ရုရှားစစ်တပ်မှာ အတင်းအကြပ်စုဆောင်းခံထားရတဲ့သူတွေလွတ်အောင် မိသားစုကြိုးစားနေ

“ရုရှားစစ်တပ်ပိုင်တဲ့စက်ရုံတွေမှာ အလုပ်ရမယ်ဆိုတဲ့ အေဂျင်စီတွေရဲ့ မက်လုံးကြောင့်သူတို့ရဲ့သားတွေကို စေလွှတ်မိတာ”

ရန်ကုန်မြို့အခြေစိုက် ပြည်ပအလုပ်သမားအကျိုးဆောင်အေဂျင်စီတွေက ရုရှားနိုင်ငံ မော်စကိုမြို့ကို နိုဝင်ဘာလကုန်မှာ တရားဝင်ပို့လိုက်တဲ့ မြန်မာအလုပ်သမား ၄၀ ထဲက ၁၉ ဦးဟာ သူတို့ဆန္ဒမပါဘဲ ရုရှားစစ်တပ်ထဲမှာ အတင်းအကြပ်စုဆောင်းခံလိုက်ရတယ်လို့ ဒီအကြောင်းကိုသိထားတဲ့ အလုပ်သမားအရေးကူညီနေသူတွေက RFA ကိုပြောပါတယ်။

အဲဒီအထဲမှာကျန်နေတဲ့ ၂၁ ဦးလည်း စစ်သားစုဆောင်းရေးထဲအပို့ခံရမဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် မိဘတွေက သူတို့ရဲ့သားတွေအတွက်စိုးရိမ်နေပြီးမြန်မာနိုင်ငံကို အမြန်ဆုံးပြန်ရောက်အောင် အလုပ်သမားအရေးကူညီတဲ့အဖွဲ့အစည်းတချို့နဲ့ဆက်သွယ်ဆောင်ရွက်နေတာကို RFA ကကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။

ရုရှားကိုအလုပ်သမားပို့တဲ့အကျိုးဆောင်အေဂျင်စီတွေက တောင်ဥက္ကလာပမြို့နယ်အခြေစိုက် “မြတ်လင်းသစ်” ၊ မြောက်ဥက္ကလာပမြို့နယ်အခြေစိုက် “Top 1” နဲ့ ကမာရွတ်နဲ့ အင်းစိန်မြို့နယ်က“အေးလင်းလက်ထွဋ်” ဆိုတဲ့ အေဂျင်စီတွေဖြစ်တယ်လို့ သတင်းဌာနတွေကရေးသားကြသလို၊ မြန်မာလူငယ်တစ်ဦးကို ငွေကျပ် သိန်း ၁၅၅ သိန်းကနေ ၁၇၅ သိန်းအထိယူပြီး ရုရှားနိုင်ငံကိုပို့ဆောင်နေတာလို့သိရပါတယ်။ ရုရှားကိုရောက်တော့မှ စစ်သားစုဆောင်းရေးတပ်ကိုပို့လိုက်တာလို့ ဒီအကြောင်းကို သိထားတဲ့သူတွေက RFA ကိုပြောပါတယ်။

ဒီအေဂျင်စီတွေဟာစစ်တပ်ခန့်အစိုးရအောက်မှာ တရားဝင်မှတ်ပုံထားတာဖြစ်ပါတယ်။ ဒီ မြန်မာလုပ်သား ၄၀ ဦးကို စက်တင်ဘာလ ၂၈ ရက်နေ့က တာချီလိတ်မြို့နယ်ကနေတဆင့် ထိုင်းနိုင်ငံ၊ အဲဒီကနေတရုတ်နိုင်ငံကိုဖြတ်ပြီး ရုရှနိုင်ငံ မော်စကိုမြို့ကို လေကြောင်းကနေ ပို့လိုက်တာလို့ဆိုပါတယ်။

အဲဒီနောက် လူငယ် ၁၉ ဦးက ရုရှားနိုင်ငံ မော်စကိုမြို့ကနေ မိုင် ၃၈၀၀ကျော်ဝေးတဲ့ ချီတာမြို့ (Chita) ကိုအောက်တိုဘာလ ၃ ရက်နေ့မှာရောက်သွားပြီး ရုရှားရဲ့ စစ်သားအဖြစ်အကြောင်းရင်းအသေအချာမသိရဘဲ သိမ်းသွင်းခံရတာလို့ အလုပ်သမားအရေးဆောင်ရွက်သူတွေကပြောပါတယ်။

