မြိုင်မှာသတ်ဖြတ်ခံရသူတွေအတွက် တရားမျှတမှုရဖို့ မိသားစုဝင်တွေလိုလား

ဒေသခံ ၁၂ ဦးဟာ ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့က စစ်တပ်စစ်ကြောင်းတစ်ခုရဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် ပျောက်ဆုံးနေတာဖြစ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ သုံးနှစ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ဒေသခံ ၁၂ ဦးရဲ့ ရုပ်ကြွင်းတွေလို့ ယူဆရတဲ့ အရိုးစုတွေကို ပြန်လည်တွေ့ရှိခဲ့ပြီးနောက် ကျန်ရစ်တဲ့မိသားစုဝင်တွေက ဒီဖြစ်ရပ်အတွက် တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့နဲ့ တရားမျှတမှုရရှိဖို့ မျှော်လင့်နေကြပါတယ်။

ဒီဒေသခံ ၁၂ ဦးဟာ ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့က စစ်တပ်စစ်ကြောင်းတစ်ခုရဲ့ ဖမ်းဆီးခေါ်ဆောင်တာကို ခံခဲ့ရပြီးနောက် ပျောက်ဆုံးနေခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သူတို့ရဲ့ ရုပ်ကြွင်းတွေလို့ ယူဆရတဲ့ အရိုးစုတွေကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာအနီးက မြေကျင်းနှစ်ကျင်းထဲမှာ ပြန်တွေ့ခဲ့တာပါ။

အရိုးစုတွေနဲ့အတူ မှတ်ပုံတင်၊ ကျောင်းသားကတ်၊ မွေးစာရင်းစာရွက်၊ အဝတ်အစားနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကိုလည်း တွေ့ရှိခဲ့ပြီး အဲဒီပစ္စည်းတချို့ဟာ ပျောက်ဆုံးနေသူတွေရဲ့ ပစ္စည်းတွေဖြစ်တယ်ဆိုတာကို မိသားစုဝင်တွေက အတည်ပြုထားပါတယ်။

သုံးနှစ်ကျော်ကြာ သားပြန်လာမယ့်နေ့ကို စောင့်မျှော်ခဲ့တဲ့ မိခင်

အရိုးစုတွေနဲ့အတူ တွေ့ရှိခဲ့တဲ့ ကိုယ်ရေးအထောက်အထားတွေထဲမှာ မြိုင်မြို့နယ်၊ ဂွေးကုန်းရွာက ကိုအောင်ဇင်ဟိန်းရဲ့ မှတ်ပုံတင်နဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေ ပါဝင်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ကိုအောင်ဇင်ဟိန်းဟာ တက္ကသိုလ်ပညာရေးပြီးဆုံးပြီးနောက် ရန်ကုန်မြို့မှာ ဂျပန်စာသင်တန်း တက်ရောက်နေသူပါ။ ခါးနာဝေဒနာခံစားနေရတာကြောင့် ရန်ကုန်ကနေ နေရပ်ပြန်လာချိန်မှာ ဖမ်းဆီးခေါ်ဆောင်တာကို ခံခဲ့ရတာလို့ မိခင်က RFA ကို ပြောပါတယ်။

သားဖြစ်သူဟာ မိဘအပေါ် သိတတ်လိမ္မာပြီး ရိုးရိုးအေးအေး နေထိုင်သူဖြစ်သလို သူ့ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတာကို သိခဲ့ပေမဲ့ ဘယ်သူတွေက သတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ တိတိကျကျ မသိဘူးလို့ ဆိုပါတယ်။

သုံးနှစ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ သားဖြစ်သူ ပြန်လာမဲ့နေ့ကို မျှော်လင့်ပြီး ဆုတောင်းပြီး ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့တယ်လို့ မိခင်က ပြောပါတယ်။

