အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမေရိကန် နိုင်ငံသားတွေ ဖြစ်တဲ့ မြေလျင်ဆိုင်ရာ သုတေသန ပညာရှင် ဒေါက်တာ ယိုလင်းချန်း (Youlin Chen) နဲ့ မြန်မာ့အရေး သုတေသီ ဦးမင်းဇင် တို့ကို မတရားဖမ်းဆီးထိန်းသိမ်းခံနေရသူများအဖြစ် သတ်မှတ်ထားကြောင်း၊ အခုတစ်ပတ် သမ္မတ ဒေါနယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံတဲ့အခါ သမ္မတထရန့် အနေနဲ့ ဒီနှစ်ဦးရဲ့ အမှုကို ထည့်သွင်းပြောကြားလိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က စက်တင်ဘာ ၂၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကို ချစ်ကြည်ရေးခရီးလာရောက်မယ့် တရုတ်သမ္မတရဲ့ ခရီးစဥ်မတိုင်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
“အမေရိကန်အစိုးရအနေနဲ့ မတရားဖမ်းဆီးခံရတဲ့ အမေရိကန်နိုင်ငံသားတွေအရေးကို နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲတွေမှာတင်မက အပြန်အလှန်ဆက်ဆံသွယ်ရေးနဲ့ ဘယ်လိုတွေ့ဆုံမှုမျိုးမှာဖြစ်ဖြစ် အမြဲရှေ့တန်းထားလေ့ရှိပါတယ်။ ဒါဟာ ဒီအစိုးရလက်ထက်မှာ အမြဲမပြတ်လုပ်နေတဲ့ အလုပ်ပါ။”

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အထူးပြုလေ့လာတဲ့ အကြံပေးအဖွဲ့ (Think Tank) တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (Institute for Strategy and Policy - Myanmar or ISP Myanmar) ရဲ့ တည်ထောင်သူနဲ့ အမှုဆောင် ဒါရိုက်တာဖြစ်တဲ့ ဦးမင်းဇင်ကို ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က တရုတ်ယူနန်ပြည်နယ် ကူမင်းလေဆိပ်မှာ အဖမ်းဆီးခံခဲ့ရအပြီး ရက်ပိုင်းအတွင်း သြဂုတ်လ ၂၁ ရက်နေ့မှာ “မတရားဖမ်းဆီး ထားခံရသူ”အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သတ်မှတ်ခဲ့ပါတယ်။
အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတတို့ တွေ့ဆုံရင် ဦးမင်းဇင် လွတ်မြောက်ရေးကို ကြိုးပမ်းပေးဖို့ စက်တင်ဘာ ၁၆ ရက်နေ့က အမေရိကန်အောက်လွှတ်တော်ကြားနာပွဲမှာ ဇနီးဖြစ်သူ ဒေါ်ဆယ်ဗီယာဇင်က တောင်းဆိုခဲ့ပါတယ်။
ဒေါက်တာယိုလင်းချန်းနဲ့ ဦးမင်းဇင်တို့ကို မတရားဖမ်းဆီးထားတာကို အမေရိကန်လွှတ်တော်က နှစ်ပါတီ ပေါင်းပြီး ပြန်လွှတ်ပေးရေး ဆုံးဖြတ်ချက်ချတောင်းဆိုထားတာကို တရုတ်အစိုးရအနေနဲ့ သတိထားမိပြီး အမြန်ဆုံးပြန်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်လို့ ဒေါက်တာယိုလင်ချန်းနေထိုင်ရာ မန်ဆာချူးဆက် ပြည်ဆိုင်ရာ အထက်လွှတ်တော်အမတ် အက်ဒါ မာကီ (Ed Markey) က မကြာခင်က ပြောကြားထားပါတယ်။
ဒေါက်တာယိုလင်ချန်းဟာ ၂၀၂၄ အောက်တိုဘာက မိဘဆွေမျိုးတွေနေထိုင်ရာ တရုတ်နိုင်ငံကို အလည်ပတ်သွားအပြီး အိမ်အပြန် ဘီကျင်းလေဆိပ်မှာ အဖမ်းခံရတာဖြစ်ပြီး သူလျှိုအမှုနဲ့ တရုတ်အစိုးရက ဖမ်းဆီး စွပ်စွဲထားပါတယ်။
