အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ အများအပြား ပြောင်းရွေ့အခြေချပြီး လုပ်ငန်းတွေ လည်ပတ်နေတယ်လို့ အများက သံသယရှိတဲ့ မြန်မာနိုင်ငံဘက်ခြမ်းက ဘုရားသုံးဆူဒေသနဲ့ နယ်ချင်းထိစပ်နေတဲ့ ကန်ချနာဘူရီ ခရိုင်က နေအိမ်တစ်လုံးကို ထိုင်းအာဏာပိုင်တွေက အောက်တိုဘာ ၁၅ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ရာမှာ အင်တာနက်ချိတ်ဆက်ရာမှာ မြန်နှုန်းကောင်းတဲ့ ၄၈ ချောင်းပါ ဖိုင်ဘာအော့ပ်တစ်ကြီးတစ်ချောင်းနဲ့ မီတာ ၃၅၀ ကျော် (ပေ ၁၅၀၀ နီးပါး) ရှည်တဲ့ အင်တာနက်ကြိုးလိုင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သာမန်အိမ်သုံးပမာဏထက် သိသိသာသာ ဒေတာအသုံးများနေတဲ့ ဆန်ခလဘူရီမြို့နယ်ထဲက နောင်းလူရွာက အိမ်နှစ်လုံးကို ထိုင်းအမျိုးသား အသံလွှင့်နဲ့ဆက်သွယ်ရေးဆိုင်ရာကော်မရှင် (NBTC) အတွင်းရေးမှူးချုပ် အပါအဝင် ရဲနဲ့ စစ်သားတွေပါဝင်တဲ့ အဖွဲ့ဟာ ဝင်ရောက်စီးနင်းခဲ့ရာက မြန်မာဘက်ခြမ်းကို အင်တာနက် လျှို့ဝှက် ချိတ်ပေးနေတာကို တွေ့ရှိခဲ့တာလို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက အောက်တိုဘာ ၁၅ ရက်နေ့က ရေးသားပါတယ်။
NBTC ရဲ့ က သတင်းထောက်တွေကို ပြောကြားချက်အရ ဒီအိမ်နှစ်လုံးထဲက တစ်လုံးဟာ တစ်နေ့ကို အင်တာနက်ဒေတာ တစ်ရက်ကို ၆ တာရာဘိုက် အသုံးပြုပြီး ဒီပမာဏဟာ လူ ၃၀၀ ကနေ ၄၀၀ ကောင်းကောင်း သုံးနိုင်ငံတဲ့ ဒေတာပမာဏရှိပါတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေရဲ့ ပြောဆိုချက်အရ ဒီလို ချိတ်ဆက်နိုင်အောင် လုပ်ဆောင်ပေးတဲ့အတွက် သူတို့ကို တစ်ရက် အမေရိကန်ဒေါ်လာ ၂၀ နဲ့ညီတဲ့ ထိုင်းဘတ်ငွေ ၇၀၀ နှုန်းရတယ်လို့ ဆိုပါတယ်။
တရုတ်ငွေလိမ်ဂိုဏ်းတွေဟာ မြန်မာနယ်စပ်တစ်လျောက် အမေရိကန်၊ တရုတ်နဲ့ ထိုင်းအာဏာပိုင်တွေရဲ့ နှိမ်နင်းမှုတွေ ကြောင့် တချို့ဟာ ကမ္ဘောဒီးယာနဲ့ ထိုင်းနယ်စပ်တွေကနေ ထိုင်းနိုင်ငံကို ဖြတ်ပြီး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံအတွင်းပိုင်း ပြောင်းရွေ့အခြေချလုပ်ကိုင်နေကြတယ်လို့ ထိုင်းမြန်မာ နယ်စပ် သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဒီအထဲမှာ မွန်ပြည်နယ်နဲ့ ကန်ချနာဘူရီခရိုင်ကြားက ဘုရားသုံးဆူဒေသလည်း ပါဝင်တယ်လို့ အောက်တိုဘာ ၁၆ ရက်ထုတ် South Chin Morning Post သတင်းစာက ရေးပါတယ်။
ဒီကျားဖြန့်လုပ်ငန်းတွေလုပ်ကိုင်တဲ့ တရုတ်လုပ်ငန်းရှင်တွေဟာ နိုင်ငံတကာက လိုက်လံနှိမ်နင်း နေတာတွေ ကြောင့် စက်ရုံလို ကြီးကျယ်ခမ်းနားတဲ့ စက်ရုံလို အဆောက်အဦးတွေကို စွန့်ပြီး ဟိုတယ်အသေးစားနဲ့ အငှါးတိုက်ခန်းတွေမှာ ပြောင်းရွေ့လုပ်ကိုင်လာကြတယ်လို့ သိရပါတယ်။ ဒီလုပ်ငန်းတွေဟာ တရားဝင် အခြေခံ အဆောက်အဦနဲ့ ရိက္ခာပစ္စည်းတွေ အဘက်ဘက်က ဖြတ်တောက်ခံထားရပေမယ့် ဒေသခံ အာဏာပိုင်တွေကို လာဒ်လာဘငွေ ပေးပြီး ဒီဇယ်၊ စတားလင့် အင်တာနက်နဲ့ ထိုင်းလို အခြေခံ ခိုင်တဲ့ နိုင်ငံတွေကနေ တရားမဝင် ဝယ်ယူပြီး ဆက်လက်ရှင်သန်နေကြတယ်လို့လည်း သတင်းက ရေးပါတယ်။
မြန်မာဘက်ခြမ်းကို အင်တာနက်ချိတ်ပေးနေတဲ့ ထိုင်းအိမ်ရှင်တွေကို တရားမဝင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်မှုနဲ့ အာဏာပိုင်တွေက အရေးယူထားတယ်လို့ သိရပါတယ်။
