ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့တွေ့ခွင့်မပေးဟု စစ်တပ်ခန့် အစိုးရပြော

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်ဒဏ်ကျခံနေရဆဲဖြစ်တာကြောင့် တွေ့ခွင့်မပေးနိုင်ကြောင်း ပြော။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်မပေးနိုင်ကြောင်း စစ်တပ်ခန့်အစိုးရ သမ္မတရုံး ပြောခွင့်ရသူ ဒေါ်ခိုင်ခိုင်စိုးက နေပြည်တော်မှာကျင်းပတဲ့ ဇွန်လ ၃၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်ဒဏ်ကျခံနေရတာဖြစ်လို့ တွေ့ခွင့်မပေးနိုင်ဘဲ ပြစ်ဒဏ်ကျခံပြီးတဲ့ အချိန်မှသာ တွေ့ခွင့်ရနိုင်မယ်လို့ အကြောင်းပြပါတယ်။

“အာဆီယံအထူးကိုယ်စားလှယ်က တွေ့ခွင့်တောင်းတာ တွေ့ခွင့် ပေး မပေး၊ ဒီမေးခွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုတွေနဲ့ ဥပဒေအရ အရေးယူခံထားရတဲ့ ပြစ်ဒဏ်ကျခံနေရတဲ့သူ ဖြစ်ပါတယ်။ အဲဒီအတွက် အင်တာနေရှင်နယ် ကိုယ်စားလှယ်တွေနဲ့ တွေ့ခွင့်မရပါဘူး။ ပြစ်ဒဏ်ကျခံပြီးသွားတဲ့ အချိန်ကျရင် တွေ့ခွင့်ရရင် ရနိုင်ပါတယ်။ အခုအချိန်က ပြစ်ဒဏ်ကျခံနေရတဲ့အချိန်ဖြစ်တဲ့အတွက် တွေ့ခွင့်မရပါဘူး”

ဒေါ်အောင်ဆန်းစုကြည်ကို ပုံမှန်ကျန်းမာရေး စစ်ဆေးပေးနေပြီး အားလုံးကောင်းမွန်တယ်လို့ ပြောခဲ့ပေမဲ့လည်း ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အထောက်အထား တစ်စုံတစ်ရာ ထုတ်ပြတာမျိုးတော့ မရှိသေးပါဘူး။

ဒေါ်အောင်ဆန်စုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် ကင်မ်အဲရစ် (Kim Aris) ကတော့ မိခင်ဖြစ်သူဟာ နှလုံးရောဂါနဲ့ အရိုးပွရောဂါတွေကို ခံစားနေရပြီး ကျန်းမာရေး ပိုဆိုးရွားလာတယ်လို့ ကြားသိရကြောင်း ဂျပန် Kyodo သတင်းဌာနကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောထားပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံ အထူးကိုယ်စားလှယ်နဲ့ လူချင်းတွေ့ဆုံခွင့်ပေးဖို့အတွက် မေလ ၆ ရက်နေ့မှာ ထုတ်ပြန် တောင်းဆို ထားပါတယ်။ ဒီလိုတွေ့ခွင့်ပေးတာဟာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမှု တိုးမြှင့်နိုင်မှာဖြစ်သလို အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ရှေ့ဆက်နိုင်ဖို့ အထောက်အကူပြုနိုင်တယ်လို့လည်း ဖိလစ်ပိုင်ဘက်က ပြောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သူနဲ့မှ တွေ့ဆုံခွင့်မပေးတာဟာ စစ်အုပ်စုက လူ့အခွင့်အရေး ချိုးဖောက်နေကြောင်း ကမ္ဘာကို ပြသနေတာလို့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဦဘိုဘိုဦးက RFA ကိုပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ စစ်အုပ်စုဘက်က အခုချိန်အထိ ပေးမတွေ့ဘူးဆိုတာ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အခုအချိန်အထိ စစ်အုပ်စုက လိုက်နာဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ယူဆလို့ရပါတယ်။ တကယ်တော့ ဘုံသဘောတူညီချက် ငါးရပ်ဆိုတာ စစ်ခေါင်းဆောင်ကိုယ်တိုင် သဘောတူခဲ့တာပါ။ ဒီအတွက် အကောင်အထည်ဖော် လိုက်နာရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သူနဲ့မှ ပေးမတွေ့ဘူးဆိုပြီး နှစ်ရှည်လများထား ထားတဲ့ဥစ္စာဟာ လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်နေတယ်ဆိုတာ ကမ္ဘာကြီးကို ပြသနေသလိုပါပဲ”

အသက် ၈၁ အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်စွပ်စွဲထားတဲ့ အမှု ၁၉ မှုအတွက် ထောင် ၃၃ နှစ် ကျခံခဲ့ရပြီး လွတ်ငြိမ်းသက်သာခွင့် တချို့ရခဲ့တာကြောင့် ထောင်ဒဏ် ၁၉ နှစ်နီးပါး ဆက်လက်ကျခံရဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ဝရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့နေရာဆီ ပြောင်းရွှေ့ပြီး ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကျခံဖို့ သတ်မှတ်လိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့အတူ စစ်တပ်နဲ့ရဲ ယူနီဖောင်းဝတ် သုံးဦးနဲ့ ထိုင်စကားပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို စစ်တပ်ခန့်အစိုးရက သူတို့ထိန်းချုပ်ထားတဲ့ သတင်းဌာနတွေကတဆင့် ထုတ်ပြန်ခဲ့ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်အာဏာသိမ်းခေါင်းဆောင်တွေ စွပ်စွဲခဲ့တဲ့ အမှုတွေထဲက နောက်ဆုံး လက်ကျန် အမှုတွေကို အမိန့်ချတဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ နောက်ပိုင်းကစပြီး ရှေ့နေအဖွဲ့နဲ့ လုံး၀ တွေ့ဆုံခွင့် မရတော့သလို ပြင်ပကမ္ဘာနဲ့လည်း အဆက်အသွယ်ဖြတ်ခံထားရတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က လူချင်းတွေ့ခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ လက်ရှိအချိန်ထိ စစ်အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။

ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့အတွက် သားဖြစ်သူ ကင်မ်အဲရစ်အပါအဝင် အရပ်ဘက်အဖွဲ့တွေက ဧပြီလတတိယပတ်ကစပြီး ကမ္ဘာတစ်ဝန်းမှာ “Proof of Life” လှုပ်ရှားမှု ပြုလုပ်ပြီး တောင်းဆိုနေကြပါတယ်။