စစ်အာဏာသိမ်းအပြီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အာဏာသိမ်းခေါင်းဆောင် စစ်တပ်ခန့်အစိုးရသမ္မတ ဦးမင်းအောင်လှိုင် ရေဘေးသင့်ပြည်သူတွေကို သွားရောက်ကြည့်ရှုပုံ ကွာခြားတာကို ရုပ်သံဗီဒီယိုနဲ့ Tiktok လူမှုကွန်ယက်မှာ တင်ခဲ့သူကို စစ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
၂၀၁၅ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ပဲခူးရေဘေးသင့်ပြည်သူတွေကို လှေစီးပြီး သွားရောက်ကူညီခဲ့တဲ့ ရုပ်သံမှတ်တမ်း နဲ့ လက်ရှိစစ်တပ်ခန့် အစိုးရခေါင်းဆောင် ဦးမင်းအောင်လှိုင် လေယာဥ်စီးပြီး ရေဘေးသင့်နေတဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ကို သွားရောက် ကြည့်ရှုခဲ့တာကို နှိုင်းယှဥ်ပြီး ဗီဒီယိုတင်ခဲ့သူ ကိုသန်းစိုးဦး (ခ) ကိုနေမင်းကို စစ်တပ်ခန့်အစိုးရအာဏာပိုင်တွေက ဖမ်းဆီးလိုက်တာလို့ ဒီအမှုကို အနီးကပ် သိရှိထားတဲ့ လှိုင်သာယာ ဒေသခံတွေက RFA ကို ဩဂုတ်လ ၂၄ နေ့မှာ အတည်ပြု ပြောပါတယ်။
ကိုသန်းစိုးဦးဟာ ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အမှတ် (၁၅) ရပ်ကွက်မှာ နေထိုင်တဲ့ “သူရိယ နေမင်း” TikTok အကောင့်ပိုင်ရှင်ဖြစ်ပြီး ဒီပို့စ်ကြောင့် ဩဂုတ် ၂၀ ရက် ညနေ ၅ နာရီ ၁၀ မိနစ်မှာ အာဏာပိုင်တွေက ဖမ်းဆီးအပြီး လှိုင်သာယာအရှေ့ပိုင်း မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဩဂုတ် ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လှိုင်သာယာဒေသခံတစ်ဦးက ဒေါ်အောင်ဆန်းစုကြည့်ခေတ်ရေဘေးနဲ့ စစ်တပ်ခန့်အစိုးရခေတ်ရေဘေး ဘာကွာလဲဆိုတာ TikTok လူမှုကွန်ရက်မှာ ပြန်လည်မျှဝေခဲ့တာကြောင့် အခုလို ဖမ်းခံလိုက်ရတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ ကိုသူရိယနေမင်းက သူ့ရဲ့ TikTok အကောင့်မှာ တင်လို့ ဖမ်းခံလိုက်ရတာလို့ ပြောပါတယ်။ အခုဖမ်းခံလိုက်ရတဲ့ ဗီဒီယိုက DVB သတင်းဌာနမှာ တင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လှေပေါ်ကနေ ရေဘေးသွားကြည့်ခဲ့တဲ့ရုပ်သံနဲ့ မင်းအောင်လှိုင် လေယာဉ်ပေါ်ကနေ ရေဘေးသွားကြည့်တဲ့ရုပ်သံကို ၂ ခု ဖြတ်ညှပ်ကပ်လုပ်ပြီး အမေစုခေတ်ရေဘေး ဘာကွာလဲ ဆိုပြီး ရေဘေးမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုကူညီခဲ့လဲဆိုတာ သိစေချင်လို့ တင်လိုက်တာကနေ ပို့စ်တင်ပြီး မကြာလိုက်ဘူး ဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်ဗျ”
စစ်အာဏာပိုင်တွေကတော့ ဘယ်ဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားတယ်ဆိုတာကို အသေးစိတ် ထုတ်ပြန်တာမရှိသေးပါဘူး။
သူ့ရဲ့လက်ရှိအခြေအနေ၊ မိသားစုနဲ့ ရှေ့နေတွေ့ခွင့် ရှိ၊ မရှိ သိနိုင်ဖို့ လှိုင်သာယာအရှေ့ပိုင်း မြို့မရဲစခန်းနဲ့ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ရန်ကုန်တိုင်းပြန်ကြားရေး၊ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ သတင်းထုတ်လွှင့်ချိန်အထိ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေကတော့ လူမှုကွန်ရက်ပေါ် ပို့စ်တင်တာနဲ့ မှတ်ချက်ရေးသားတာတွေကြောင့် ဖမ်းဆီးအရေးယူမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဒီလုပ်ရပ်တွေဟာ စစ်အာဏာပိုင်တွေက လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတာလို့ ဝေဖန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကလည်း သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးနဲ့ပတ်သက်တဲ့ သတင်းအောက်မှာ ဇွန် ၅ ရက်က မှတ်ချက်ရေးသားခဲ့တဲ့ ပဲခူးမြို့က အသက် ၆၈ နှစ်အရွယ် ဒေါ်ကျင်စိုးကို စစ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ဒေါ်ကျင်စိုးကို ဘယ်ဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားသလဲဆိုတာ ထုတ်ပြန်ထားခြင်းမရှိခဲ့ပါဘူး။ အလားတူ “လရောင်အောက်က ကုမုဒြာ” သီချင်းနဲ့ပတ်သက်တဲ့ ပို့စ်အောက်မှာ မှတ်ချက်ရေးသားခဲ့တဲ့ တောင်ကြီးမြို့က မဧကရီကျော် (ခ) မနန်းဧကရီကျော်ကိုလည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့် ဖမ်းဆီးခဲ့ပါတယ်။
စစ်အာဏာပိုင်တွေကတော့ လူမှုကွန်ရက်ကနေ လှုံ့ဆော်ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာ တွေပြုလုပ်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ၊ ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ အာဏာသိမ်းအပြီး တစ်နှစ်နီးပါးအကြာ ၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်နေ့က တရားဝင် ကြေညာထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ် ၂၄ ရက် ထုတ်ပြန်ထားတဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူ ၃၁,၈၁၅ ဦးရှိပြီး၊ ဖမ်းဆီးခံရသူတွေထဲမှာ ထိန်းသိမ်းခံနေရဆဲလို့ အတည်ပြုနိုင်သူ ၁၄,၇၃၈ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။
