အာဏာသိမ်းကာလ အွန်လိုင်းပေါ် ဝေဖန်ရေးသားမှုကြောင့် ဖမ်းဆီးခံရသူ နှစ်ထောင်ကျော် ရှိလာ

မြန်မာနိုင်ငံက မြို့နယ် ၂၂၇ မြို့နယ်မှာ ဖမ်းဆီးအရေးယူတာတွေ ရှိခဲ့ပြီး ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းတို့မှာ အများဆုံးဟုဆို။

လူမှုကွန်ရက်ပေါ်မှာ စစ်အာဏာသိမ်းမှုကို ဝေဖန်တာနဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ထောက်ခံရေးသား၊ ပြောဆိုတာတွေကြောင့် ဖမ်းဆီးခံရသူ နှစ်ထောင်ကျော် (၂,၀၂၉ ဦး) ရှိလာပြီလို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ Data For Myanmar က စက်တင်ဘာ ၂၃ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့် ဆုံးရှုံးခဲ့ရတယ်လို့ ဘုတလင်မြို့နယ် သပိတ်အင်အားစုမှာ ဦးဆောင်ပါဝင်သူ ကိုရှင်းသန့်က RFA ကို ပြောပါတယ်။

“လွတ်လပ်စွာ ရေးသားဖော်ထုတ်ပြောဆိုခွင့်ကတော့ အာဏာသိမ်းကတည်းက မြန်မာနိုင်ငံမှာ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာလည်း သူတို့ အုပ်ချုပ်နေသရွေ့၊ မတရားသဖြင့် အာဏာသိမ်းထားနေသရွေ့ကတော့ လွတ်လပ်စွာ ရေးသားဖော်ထုတ်ပြောဆိုခွင့် ရမှာမဟုတ်ဘူးလို့ မြင်ပါတယ်”

Data For Myanmar က မှတ်တမ်းတင်ထားတဲ့ စာရင်းအရ မြန်မာနိုင်ငံက မြို့နယ် ၂၂၇ မြို့နယ်မှာ ဖမ်းဆီးအရေးယူတာတွေ ရှိခဲ့ပြီး ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းတို့မှာ အများဆုံးဖြစ်ခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁,၃၁၅ ဦးနဲ့ အမျိုးသမီး ၇၁၄ ဦး ပါဝင်ပါတယ်။

Facebook၊ TikTok၊ Telegram၊ Viber နဲ့ YouTube စတဲ့ လူမှုကွန်ရက်တွေကနေ စစ်အာဏာသိမ်းမှုကို ဝေဖန်တာ၊ အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ အဖွဲ့အစည်းတွေကို ထောက်ခံရေးသားပြောဆိုတာတွေကြောင့် ဖမ်းဆီးခံရတာလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၂၆ ခုနှစ်အတွင်းမှာတော့ လုံခြုံရေးကို ထိခိုက်စေတဲ့ အကြောင်းအရာတွေတင်မကဘဲ နိုင်ငံရေးအမြင်သဘောထား မတူတဲ့ မှတ်ချက်ပေးတာနဲ့ မျှဝေတာတွေကြောင့်ပါ ဖမ်းဆီးအရေးယူတာတွေ ရှိလာတယ်လို့ Data For Myanmar က ဆိုပါတယ်။

အဲဒီထဲမှာ စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင် ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က ရေဘေးသင့်ဒေသတွေကို လေကြောင်းကနေ သွားရောက်ကြည့်ရှုတဲ့ ရုပ်သံနဲ့ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ပဲခူးတိုင်းက ရေဘေးသင့်ပြည်သူတွေကို လှေစီးပြီး သွားရောက်တွေ့ဆုံခဲ့တဲ့ ရုပ်သံတွေကို နှိုင်းယှဉ်ဖော်ပြထားတဲ့ ဗီဒီယိုကို TikTok မှာ တင်ခဲ့သူတစ်ဦး ဖမ်းဆီးအရေးယူခံရတဲ့အခြေအနေလည်း ပါဝင်ပါတယ်။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ နေထိုင်တဲ့ ကိုသန်းစိုးဦး (ခ) ကိုနေမင်းဟာ အဲဒီဗီဒီယိုကြောင့် ဩဂုတ် ၂၀ ရက်မှာ ဖမ်းဆီးခံခဲ့ရပြီး ရဲစခန်းမှာ အမှုဖွင့်ခံထားရတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ဦးမင်းအောင်လှိုင်ကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ “လရောင်အောက်က ကုမုဒြာ” သီချင်းနဲ့ပတ်သက်တဲ့ Facebook ပို့စ်တစ်ခုအောက်မှာ ဝေဖန်မှတ်ချက် ရေးသားခဲ့တဲ့ တောင်ကြီးမြို့က မဧကရီကျော် (ခ) မနန်းဧကရီကျော်ကိုလည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်ဖမ်းဆီးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် လူမှုကွန်ရက်ပလက်ဖောင်းတွေကို ထိန်းချုပ်ဖို့ အင်တာနက်ဖြတ်တောက်တာ၊ ဝက်ဘ်ဆိုက်တွေကို ပိတ်ဆို့တာနဲ့ Facebook အပါအဝင် လူသုံးများတဲ့ လူမှုကွန်ရက်တွေကို ကန့်သတ်ပိတ်ပင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ Data For Myanmar အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က သီးခြားတုံ့ပြန်ချက် မတွေ့ရသေးပါဘူး။

စစ်တပ်ခန့်အစိုးရကတော့ လူမှုကွန်ရက်ကနေ လှုံ့ဆော်ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေ ပြုလုပ်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-ကနဲ့ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ သူတို့ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေကနေ မကြာခဏ ထုတ်ပြန်ထားပါတယ်။

Data For Myanmar ရဲ့ စာရင်းထဲမှာတော့ ၂၀၂၅ ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူခံခဲ့ရသူတွေကို ထည့်သွင်းရေတွက်မထားဘူးလို့ အဖွဲ့က ဆိုပါတယ်။

စစ်တပ်က ကျင်းပခဲ့တဲ့ ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲကာလ ပြင်ဆင်ချိန်နဲ့ မဲပေးပွဲကာလအတွင်းမှာလည်း အွန်လိုင်းက ထုတ်ဖော်ရေးသားမှုတွေနဲ့ဆက်စပ်ပြီး ဖမ်းဆီးအရေးယူတာတွေ ရှိခဲ့ပါတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ သုံးလအတွင်း အွန်လိုင်းပေါ်ကနေ ဝေဖန်ထုတ်ဖော်ရေးသားတာတွေကြောင့် အနည်းဆုံး ၄၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မြန်မာအင်တာနက်ပရောဂျက် (MIP) ရဲ့ စာရင်းတွေအရ သိရပါတယ်။ အဲဒီထဲက တချို့ကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ အရေးယူခဲ့ပါတယ်။

လူမှုကွန်ရက်အသုံးပြုသူတွေအနေနဲ့ မိမိတို့ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ လုံခြုံမှုရှိအောင် သတိထားအသုံးပြုသင့်သလို ခရီးမသွားခင်မှာလည်း ကိုယ်ရေးအချက်အလက်နဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးအတွက် လိုအပ်တဲ့ အစီအမံတွေကို ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ Data For Myanmar က အကြံပြုထားပါတယ်။