“ပြန်လာဖို့ မျှော်လင့်ခဲ့ရတာပေါ့။ ကျုပ်တို့မှာ ဘုရားမှာ သူ့နေ့ရောက်တိုင်း ဆွမ်းတော်ကပ်လိုက်၊ ပန်းလှူလိုက်ပေါ့။ သူ့နေ့ရောက်တိုင်း ဘုန်းကြီးကျောင်းတွေကို ဆွမ်းချိုင့်တွေပို့တာ ကယ်ပေးပါဘုရား ကယ်ပေးပါဘုရားနဲ့။ အဒေါ်တို့က အခုမှ သိတော့တာ။ တွေ့တယ်။ အဲဒီ မှတ်ပုံတင်တွေ ဓာတ်ပုံတွေက ကျုပ်သားဟာတွေပဲ။”

မြိုင်မှာသတ်ဖြတ်ခံရသူတွေအတွက် တရားမျှတမှုရဖို့ မိသားစုဝင်တွေလိုလား
မြိုင်မှာသတ်ဖြတ်ခံရသူတွေအတွက် တရားမျှတမှုရဖို့ မိသားစုဝင်တွေလိုလား မြိုင်မှာသတ်ဖြတ်ခံရသူတွေအတွက် တရားမျှတမှုရဖို့ မိသားစုဝင်တွေလိုလား (Citizen Photo)

စစ်ကြောင်းရှောင်တိမ်းရင်း ဖမ်းဆီးခံခဲ့ရသူများ

၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့က ပခုက္ကူမြို့အခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် (တမခ-၁၀၁) က ထွက်လာတယ်လို့ ဆိုတဲ့ အင်အားတစ်ရာကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းတစ်ခုဟာ မြိုင်မြို့နယ်ထဲကို ဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အမှတ် (၂) တပ်မတော်အကြီးစားစက်ရုံ (စက်မှု-၂) ဘက်ကနေ Well 2 (ဝဲလ်တူး) ရေနံမြေဘက်ကို စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

စစ်ကြောင်းဝင်ရောက်လာချိန်မှာ ဒေသခံတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရင်း အမျိုးသား ၁၂ ဦး ဖမ်းဆီးခံခဲ့ရတာပါ။

သူတို့ထဲက ခြောက်ဦးဟာ ဂွေးကုန်းရွာအနီးမှာ ဖမ်းဆီးခံခဲ့ရပြီး ကျန်ခြောက်ဦးကတော့ အနီးပတ်ဝန်းကျင် နေရာအသီးသီးမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မှာသတ်ဖြတ်ခံရသူတွေအတွက် တရားမျှတမှုရဖို့ မိသားစုဝင်တွေလိုလား
မြိုင်မှာသတ်ဖြတ်ခံရသူတွေအတွက် တရားမျှတမှုရဖို့ မိသားစုဝင်တွေလိုလား မြိုင်မှာသတ်ဖြတ်ခံရသူတွေအတွက် တရားမျှတမှုရဖို့ မိသားစုဝင်တွေလိုလား (Citizen Photo)

ဖမ်းဆီးခံရသူတွေကို ဘယ်နေရာတွေမှာ ထိန်းသိမ်းခဲ့သလဲ၊ ဖမ်းဆီးပြီးနောက် ဘယ်နေရာတွေကို ခေါ်ဆောင်သွားခဲ့သလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ဖမ်းဆီးခံရသူ ၁၂ ဦးဟာ အသက် ၁၅ နှစ်ကနေ ၆၁ နှစ်အရွယ် အမျိုးသားတွေဖြစ်ပြီး အများစုက တောင်သူတွေနဲ့ လက်လုပ်လက်စားတွေ ဖြစ်ပါတယ်။

သူတို့ထဲမှာ ဂွေးကုန်းရွာက ကိုးဦး၊ သံချောင်း၊ မကျီးကုန်းနဲ့ မကျည်းကန်ရွာတွေက တစ်ဦးစီ ပါဝင်ပါတယ်။

ဂွေးကုန်းရွာက ဖမ်းဆီးခံရသူတွေကတော့ အသက် ၁၅ နှစ်အရွယ် မောင်သော်ဇင်ထိုက်၊ အသက် ၂၆ နှစ်အရွယ် ကိုအောင်ဇင်ဟိန်း၊ အသက် ၃၈ နှစ်အရွယ် ကိုဖြိုးဝေမောင်၊ အသက် ၃၉ နှစ်အရွယ် ကိုအောင်မိုး၊ အသက် ၄၂ နှစ်အရွယ် ဦးမင်းဇော်ဦးနဲ့ ဦးဆန်းလင်းမောင်၊ အသက် ၅၁ နှစ်အရွယ် ဦးကျော်ဌေး၊ အသက် ၅၅ နှစ်အရွယ် ဦးဌေးမြင့်နဲ့ အသက် ၆၁ နှစ်အရွယ် ဦးဩတို့ ဖြစ်ပါတယ်။

