လို့ ရသလောက်ဝင်တယ်ပေါ့ဗျာ။ မရရင်လည်း လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာ ရှိပါတယ်”

ရွှေမျောဖောင်လုပ်တဲ့သူတွေအခွန်ပေးရတယ်ဆိုတာနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာတူးခေါင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမရှိပါဘူး။

သဖန်းဆိပ်ဆည်နေရာတော်တော်များများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားပြီး၊ စစ်ကောင်စီတပ်က ဆည်ရေထွက်ပေါက်နေရာတချို့ကိုပဲ ထိန်းချုပ်ထားနိုင်တယ်လို့ ကန့်ဘလူမြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က RFA ကိုပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရွှေမျောဖောင်တွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အဲဒီမှာအလုပ်လုပ်တဲ့သူတွေဟာ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်တယ်လို့ ကောလင်းဒေသခံ တစ်ယောက်က RFA ကိုပြောပါတယ်။

“အဓိကလုပ်တာကတော့ ကောလင်းဘက်က ကောလင်းလည်း အခုလုပ်နေကြတယ်။ ကောလင်း၊ ဝန်းသို၊ ကန့်ဘလူ၊ ကျွန်းလှ အဲဒီဘက်ကလူတွေတော်တော်များများရွှေလုပ်ကြတယ်။ အကုန်လုံးက အခွန်နဲ့သွားနေကြတာ။ ဒါ တရားဝင် ခွင့်မပြုထားဘူး။ ဒါပေမဲ့ နားလည်မှုနဲ့အကုန်လုံးက အခွန်ပေးပြီး လုပ်စားနေကြရတာ။ အနည်းနဲ့အများတော့ ပေးရတာပဲ”

သဖန်းဆိပ်ဆည်ထဲကက ရွှေမျောဖောင်တွေကို ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုမှာ ရွှေမျော လုပ်သား ၁၃ ယောက်သေဆုံးခဲ့ရပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေက ဗုံးကြဲတိုက်ခိုက်မှုမှာတော့ ရွှေဖောင် ၁၁ စီး မီးလောင်ပျက်စီးခဲ့သလို၊ သေဆုံးသူ ၃၀ ဝန်းကျင်နဲ့ ဒဏ်ရာရတဲ့သူ ၃၀ ဝန်းကျင်ရှိခဲ့ပါတယ်။

---