မြန်မာစစ်တပ်ခန့်အစိုးရအကြီးအကဲ သမ္မတဦးမင်းအောင်လှိုင်ကို မလေးရှားနိုင်ငံကို ချစ်ကြည်ရေးခရီး အလည်ပတ်လာရောက်ဖို့ ဖိတ်ကြားမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က စက်တင်ဘာ ၁၆ ရက်နေ့က ပြောကြားလိုက်ပြီး မြန်မာခေါင်းဆောင်ပိုင်းနဲ့ မပြီးပြတ်သေးတဲ့ ဒုက္ခသည်ပြန်ပို့ရေးကိစ္စတွေ ဆက်ဆွေးနွေးအဖြေရှာဖို့ လိုအပ်တယ်လို့လည်း ပြောလိုက်ပါတယ်။
ဒီကိစ္စကို ပြည်ထဲရေးနဲ့ အစိုးရအဖွဲ့ကို တာဝန်ပေးထားပြီး အဓိက ရည်ရွယ်ချက်ကတော့ မလေးရှားက မြန်မာဒုက္ခသည်တွေ တဖြည်းဖြည်း မြန်မာက ပြန်လက်ခံရေး သဘောတူညီချက်ရဖို့ပါလို့ မလေးရှားဝန်ကြီးချုပ်က ဆိုပါတယ်။
“မိမိအနေနဲ့ သူ့ (ဦးမင်းအောင်လှိုင်)ကို ဖိတ်ပြီး မိမိတို့ဟာ မိတ်ဆွေတွေနဲ့ ကုန်သွယ်ဘက်တွေပါဆိုတာ ပြောမယ်၊ တစ်ဖက်မှာလည်း မလေးရှားရောက် မြန်မာဒုက္ခသည်တွေကို ပြန်လက်ခံဖို့လည်း ဆွေးနွေးဖို့ဖြစ်ပါတယ်။ ဒုက္ခသည် ၂ သိန်းလုံး ချက်ချင်း ပြန်လက်မခံနိုင်ရင်တောင် တဖြည်းဖြည်းနဲ့ ပြန်လက်ခံဖို့ ဆွေးနွေးဖို့ပါပါတယ်။”
မြန်မာနိင်ငံရဲ့လက်ရှိခေါင်းဆောင်ပိုင်းနဲ့ ဆွေးနွေးရေးလမ်းကြောင်းဖွင့်တာဟာ မရှိမဖြစ်လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံဘန်ကောက်မှာ တစ်ကြိမ်၊ တရုတ်နိုင်ငံ ဘီကျင်းမြို့မှာ တစ်ကြိမ် လူသားချင်းစာနာမှုနဲ့ လုံခြုံရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြောင်း၊ အလားတူ မလေးရှားက မြန်မာဒုက္ခသည်အရေးလည်းပါကြောင်း သူကပြောပါတယ်။
မလေးရှားနိုင်ငံဟာ အခုလ ကုန်မှာ ရိုဟင်ဂျာမူဆလင်အများစုပါတယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြထားတဲ့ မြန်မာဒုက္ခသည် ၁၅၀၀ နီးပါးကို ပထမဆုံးအသုတ် မြန်မာနိုင်ငံကို ပြန်ပို့ဖို့ရှိပါတယ်။
ဒီအစဥ်အရ ပထမအဆင့်ကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ စတင်မှာဖြစ်ပြီး မြန်မာဘက်က ဖော်ထုတ် ပေးပို့ ထားတဲ့ မြန်မာနိုင်ငံသား ၁၄၇၆ ဦးပါမယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ သူတို့ကို မြန်မာရေတပ် စစ်သင်္ဘောနှစ်စင်းနဲ့ ဆေးရုံသင်္ဘောတစ်စင်း အသုံးပြုသယ်ဆောင်မယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ်အတွင်း မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ ၄၀၀၀ ကျော်ကို အစိုးရအသိအမှတ်ပြု ဒုက္ခသည် မှတ်ပုံတင်စာရွက်စာတမ်း (DPP) အစီအစဉ်နဲ့ မှတ်ပုံတင်ပေးမှာဖြစ်ပြီး ကျန် ၅၀၀၀ကိုတော့ မြန်မာနဲ့ သဘောတူထားတဲ့အတိုင်း မိမိဆန္ဒအလျောက် နေရပ်ပြန်ရေးလုပ်ငန်းစဉ်နဲ့ ပြန်ပို့မယ်လို့လည်း မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားပါတယ်။
ဒီလို အတင်းအကြပ် ပြန်ပို့တာဟာ သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာဖြစ်ကြောင်း၊ သူတို့ကို ပြန်ပို့အစား တရားဝင် နေထိုင်ခွင့်အဆင့်သတ်မှတ်ပေးဖို့နဲ့ သူတို့အသက်လုံခြုံရေးကို ကာကွယ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က သြဂုတ်လ ၃ ရက်နေ့က ကြေညာချက်ထုတ်ပြန် ထောက်ပြထားပါတယ်။
HRW ရဲ့ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး ဘရိုင်ရိုနီ လော (Bryony Lau) က “မြန်မာပြည်ပြန်ရောက်ရင် လူံအခွင့်အရေးချိုးဖောက်မှုတွေနဲ့အတူ ဖိနှိပ်မှုတွေလည်း ကြုံရဖို့ရှိတဲ့အတွက် ရိုဟင်ဂျာ ၅၀၀၀ ကိုပြန်ပို့တာကို ရပ်ဖို့ တိုက်တွန်း”ထားပါတယ်။
အသက်အန္တရာယ်ဘေးကျရောက်နိုင်တယ်ဆိုရင် မလေးရှားရောက် ရိုဟင်ဂျာ ၅၀၀၀ မြန်မာနိုင်ငံပြန်ပို့မဲ့ အစီအစဥ်ကို ဆက်အကောင်အထည်မှာ မဟုတ်ပါဘူးလို့ မလေးရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဖာမီ ဖတ်ဇေး (Fahmi Fadzil) က သြဂုတ်လ ၅ ရက်နေ့က တုံ့ပြန် ပြောကြားခဲံ့ပါတယ်၊
မြန်မာနိုင်ငံကလည်း သူတို့ကို လုံခြုံရေးနဲ့ဂုဏ်သိက္ခာရှိရှိ ပြန်လက်ခံမယ်လို့ ကြေညာချက် ထုတ်ပြန်ပြောထား ပါတယ်။
ဇူလိုင် ၂၃ ရက်နေ့က မလေးရှား ဒုနိုင်ငံခြားရေးဝန်ကြီးက မလေးရှားလွှတ်တော်မှာ လူဝင်မှုကြီးကြပ်ရေးဌာန အကျဥ်းထောင်တွေထဲမှာ မြန်မာနိုင်ငံသား ၅၀၀၀ ကို မြန်မာပြည်ပြန်ပို့ဖို့ စီစဥ်နေကြောင်း ပထမဆုံး တင်ပြခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့မှာ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာဘက်က သဘောတူညီချက်ရခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