ဒါ့အပြင် သံချောင်းရွာက အသက် ၂၉ နှစ်အရွယ် ကိုအုန်းလင်း၊ မကျည်းကန်ရွာက အသက် ၃၅ နှစ်အရွယ် ကိုဝင်းဇော်နဲ့ မကျီးကုန်းရွာက အသက် ၄၈ နှစ်အရွယ် ကိုထွန်းသိန်းတို့လည်း ပါဝင်ပါတယ်။

ဖခင်နဲ့ ခင်ပွန်းကို ဆုံးရှုံးခဲ့ရတဲ့ မိသားစုများ

ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ ဂွေးကုန်းရွာက ကလေးသုံး ယောက်ဖခင် အသက် ၄၂ နှစ်အရွယ် ဦးဆန်းလင်းမောင်လည်း ပါဝင်ပါတယ်။

သူဟာ ထန်းတက်အလုပ်နဲ့ မိသားစုကို ရှာဖွေကျွေးမွေးနေသူဖြစ်ပြီး စစ်ကြောင်းဝင်ရောက်လာချိန်မှာ ဘေးလွတ်ရာကို ရှောင်တိမ်းရင်း စစ်သား ၂၀ ခန့်နဲ့ တွေ့ပြီး ဖမ်းဆီးခံခဲ့ရတာလို့ ဇနီးဖြစ်သူက ပြောပါတယ်။

စစ်သားတွေက ခင်ပွန်းဖြစ်သူကို ပြန်လွှတ်ပေးမယ်လို့ ပြောပြီး ခေါ်ဆောင်သွားခဲ့ပေမဲ့ အဲဒီနေ့ကစပြီး ပြန်မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။

“လမ်းကြောင်းကို လိုက်ခဲ့ဦးတဲ့။ တစ်ယောက်က ပြန်တော့တဲ့ အဲစစ်သားတွေက။ ပြီးရင်လည်း ပြန်လွှတ်မယ်လို့ ပြောတယ်လေ။ အခုကျတော့လည်း ဘာအပြစ်မှ မရှိဘဲနဲ့ ရက်ရက်စက်စက် သတ်ဖြတ် လုပ်ခဲ့တာလေ။ ကျွန်မကျတော့ ထားခဲ့တာပေါ့ ကလေးလေးက ငယ်ငယ်လေး ရှိသေးတာကို”

ခင်ပွန်းဖြစ်သူ ပျောက်ဆုံးသွားပြီးနောက် ကျန်ခဲ့တဲ့ ကလေး သုံးယောက်ကို ဇနီးဖြစ်သူက နေ့စားအလုပ်လုပ်ပြီး ရှာဖွေကျွေးမွေးနေရပါတယ်။ တစ်နေ့ ဝင်ငွေ ကျပ် ၇,၀၀၀ ခန့်သာ ရရှိတာကြောင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့လည်း သူက ပြောပါတယ်။

အဲဒီနေ့က ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ ဖခင်ဖြစ်သူ ပါဝင်ခဲ့ပြီး ဖခင်ပျောက်ဆုံးနေချိန်မှာ သတင်းအစအနရဖို့ နည်းလမ်းမျိုးစုံနဲ့ လိုက်လံစုံစမ်းခဲ့ရတယ်လို့ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးကလည်း RFA ကို ပြောပါတယ်။

