မကွေးတိုင်း၊ ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို စက်တင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးနှစ်ဦးအပါအဝင် အရပ်သား ၁၂ ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဒေသခံတွေ စုဝေးပြီး အင်တာနက်အသုံးပြုနေတဲ့ စတားလင့်ခ် Starlink အင်တာနက်ဆိုင်အနီးကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၃၀၀ ဗုံးတစ်လုံး ကြဲချခဲ့တာကြောင့် အခုလို အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အားလုံးက သစ်ကြီးတောရွာခံတွေပဲဗျ။ ဗုံးက စတားလင့်ခ်ဆိုင်ဘေးက လမ်းကိုကျတာ။ အဲဒီနားကပ်ရပ် ထိုင်နေတဲ့သူတွေ အတန်းလိုက်ကြီးပါသွားတာလို့ သိထားပါတယ်။ သေဆုံးသူ ၁၂ ဦးမှာ ရုပ်အလောင်းက ခြောက်ယောက်ပဲ ပြန်ရတယ်။ ကျန်တာတွေကတော့ မရသေးဘူး။ လေကြောင်းကလည်း အခုညနေအထိ မငြိမ်သေးပါဘူး။ ပါရာမော်တာတွေလည်း အပေါ်မှာ တောက်လျှောက်ဝဲနေတယ်ဗျ။ သေဆုံးသူတွေရဲ့ နာမည်တွေကတော့ သက်ဆိုင်ရာအဖွဲ့တွေက မကြာခင် ထုတ်ပြန်ပါလိမ့်မယ်”
သေဆုံးသူတွေထဲမှာ အသက် နှစ်နှစ်နဲ့ ခုနစ်နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ အမျိုးသားခြောက်ဦးနဲ့ အမျိုးသမီးလေးဦး ပါဝင်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေပြီး ပျက်စီးသွားတဲ့ နေအိမ် တွေကို ရှင်းလင်းနေချိန်မှာလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ လွှတ်တင်လာတဲ့ FPV ဒရုန်းတွေနဲ့ ထပ်မံတိုက်ခိုက်တာတွေ ရှိခဲ့ပေမဲ့ အဲဒီတိုက်ခိုက်မှုကြောင့် လူထိခိုက်မှု မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မကွေးတိုင်းအတွင်း မြို့နယ်တချို့မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ဒေသခံတွေဟာ သတင်းအချက်အလက် ရယူနိုင်ဖို့ စတားလင့်ခ် အင်တာနက်ဆိုင်တွေကို အားကိုးနေကြရတာပါ။
လေကြောင်းတိုက်ခိုက်မှုအပြီးမှာတော့ သစ်ကြီးတောရွာဒေသခံတွေဟာ နေအိမ်တွေကို စွန့်ခွာပြီး လေကြောင်းရန်ကနေ ကင်းလွတ်နိုင်မယ်လို့ ယူဆရတဲ့ နေရာတွေမှာ ပုန်းခိုနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သစ်ကြီးတောရွာမှာ အိမ်ခြေတစ်ရာကျော်ရှိပြီး လူဦးရေ သုံးထောင်ကျော် နေထိုင်ပါတယ်။ ၂၀၂၂ ခုနှစ်ကစပြီး စစ်တပ်စစ်ကြောင်းတွေ မကြာခဏ ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့်လည်း နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ မကွေးတိုင်း ပြောခွင့်ရသူ၊ တိုင်းလျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ဇွန်းကျရွာကို စစ်တပ်က ပါရာမော်တာ (စက်တပ်လေထီး) နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး လေးဦးအပါအဝင် အရပ်သားခြောက်ဦး သေဆုံးပြီး နောက်ထပ်ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဦးစီးဌာနရဲ့ စက်တင်ဘာလကုန်အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူ ခြောက်ထောင်ကျော် (၆,၂၅၁ ဦး) ရှိလာပါတယ်။
