တရားရေးမဏ္ဍိုင် တည့်မတ်ရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ပြီး မြေယာသိမ်းခံ တောင်သူတွေအရေးမှာ လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်း ဩဂုတ်လ ၂၀ ရက်နေ့က ပြင်ဦးလွင်မြို့ နန္ဒဝန်ရပ် ရပ်ကွက်နေအိမ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သူနဲ့နီးစပ်တဲ့ ရှေ့နေတွေက RFA ကိုပြောပါတယ်။
ဦးဇော်ဝင်းဟာ တရားရေးလောကမှာ မြေယာသိမ်းခံ တောင်သူလယ်သမားတွေနဲ့ နစ်နာသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးခဲ့သူတစ်ဦးဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သူနဲ့နီးစပ်တဲ့ ရှေ့နေတွေက RFA ကို ပြောပါတယ်။
“ဆရာဦးဇော်ဝင်းဟာ အမှန်တရားနဲ့ တရားမျှတမှုကို တန်ဖိုးထားသူဖြစ်ပါတယ်။ ဖိအားတွေ၊ တရားစွဲဆိုမှုတွေကြားကပဲ နစ်နာသူတွေဘက်က ဆက်ပြီးရပ်တည်ခဲ့သူပါ၊အခုလို သေသွားရတယ်ဆိုတာကလည်း ထောင်ထည်းမှာ သူစားခဲ့ရတဲ့ အစားစာတွေကြောင့် ကျန်းမာရေးတွေ ထိခိုက်ပြီး သေဆုံးခဲ့ရတာပါ”
တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းဟာ ၂၀၁၇ ခုနှစ် မေလ ၃၀ ရက်နေ့က မတ္တရာမြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်နေချိန် တရားသူကြီးကို ဖိနပ်နဲ့ပစ်ပေါက်ခဲ့တာကြောင့် လူသိများခဲ့သူဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်နဲ့ဆက်စပ်ပြီး ဆဲဆိုမှု၊ ပြည်သူ့ဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်မှု၊ တရားစီရင်မှုကို နှောင့်ယှက်မှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။
၂၀၁၉ ခုနှစ်ကလည်း ပြည်ကြီးတံခွန်မြို့နယ်တရားရုံး ဆိုင်းဘုတ်ကို ဖိနပ်နဲ့ပစ်ပေါက်ခဲ့သလို တရားစီရင်ရေးနဲ့ အစိုးရတာဝန်ရှိသူတွေကို ဝေဖန်ပြောဆိုခဲ့တာကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မအများအပြားနဲ့ ထပ်မံတရားစွဲဆိုခံခဲ့ရပါတယ်။
အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရချိန် အကျဉ်းသားတွေ ကိုယ်ထိလက်ရောက်ကျူးလွန်ခံနေရတယ်လို့ ဦးဇော်ဝင်းက တရားရုံးထုတ်ချိန်မှာ မီဒီယာတွေကို ပြောဆိုခဲ့ဖူးပါတယ်။
ဦးဇော်ဝင်းဟာ စစ်တပ်အာဏာသိမ်းပြီး အာမခံရုပ်သိမ်းခံရတာကြောင့် အချုပ်နဲ့ အမှုရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ်ဒီဇင်ဘာမှာ အမှုတွေပြီးဆုံးပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့ ညနေ ၃ နာရီမှာ ပြင်ဦးလွင်မြို့ ရှစ်မိုင်သုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်ခဲ့တယ်လို့ သူ့မိသားစုဝင်တွေက ဆိုပါတယ်။
