၂၀၂၁ စစ်အာဏာသိမ်းစဥ်ကတည်းက ဖမ်းဆီးအကျဥ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို ဗြိတိန်နိုင်ငံရဲ့အကြီးအကဲ တတိယမြောက် ချားလ်ဘုရင် (King Charles III) က ပေးပို့တဲ့ စာအုပ်နှစ်အုပ်၊ အိတ်ပိတ်စာတစ်စောင်နဲ့ သံတမန်ရေးရာ စာအိတ်တစ်စောင်ကို မြန်မာစစ်တပ်ခန့် အစိုးရ ပြည်ထဲရေးဌာန တာဝန်ရှိသူတွေက အောက်တိုဘာ ၁၉ ရက် မနက် ၁၀ နာရီ ၄၀ မှာ ၁၀ မိနစ်ကြာ သွားရောက်ပေးအပ်ခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
သံတမန်ရေးအရ နိုင်ငံရပ်ခြားက ပေးပို့တဲ့ စာနဲ့စာအုပ်တွေကို လက်ရောက်ပေးခဲ့တဲ့အကြောင်း အခုလို ထုတ်ပြန်တာဟာ အာဏာသိမ်းအပြီး ငါးနှစ်ကျော်ကာလအတွင်း ပထမဆုံး ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ခွင့်ပြုကြောင်း ထုတ်ပြန်တာလည်း မေလက ICRC နဲ့တွေ့ဆုံခွင့်ပြုခဲ့အပြီး ဒီတစ်ကြိမ်ဟာ ဒုတိယအကြိမ်လည်းဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းအပြီး ဖမ်းဆီးချုပ်နှောင်စဥ် ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းကို ဓာတ်ပုံနဲ့ တကွ နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ သတင်းထုတ်ပြန်တာဟာလည်း ဒီတစ်ကြိမ်ဟာ စတုတ္ထအကြိမ်ဖြစ်ပါတယ်။
ချားလ်ဘုရင်က ပေးပို့ခဲ့တဲ့ စာအုပ်တွေက The Land Gardeners – Soil to Table နဲ့ Soil The World at Our Feet စာအုပ်တွေဖြစ်တယ်လို့လည်း အမည်နဲ့တကွဖော်ပြထားပါတယ်။
ဒီကြေညာချက်ထုတ်ပြန်တာဟာ ဂျပန်နိုင်ငံတိုကျိုမြို့မှာ အမေရိကန်အစိုးရအရာရှိတွေနဲ့ မြန်မာစစ်တပ်ခန့် အစိုးရတို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်အပြီး ရက်ပိုင်းအတွင်းမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် နိုင်ငံတာဝန်ကို ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ စစ်အာဏာသိမ်းစဥ်ကတည်းက စစ်တပ်က ဖမ်းဆီးအကျဥ်းချခဲ့ပြီး ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲခဲ့ပါတယ်။
လက်ရှိအချိန်အထိ စစ်ကောင်စီ စွပ်စွဲထားတဲ့ အမှု ၁၉ မှုအတွက် ထောင် ၃၃ နှစ် ကျခံခဲ့ရပြီး လွတ်ငြိမ်း သက်သာခွင့် တချို့ ရခဲ့တာကြောင် ထောင်ဒဏ် ၁၉ နှစ်နီးပါး ဆက်လက်ကျခံရဖို့ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ စစ်ကောင်စီလက်ထက်မှာ တရားရုံးမှာ ရင်ဆိုင်နေရကြောင်း ပထမဆုံး ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ခဲ့ဖူးပါတယ်။
အခု သတင်းထုတ်ပြန်ချက်ဟာ စစ်တပ်ခန့်အစိုးရတက်လာအပြီး ဧပြီလ ၃၀ ရက်နေ့မှာ ထောင်ကနေ သီးသန့် နေအိမ်ကို ပြောင်းရွေ့အကျဥ်းချကြောင်း တစ်ကြိမ်၊ သြဂုတ်လ ၃ ရက်နေ့က အကျဥ်းကျ အကျဥ်းသားအဖြစ်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကြီး (ICRC) ရဲ့ ဌာနကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးစဥ်က တစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေနဲ့တကွ နိုင်ငံပိုင်သတင်းမီဒီယာတွေကနေ စစ်အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ် ထားတဲ့ နေအိမ်ကို ပြောင်းရွှေ့ပြီး ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကျခံဖို့ သတ်မှတ်လိုက်တယ်လို့ စစ်အာဏာပိုင်တွေ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းဌာနက ဧပြီလ ၃၀ ရက်နေ့မှာ ပထမဆုံး ကြေညာခဲ့ပါတယ်။
လူသားချင်းစာနာထောာက်ထားမှုကိုအလေးထားပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ ၁ အရ ပြောင်းရွှေ့ပေးတာလို့ဆိုပါတယ်။ သတ်မှတ်ထားတဲ့နေအိမ်လို့ ဆိုပေမဲ့ ဘယ်မြို့က ဘယ်နေအိမ်ကို ပြောင်းရွေ့ အကျဥ်းချထားသလဲဆိုတာ အတိအကျကို ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။ ဒီကြေညာချက်ကို စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေက ဧပြီ ၃၀ ရက်နေ့က ကြေညာရာမှာမှာလည်း သတင်းဗီဒီယို မထုတ်ပြန်ဘဲ စစ်ယူနီဖောင်းဝတ် နှစ်ဦးနဲ့ ရဲယူနီဖောင်းဝတ် တစ်ဦးတို့ အတူထိုင်စကားပြောနေတဲ့ ဓာတ်ပုံကိုသာ ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
ဧပြီလ ၃၀ ရက်နေ့မှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ ခြောက်ပုံ တစ်ပုံကို စစ်တပ်ခန့် အစိုးရက ထပ်လျှော့ပေးခဲ့ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကို ဦးတည်လျှော့ပေါ့ပေးတာမျိုး မဟုတ်ဘဲ အခုထုတ်ပြန်တဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်မှာ ချွင်းချက်မပါတဲ့အတွက် အကျုံးဝင်ခဲ့တာလို့ သူ့ရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ ၂၀၂၄ ခုနှစ် အောက်တိုဘာလက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့ (Julie Bishop) လာရောက်စဥ်ကတစ်ကြိမ်၊ လက်ရှိအာဆီယံ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာလာဇရို အခုနှစ် ဇန်နဝါရီလ လာရောက်စဥ်က တစ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ပြစ်ဒဏ်ကျခံနေရဆဲဖြစ်လို့ တွေ့ဆုံခွင့်မပြုနိုင်ဘူးလို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