ရုရှားစစ်သားစုဆောင်းရေးထဲရောက်သွားတဲ့သူတွေကမော်စကိုမြို့မှာကျန်ခဲ့တဲ့သူတွေကို လိုက်မလာဖို့အကြောင်းကြားတဲ့အတွက် သိခဲ့တာလို့လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်ပအလုပ်သမားအရေးကူညီသူတစ်ဦးကပြောပါတယ်။

“အယောက် ၄၀ ရောက်သွားတယ်။ ၁၉ ဦးကို အရင်ဆုံး စပြီးတော့ သူတို့ခေါ်သွားတယ်ပေါ့။ ခေါ်သွားတဲ့အခါမှာဒီ ၁၉ ဦးကနေပြီး သူတို့အတူတူဖြစ်တဲ့အတွက် ကျန်ခဲ့တဲ့ မော်စကိုမှာရှိနေတဲ့ ၂၁ ဦးကိုလှမ်းအကြောင်းကြားလိုက်တယ်။ ဟာ ငါတို့တော့ ဒီစစ်တပ်ထဲရောက်နေပြီ၊စစ်မှုထမ်းရမယ်လို့ ပြောပြီဆိုတဲ့အချိန်ကျတော့မှ ဒီ ၂၁ ဦးကို သူတို့ကစာချုပ်ချုပ်ခိုင်းတာပေါ့နော်။ စာချုပ်ချုပ်ခိုင်းတဲ့အခါမှာ အဲဒီစာချုပ်ထဲမှာက ခုနကပြောသလိုပေါ့။ စစ်မှုထမ်းရမယ်ဆိုတာပါတဲ့အတွက် သူတို့ လုံးဝမလုပ်နိုင်ဘူးဆိုပြီးတော့ငြင်းဆိုတာပေါ့နော်။ အဲဒီတော့ အဓိကကတော့ ကော်နက်ရှင် (အဆက်အသွယ်) က သူတို့အချင်းချင်းကြားထဲမှာရှိကြတယ်”

ဒီလူငယ် ၄၀ဟာ ရန်ကုန်၊ ပဲခူးစတဲ့ နယ်စုံက လူငယ်တွေဖြစ်ပြီး “ရုရှားစစ်တပ်ပိုင်တဲ့စက်မှု အလုပ်ရုံတွေမှာ အလုပ်ရမယ်ဆိုတဲ့ အေဂျင်စီတွေရဲ့ မက်လုံးကြောင့်သူတို့ရဲ့သားတွေကို စေလွှတ်မိတာ” လို့ အကူအညီပေးနေတဲ့အလုပ်သမားအဖွဲ့တွေကိုမိသားစုတွေကပြောထားပါတယ်။

ဒါပေမယ့်သတင်းမီဒီယာကိုထုတ်ဖော်ပြောဆိုရင် သူတို့ရဲ့သားတွေအန္တရာယ်ဖြစ်မှာ စိုးရိမ်ကြတဲ့အတွက် လူချင်းတွေ့ဆုံပြီး ပြောဆိုဖွင့်ဟဖို့ ငြင်းကြပါတယ်။

ရုရှားနိုင်ငံမော်စကိုမြို့မှာရှိတဲ့ မြန်မာသံရုံးက ဒီကိစ္စကို ကနဦးစိစစ်နေတယ်လို့ ဒီအကြောင်းကိုသိထားတဲ့ ပြည်ပအလုပ်သမားကူညီသူနောက်တစ်ဦးက RFA ကိုပြောပါတယ်။

“စစ်မှုထမ်းဘာညာသူတို့ မသိဘူးလေ။ မသိတော့ သူတို့ကို ကုန်ထုတ်ဖို့ဆိုပြီးတော့ ဟိုဘက်ကခေါ် တော့သူတို့လည်း ပို့ပေးတာပေါ့။ သူတို့ တာချီလိတ်ကနေ လွှတ်ပေးလိုက်တာပေါ့။လွှတ်ပေးလိုက် တော့ ဟိုရောက်တော့မှ စစ်မှုထမ်းရမယ်ဆိုပြီး သူတို့ကိုစာချုပ်ချုပ်ခိုင်းမှ ကလေးတွေကလည်း သိတာ။ သံရုံးက ခေါ်ပြီးတော့ စစ်နေတယ်လို့ပဲကြားတယ်။ ဒီနေပြည်တော်တို့ ဘာတို့ကတော့ ကျွန်တော်တို့ မကြားသေးဘူး”