“အဲလိုဆိုတော့ ညီမက ဘယ်လိုမှ မခံစားနိုင်ဘူး ဖြစ်နေတာပေါ့။ ဘယ်လိုမှလည်း မပြုစုလိုက်ရဘူး။ ဒီလိုမျိုးကြီး ဖြစ်မယ်လို့လည်း ဘယ်လိုမှ မမျှော်လင့်ခဲ့ဘူး။ အခုထိ ကိုယ့်အဖေ အသက်ရှင်နေတုန်း အမြဲတမ်း ဝါဆိုသင်္ကန်းကပ်တယ် ကုသိုလ်ကောင်းမှုလုပ်ပေးတယ်။ ညီမတို့ တတ်နိုင်သလောက် အကုန် လိုက်စုံစမ်းတယ်။ ဘယ်တော့မှ အစားထိုးလို့ မရတဲ့ ဖခင်တစ်ယောက် ဖြစ်နေတာ။”

ဖခင်ဖြစ်သူဟာ တောင်သူတစ်ဦးဖြစ်ပြီး မိသားစုအပေါ် တာဝန်ကျေသူ၊ အကူအညီလိုအပ်သူတွေကိုလည်း တတ်နိုင်သမျှ ကူညီပေးတတ်သူဖြစ်သလို သူ့ကိုလည်း တက္ကသိုလ်ပညာရေး ပြီးဆုံးတဲ့အထိ ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဖခင်ဖြစ်သူ ဖမ်းဆီးခံရချိန်က ပါသွားတဲ့ အသုံးအဆောင်ပစ္စည်းတချို့ကို အရိုးစုတွေနဲ့အတူ ပြန်တွေ့ခဲ့ရတာကြောင့် ဖခင်ကို ဆုံးရှုံးလိုက်ရပြီလို့ သူ သိလိုက်ရတာပါ။

မြေကျင်းနှစ်ကျင်းထဲက အရိုးစုတွေကို ဘယ်လိုတွေ့ခဲ့သလဲ

အောက်တိုဘာလ ၄ ရက်နေ့က မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာရဲ့ အနောက်မြောက်ဘက် ဝက်ပုတ်ဆည်ဘောင်အနီးမှာ မှိုရှာနေတဲ့ ရွာသာတစ်ဦးက အရိုးစုတွေကို စတင်တွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဆက်လက်တူးဖော်ရာမှာတော့ မြေကျင်းနှစ်ကျင်းထဲမှာ လူ ၁၂ ဦးရဲ့ ရုပ်ကြွင်းတွေလို့ ယူဆရတဲ့ အရိုးစုတွေနဲ့အတူ ကြိုး၊ အဝတ်အစား၊ မှတ်ပုံတင်နဲ့ တခြားကိုယ်ရေးအထောက်အထားတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

နောက်တစ်နေ့ အောက်တိုဘာလ ၅ ရက်နေ့မှာတော့ ကျေးရွာတာဝန်ရှိသူတွေနဲ့ မိသားစုဝင်တချို့ အဲဒီနေရာကို သွားရောက်ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။

အတူလိုက်ပါသွားတဲ့ ဂွေးကုန်းရွာ ဒေသခံတစ်ဦးက မြေကျင်းတစ်ကျင်းစီမှာ လူ ခြောက်ဦးစီရဲ့ အရိုးစုတွေကို တွေ့ခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

“သူတို့ အရိုးတွေ တွေ့တယ်။ ကျွန်တော်တို့ ရွာသားရဲ့ မှတ်ပုံတင် နံပါတ်တွေ့တယ်။ အဲမှာ အရိုးတွေကတော့ ရေတွက်ကြည့်ခဲ့တာ လူ ၁၂ ယောက်ပေါ့။ တစ်ကျင်းကို ၆ ယောက်။ သူတို့ လုပ်ဆောင်ထားတဲ့ ကြိုးလေးတွေအစ တွေ့ရတယ်ဗျ။ သူတို့ကို လက်ပြန်ကြိုးတုတ်ပြီး သတ်ထားတဲ့ သဘောပေါ့ဗျာ။ ကျွန်တော်တို့ရွာက ၉ ယောက် အများဆုံးပေါ့ဗျာ။”

အရိုးစုတွေနဲ့အတူ တွေ့ရှိခဲ့တဲ့ မှတ်ပုံတင်၊ ကျောင်းသားကတ်၊ မွေးစာရင်းစာရွက်နဲ့ အသုံးအဆောင်ပစ္စည်းတချို့ဟာ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေရဲ့ ပစ္စည်းတွေဖြစ်ကြောင်း ကျန်ရစ်တဲ့မိသားစုဝင်တွေက အတည်ပြုထားပါတယ်။

