စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အနောက်ခြမ်း သဖန်းဆိပ်ဆည်အတွင်း တစ်နိုင်တစ်ပိုင် ရွှေတူးဖော်နေကြတဲ့ ရွှေမျောဖောင်တွေကို စစ်တပ်က အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ခြောက်ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။
အောက်တိုဘာ ၆ ရက်နေ့မှာလည်း အဲဒီနေရာကိုပဲ စစ်တပ်က သုံးကြိမ် ထပ်ပြီး ဗုံးကြဲခဲ့တယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနေ့ အောက်တိုဘာ ၆ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာလည်း ဟုမ္မလင်းလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက နေ့လယ် ၁၁ နာရီဝန်းကျင်မှာ လေကြောင်းကနေ သုံးကြိမ် တိုက်ခိုက်သွားတယ်။ မနေ့က တိုက်ခိုက်မှုမှာတင် ဗုံးကြဲခံရလို့ လူ ၆ ဦးထက်မနည်း သေဆုံးတယ်။ လောလောဆယ်အထိတော့ အတိအကျ မသိရသေးဘူး”
ဟုမ္မလင်းဘက်က တက်လာတဲ့ ဂျက်တိုက်လေယာဉ် လေးစင်းဟာ အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်မှာ သဖန်းဆိပ်ဆည်အတွင်းက ရွှေမျောဖောင်တွေကို တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာလည်း ထပ်ပြီးဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ရွှေမျောဖောင်တချို့ မီးလောင်ပျက်စီးခဲ့ပြီး မီးငြှိမ်းသတ်နေချိန်မှာပဲ ထပ်ပြီးဗုံးကြဲခံရတာလို့ ဆိုပါတယ်။
ဗုံးကြဲခံရတဲ့နေရာဟာ ဆည်အတွင်းမှာဖြစ်တာကြောင့် တိုက်ခိုက်မှုအပြီး ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ဆယ်ဖို့နဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေဖို့ အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့ တိုက်ခိုက်မှုမှာ ရွှေမျောဖောင် ၁၁ စီး မီးလောင်ပျက်စီးခဲ့သလို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ရေထဲပျောက်ဆုံးနေသူတွေ ရှိနေတဲ့အတွက် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။
RFA အနေနဲ့ ထိခိုက်သေဆုံးသူအရေအတွက်နဲ့ ပျက်စီးဆုံးရှုံးတဲ့အခြေအနေကို သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဒီလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ်ရဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
သဖန်းဆိပ်ဆည်အတွင်း ရွှေမျောလုပ်ငန်း လုပ်ကိုင်သူတွေထဲမှာ ကောလင်း၊ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တွေက ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ ပါဝင်ပြီး စားဝတ်နေရေးအတွက် ဝင်ရောက်လုပ်ကိုင်နေကြတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ကလည်း သဖန်းဆိပ်ဆည်အတွင်းက ရွှေမျောဖောင်တွေ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ရွှေမျောလုပ်ကိုင်သူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