စစ်သားစုဆောင်းခံလိုက်ရတဲ့၁၉ ဦးထဲက လေးဦးဟာ ချီတာမြို့ကနေ မော်စကို မြန်မာသံရုံးကို ပြန်ရောက်နေပြီး ကျန်တဲ့ ၁၅ ဦးကတော့ ရုရှားစစ်သား စုဆောင်းရေး တပ်ထဲမှာပဲ ရှိနေသေးတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

အဲဒီအပြင်ရုရှားစစ်သားစုဆောင်းရေးတပ်ထဲဝင်ရမဲ့စာချုပ်ကို လက်မှတ်ထိုးဖို့ ငြင်းထားတဲ့ ၂၁ ဦးထဲမှာ ၅ ဦးက ထိုင်းနိုင်ငံကိုပြန်ရောက်လာပြီး ၁၆ ဦးက မော်စကိုမြို့မှာ ကျန်နေသေးတယ်လို့ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အဲဒီလူငယ်ငါးယောက် ထိုင်းနိုင်ငံကို အမှန်တကယ် ပြန်ရောက် မရောက်ဆိုတာ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီလို မြန်မာနိုင်ငံသားအယောက် ၄၀ ရုရှားနိုင်ငံမှာ အတင်းအကြပ်စစ်မှုထမ်းရမယ့်အရေးကြုံနေတဲ့ကိစ္စအတွက် မော်စကိုမြို့မှာရှိတဲ့မြန်မာသံရုံးကို RFAက အောက်တိုဘာလ ၁၁ ရက်မှာ အီးမေးလ်ကနေဆက်သွယ်မေးမြန်းထားပေမဲ့ အခုသတင်းထုတ်ပြန်တဲ့အချိန်အထိ အကြောင်းပြန်တာမရှိသေးပါဘူး။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးမြန်မာလုပ်သားတွေကို ရုရှားနိုင်ငံကိုစေလွှတ်ခဲ့တဲ့ မြတ်လင်းသစ် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကိုRFA က အောက်တိုဘာ ၁၁ ရက်နေ့က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။ ရုရှားစစ်သားစုဆောင်းရေးတပ်ထဲ မြန်မာအလုပ်သမားတွေစေလွှတ်ခဲ့တဲ့ နောက်ထပ် ကုမ္ပဏီနှစ်ခုက Top 1 နဲ့ အေးလင်းလက်ထွဋ် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေဖြစ်တယ်လို့ ခေတ်သစ်မီဒီယာက အောက်တိုဘာ ၁၁ ရက်မှာဖော်ပြပါတယ်။

ဒါကြောင့် Top 1 ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီကို RFA က ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ ဒါပေမဲ့ Top 1 အေဂျင်စီက သူတို့အနေနဲ့ ရုရှားကိုအလုပ်သမားပို့မထားဘူးလို့ ကုမ္ပဏီရဲ့ ဖေဆ်ဘွတ်စာမျက်နှာမှာ ခေတ်သစ်မီဒီယာရဲ့သတင်းကို တုန့်ပြန်ထားတာတွေ့ရပါတယ်။

အေးလင်းလက်ထွဋ်ကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူး ဦးကျော်စိုးနိုင်ကတော့ ဒီကိစ္စမှာ သူတို့ မပတ်သက်ဘူးလို့ RFA ကိုပြောပါတယ်။

“အလည(အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန)က အစ်ကိုတို့ကို ခေါ်မေးတော့မှာပေါ့။ ဟုတ်လား မဟုတ်လားဆိုတာ။ အမှန်မှာကတော့ အစ်ကိုတို့ကစာတင်ပြီးမှ အလုပ်လုပ်ရတဲ့အခါ ယောက်ျားလေးပို့လား၊ မပို့လားဆိုတာ ခေါ်မေးတော့မှာပေါ့။ အမှန်မှာ ငါတို့ပို့မှ မပို့ထားပဲနဲ့။ အစ်ကိုကတော့ ဟိုဘက်မှာ လက်ရှိ တရားဝင်ပို့တဲ့လမ်းစဉ်နဲ့ပဲ အစ်ကိုတို့ သွားတယ်။ ပြီးသွားလို့ရှိရင် ယောက်ျားလေးလည်း အစ်ကို တစ်ယောက်မှမပို့ဘူး။ မိန်းခလေး အယောက် ၂၀ နိုင်ငံတော်ကနေပြီးတော့ တရားဝင်စာရွက်စာတမ်းနဲ့ စမတ်ကတ်နဲ့ အယောက် ၂၀ ပဲ ပို့ထားသေးတယ်”