အရိုးစုတွေနဲ့အတူ ကြိုးတွေ တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခံရသူတွေကို လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပေမဲ့ ဒီအချက်တွေကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

တွေ့ရှိခဲ့တဲ့ အရိုးစုတွေကို သက်ဆိုင်ရာ မိသားစုဝင်တွေဆီ လွှဲပြောင်းပေးအပ်ထားပြီး RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ မိသားစုဝင်တချို့ကတော့ ရုပ်ကြွင်းတွေကို သင်္ဂြိုဟ်ပြီး သေဆုံးသွားသူတွေအတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးနေတယ်လို့ သိရပါတယ်။

စစ်တပ်အရာရှိတစ်ဦးရဲ့ မှတ်စုစာအုပ်မှာ ဘာတွေပါသလဲ

ဒီဒေသခံ ၁၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်ဆိုတာကို ၂၀၂၄ ခုနှစ်ကတည်းက သိရှိခဲ့ကြောင်း မြိုင်မြို့နယ်မှာရှိတဲ့ အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း တာဝန်ခံ ဆရာထွေးက RFA ကို ပြောပါတယ်။

ဆရာထွေးပြောပြချက်အရ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ဝက်ပုတ်ရွာက စစ်တပ်နဲ့ ပြည်သူ့စစ်စခန်းကို တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ချိန်မှာ စစ်တပ်အရာရှိတစ်ဦး ရေးသားထားတဲ့ မှတ်စုစာအုပ်တစ်အုပ်ကို ရရှိခဲ့တာပါ။

အဲဒီမှတ်စုစာအုပ်ထဲမှာ ဖမ်းဆီးခံရသူ ၁၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ရေးမှတ်ထားတယ်လို့ ဆရာထွေးက ပြောပါတယ်။

“အဲ့အဖမ်းခံရတဲ့သူတွေကို ၂၀၂၄ ၈ လပိုင်းက ဝက်ပုတ်(ပျူရွာ)ကို သိမ်းပြီးတုန်းက ရထားတဲ့ သူတို့ ဗိုလ်တစ်ယောက်ရေးထားတဲ့ မှတ်စုစာအုပ်အရ ဒီလူတွေအကုန်လုံးကို သတ်ပစ်လိုက်ပြီဆိုတာ သူတို့ မှတ်စုစာအုပ်အရ သိရတယ်။ အဲကတည်းက ဒီလူတွေ မရှိတော့ဘူး သတ်ပြီးပြီဆိုတာ အရပ်ဘက် အဖွဲ့တွေအနေနဲ့ရော အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ရော သိပြီးသား ဖြစ်တယ်။ ဒါပေမဲ့ ဒါကို သက်သေပြနိုင်ဖို့ရာ ၂၀၂၄ ကနေ အခုအချိန်အထိ အဲနားကို ရောက်တိုင်း ဒီသက်သေတွေကို ရှာခဲ့တယ်ပေါ့ဗျာ။”

ရရှိထားတဲ့ မှတ်တမ်းစာအုပ်မှာ ရေးသားထားချက်အရ ဖမ်းဆီးခံရသူတွေကို ၂၀၂၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ မနက် ၁၀ နာရီ ၁၀ မိနစ်မှာ သတ်ဖြတ်ခဲ့တယ်ဆိုတာကို သိရကြောင်း ဆရာထွေးက ပြောပါတယ်။

သတ်ဖြတ်မှုအတွက် ဘယ်သူတွေမှာ တာဝန်ရှိသလဲ

ဒီဒေသခံ ၁၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုမှာ ဝက်ပုတ်ရွာ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ အဲဒီရွာမှာ တပ်စွဲထားတဲ့ စစ်တပ်အရာရှိတွေ တာဝန်ရှိတယ်လို့ အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း - မြိုင်က စွပ်စွဲထားပါတယ်။ ဒါပေမဲ့ ဒီစွပ်စွဲချက်တွေကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးသလို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရှိသူ ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

ဖမ်းဆီးခံခဲ့ရသူတွေဟာ လက်နက်ကိုင်အဖွဲ့ဝင်တွေ မဟုတ်ဘဲ သာမန်အရပ်သားတွေဖြစ်တယ်လို့ ဂွေးကုန်းရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ သက်ဆိုင်ရာကို အသိပေးချင်တယ်။ ပြီးတော့ နိုင်ငံတကာ သိရအောင် ဖော်ထုတ်စေချင်တာပေါ့ဗျာ။ တကယ်တွက်ကြည့်ရင် သူတို့လည်း P (ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့)လည်း မဟုတ်ဘူးဗျ။ ဒါ ရှင်းရှင်းပြောရင် အရပ်သား ပြည်သူတွေရယ်။ သူတို့ အချင်းချင်း ပစ်တာခတ်တာတွေ ကျွန်တော်တို့က မပြောလိုပါဘူး။ ဒါ အရပ်သား ပြည်သူတွေကို ဘယ်ဘက်က လုပ်လုပ် ဒီလို လုပ်ပိုင်ခွင့်ဆိုတာ ဖောက်ဖျက်တာ နိုင်ထက်စီးနင်းတွေပေါ့။ အဓမ္မပြုကျင့်မှုတွေလို့ ကျွန်တော်တို့က ယူဆတာပေါ့ဗျာ”

ဒီသတ်ဖြတ်မှုအတွက် တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ် အရေးယူနိုင်ဖို့ သက်သေအထောက်အထားတွေ စုဆောင်းနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေဆီ တင်ပြနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ပြောပါတယ်။

တရားမျှတမှုရရှိဖို့ မိသားစုဝင်တွေ မျှော်လင့်

သုံးနှစ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေရဲ့ ရုပ်ကြွင်းတွေလို့ ယူဆရတဲ့ အရိုးစုတွေကို ပြန်တွေ့ခဲ့ရပေမဲ့ ကျန်ရစ်သူတွေအတွက်တော့ မိသားစုဝင်တွေ ဘယ်လိုသေဆုံးခဲ့ရသလဲ၊ ဘယ်သူတွေက သတ်ဖြတ်ခဲ့သလဲ၊ တာဝန်ရှိသူတွေကို ဘယ်လိုအရေးယူနိုင်မလဲဆိုတဲ့ မေးခွန်းတွေ ကျန်နေဆဲဖြစ်ပါတယ်။

သုံးနှစ်ကျော်ကြာ သားပြန်လာမယ့်နေ့ကို မျှော်လင့်ခဲ့တဲ့ ကိုအောင်ဇင်ဟိန်းရဲ့ မိခင်ကတော့ ဒီဖြစ်ရပ်အကြောင်း ကမ္ဘာက သိရှိစေချင်တယ်လို့ RFA ကို ပြောပါတယ်။

“ကမ္ဘာကို သိအောင် ကြေညာစေချင်တယ်။ ဒီလောက်တောင်ရက်ရက်စက်စက် လုပ်ထားတာကို။ အပြစ်မရှိတဲ့ ကလေးကို ဒီလောက်တောင် လုပ်ရမလား။ တစ်ယောက်မှ အပြစ်ရှိတဲ့ ကလေးမပါဘူး။ သူတို့ မကြိုက်တဲ့ အလုပ်လုပ်တဲ့သူလည်း ပါတာ မဟုတ်ဘူး။”

မိသားစုဝင်တွေ ပြန်လာမဲ့နေ့ကို သုံးနှစ်ကျော်ကြာ စောင့်မျှော်ခဲ့ရတဲ့ ကျန်ရစ်သူတွေနဲ့ ဒေသခံတွေကတော့ ဒီဖြစ်ရပ်အတွက် တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့နဲ့ တရားမျှတမှုရရှိဖို့ တောင်းဆိုနေကြပါတယ်။

ဒါပေမဲ့ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ဒေသမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး တည်ငြိမ်မှုမရှိသေးတာကြောင့် တာဝန်ရှိသူတွေကို အရေးယူနိုင်ရေးမှာ အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။