ရုရှားနိုင်ငံကိုလုပ်သားစေလွှတ်တဲ့အေဂျင်စီဟာ အနည်းစုပဲရှိပြီး အဲဒီလိုပို့နေတာတွေကလည်း စစ်တပ်ခန့်အစိုးရအောက်မှာ တရားဝင်ပို့နေတာလို့လုံခြုံရေးအရအမည်မဖော်လိုတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခု က RFA ကိုအောက်တိုဘာ ၉ ရက်ကပြောပါတယ်။

ရုရှားစစ်သားစုဆောင်းရေးကို အပို့ခံရတဲ့လူငယ်တွေဟာ မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကြုံးဝင်နေတဲ့ အသက် ၂၀ ဝန်းကျင်လူငယ်တွေဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ကထွက်ပြီး တခြားတစ်နိုင်ငံမှာ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်ခွင့်ကို မြန်မာစစ်တပ်ခန့်အစိုးရက ပိတ်ပင်ထားတဲ့အရွယ်တွေဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ ဒီအေဂျင်စီသုံးခုက စစ်မှုထမ်းအရွယ်လူငယ်တွေကို ရုရှားပို့ခွင့်ရနေတဲ့ အပေါ်မှာလည်း အလုပ်သမားအရေးကူညီသူတွေက မေးခွန်းထုတ်နေကြပါတယ်။

“ ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းက တခြားနိုင်ငံတွေကို ဆိုလို့ရှိရင် ရွှေ့ပြောင်းသွားလာလို့ မရဘူး။ ရွှေ့ပြောင်းပြီး အလုပ်လုပ်လို့ မရဘူးပေါ့နော်။ ဒါက တရားဝင်ထုတ်ထားတဲ့ စဉ်းမျဉ်းတွေပေါ့နော်။ ဒါပေမယ့် အစ်မတို့ ဒီအယောက် ၄၀ ကိုကြည့်တဲ့အခါမှာ အသက်တွေ အကုန်လုံးက ၂၀ ဝန်းကျင်လေးတွေပေါ့။ အစ်မ အဲဒါလေးတွေလည်းတွေ့ရတယ်”

ရုရှားစစ်သားစုဆောင်းရေးထဲရောက်သွားတဲ့ မြန်မာအလုပ်သမားတွေနဲ့ပတ်သက်လို့ စစ်တပ်ခန့် အစိုးရအဖွဲ့ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်ကို RFA က အောက်တို ဘာလ ၁၁ ရက်နေ့က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ RFA ရဲ့ မေးမြန်းမှုကို သူ့ဘက်ကနားထောင်နေပေမဲ့ ပြန်မဖြေဘဲ ဖုန်းချသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းအပြီး တစ်နှစ်အကြာ ၂၀၂၂ ဖေဖော်ဝါရီမှာ ရုရှားနိုင်ငံဟာအိမ်နီးချင်းနဲ့ ယခင်ဆိုဗီယက်ပြည်ထောင်စုဝင် ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်စပြီး ဆင်နွှဲခဲ့တာ ဒီနေ့အထိဖြစ်ပါ တယ်။ ဒါကြောင့် ၄ နှစ်ကြာ ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်တပ်ဘက်က ဒဏ်ရာရတဲ့သူရောသေဆုံး တဲ့သူပါ စုစုပေါင်း ၁ သန်းခွဲ နီးပါးရှိပြီး၊ အဲဒီထဲမှာ သေဆုံးတဲ့စစ်သားက ၄ သိန်းခွဲလောက်အထိရှိနိုင်တယ် လို့ အမေရိကန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန CSIS က ခန့်မှန်းထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်းမှာပဲရုရှားစစ်တပ်အတွက် စစ်သားစုဆောင်းပေးနေတဲ့ workinrussia2025 နဲ့ workinrussia2026 ဝက်ဆိုဒ်စာမျက်နှာတွေမှာ အသက် ၁၈နှစ်ကနေ ၆၀ ကြား အမျိုးသားတွေကို တစ်လ ရုရှားငွေ ရူဘယ် ၂၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃၀၀၀ ခန့်)ကနေစတင်ရရှိမယ်ဆိုပြီး မြန်မာဘာသာနဲ့ပါ စည်းရုံးနေတာတွေ့ရပါတယ်။

ဒီလိုအခြေအနေမှာစီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း ချွတ်ခြုံကျနေတဲ့ မြန်မာနိုင်ငံဟာ ပစ်မှတ်ထားစရာနိုင်ငံတစ်ခုဖြစ်လာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာ နဲ့ လုံခြုံရေးဆိုင်ရာလေ့လာ ရေးအဖွဲ့(MDSI) ရဲ့ သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက သုံးသပ်ပါတယ်။

“ မြန်မာနိုင်ငံလိုအလုပ်အကိုင်အခွင့်အလမ်း၊ ငွေကြေးအခွင့်အလမ်း မျိုးစုံအနိမ့်ကျဆုံးဖြစ်နေတဲ့နိုင်ငံထဲက လူတချို့ကလည်း ရုရှားအတွက်တော့ ပစ်မှတ်ထားလာနိုင်စရာအခြေအနေရှိတယ်။ အမှန်တကယ်ပဲ မြန်မာလုပ်သားတွေကို စစ်မှုထမ်းစာရင်းအသွင်းခံရတယ်ဆိုရင်တော့နောက်တမ်း ဌာနချုပ် တွေမှာ မသုံးနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘာသာစကားရောရုံးလုပ်ငန်းတွေရော တခြားသော အုပ်ချုပ်မှုစနစ်တွေအရရော အင်မတန်မှကိုကွာခြားတာဖြစ်လို့ ဒီနယ်ပယ်တွေမှာမသုံးနိုင်ဘူး။ စစ်ဆင်ရေးနဲ့အနီးစပ်ဆုံးအုပ်ချုပ်ထောက်ပံ့မှုနယ်ပယ်တွေ၊ ရှေ့တန်းစစ်မြေပြင်၊ ရှေ့တန်းကျကျ နေရာတွေဒီနှစ်ခုမှာပဲ အဓိက အသုံးပြုနိုင်တယ်လို့ ကျွန်တော်တို့ ယူဆတယ်“

အာရှပစိဖိတ်ဒေသနိုင်ငံရေးရာ သတင်းစာစောင်ဖြစ်တဲ့ The Diplomat မဂ္ဂဇင်းရဲ့အောက်တိုဘာ ၈ ရက်နေ့ သတင်းတစ်ပုဒ်အရ ရုရှားစစ်တပ်က အခကြေးငွေပေးထားတဲ့အေဂျင်စီတွေဟာ လိုအပ်နေတဲ့ တပ်သားရဖို့အတွက် စီးပွားရေးချို့တဲ့ပြီး အလုပ်အကိုင်ရှားနေတဲ့အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက အမျိုးသားလူငယ်တွေကိုပစ်မှတ်ထားပြီး Facebookနဲ့ Instagram စတဲ့ လူမှုကွန်ရက်တွေကနေလုပ်ခဒေါ်လာ ထောင်သောင်းချီမက်လုံးပေးခေါ်နေတယ်လို့ ဖော်ပြထားပါတယ်။

မော်စကိုမှာရှိတဲ့အင်ဒိုနီးရှားသံရုံးဆီကိုလည်း ရုရှားစစ်တပ်မှာ အတင်းအကြပ်စစ်သားစုဆောင်းခံရတဲ့လူငယ်တွေရဲ့ မိသားစုတွေက ဖုန်းအကြိမ်ကြိမ်ခေါ်ပြီး အကူအညီတောင်းတာတွေအများကြီးရှိနေတယ်လို့ ရုရှားနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး ဟိုဆေး တဗားရက်စ် (Jose Tavares) ကရုရှားအစိုးရ သတင်းဌာန Antara ကို စက်တင်ဘာ ၁၈ ရက်နေ့က ပြောထားပါတယ်။

ဒီသတင်းတွေကိုကြည့်ရင် ရုရှားစစ်တပ်ဟာ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနိုင်ငံတွေပါမက သံတမန်ရေး အရ ပြဿနာမတက်နိုင်တဲ့ မြန်မာလူငယ်တွေကိုလည်း ပစ်မှတ်ထားနေတယ်ဆိုတာတွေ့ရမှာဖြစ်ပါ တယ်။

မြန်မာစစ်တပ်ခန့်အစိုးရကတော့ရုရှားနိုင်ငံဆီ အလုပ်သမားစေလွှတ်တာကို ၂၀၂၅ ခုနှစ် မတ်လမှာ စတင်ခဲ့တာဖြစ်ပါတယ်။အလုပ်သမားအေဂျင်စီတွေရဲ့ ပြောဆိုချက်အရ မြန်မာနိုင်ငံကနေ ရုရှားနိုင်ငံကိုတရားဝင်စေလွှတ်လိုက်တဲ့ အလုပ်သမား ၃၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။