အန္တရာယ်ရှိနိုင်ရင် ရိုဟင်ဂျာ ၅၀၀၀ အား မြန်မာနိုင်ငံ ပြန်ပို့မည်မဟုတ်ဟု မလေးရှားပြော

မြန်မာနိုင်ငံကပဋိပက္ခကို ဦးဆောင် တုံ့ပြန်ရမယ့်အစား ပစ်မှတ်ထား ဖိနှိပ်ခံရသူတွေကို အတင်းအကြပ်ပြန်ပို့ဖို့ မလေးရှားလုပ်နေဟု HRW ဝေဖန်။

အသက်အန္တရာယ်ဘေးကျရောက်နိုင်တယ်ဆိုရင် မလေးရှားရောက် ရိုဟင်ဂျာ ၅၀၀၀ မြန်မာနိုင်ငံပြန်ပို့မဲ့ အစီအစဥ်ကို ဆက်အကောင်အထည်မှာ မဟုတ်ပါဘူးလို့ မလေးရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဖာမီ ဖတ်ဇေး (Fahmi Fadzil) က သြဂုတ်လ ၅ ရက်နေ့က ပြောကြားလိုက်ပါတယ်။

“မလေးရှားနိုင်ငံဟာ တာဝန်ခံမှု၊ တာဝန်ယူမှုရှိတဲ့ နိုင်ငံတစ်နိုင်ငံပီပီ မြန်မာနိုင်ငံပြန်ရောက်ရင် အဖိနှိပ်ခံရမယ်၊ သူတို့အသက်အန္တရာယ် ခြိမ်းခြောက်မှု အန္တရာယ်ရှိမယ်ဆိုရင် ပြန်ပို့မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အစိုးရက သူတို့အနေနဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အဆင်သင့်ဖြစ်ပါပြီလို့ပြောတယ်။ ဒါပေမယ့် မလေးရှားအနေနဲ့ ပထမဆုံး ဘယ်လိုမူဘောင်နဲ့ ပြန်လက်ခံမယ် ဆိုတာကိို အရင် စစ်ဆေးပြီးမှာ ပြန်ပို့မပို့ဆိုတာ ဆက်အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ ”

မြန်မာနိုင်ငံက စစ်တပ်ခန့်အစိုးရကတော့ ဒီလိုပြန်ပို့တာလက်ခံမယ်ဆိုတဲ့ သတင်းတွေအပေါ် တစုံတရာ လူသိရှင်ကြား ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ဇူလိုင်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံအနေနဲ့ မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၅၀၀၀ ခန့်ကို လက်ခံဖို့ သဘောတူထားတယ်လို့ ပြောကြားခဲ့အပြီး ဒီအစီအစဥ်ကို လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။

ဒီလို အတင်းအကြပ် ပြန်ပို့တာဟာ သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာဖြစ်ကြောင်း၊ သူတို့ကို ပြန်ပို့အစား တရားဝင် နေထိုင်ခွင့်အဆင့်သတ်မှတ်ပေးဖို့နဲ့ သူတို့အသက်လုံခြုံရေးကို ကာကွယ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က သြဂုတ်လ ၃ ရက်နေ့က ကြေညာချက်ထုတ်ပြန် ထောက်ပြထားပါတယ်။

HRW ရဲ့ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး ဘရိုင်ရိုနီ လော (Bryony Lau) က မြန်မာပြည်ပြန်ရောက်ရင် လူံအခွင့်အရေးချိုးဖောက်မှုတွေနဲ့အတူ ဖိနှိပ်မှုတွေလည်း ကြုံရဖို့ရှိတဲ့အတွက် ရိုဟင်ဂျာ ၅၀၀၀ ကိုပြန်ပို့တာကို ရပ်ဖို့ တိုက်တွန်းပါတယ်။

“မလေးရှားအနေနဲ့ ဒေသတွင်းမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဦးဆောင် တုံ့ပြန်ရမယ့် အစား မြန်မာစစ်တပ်က ပစ်မှတ်ထား ဖိနှိပ်ရက်စက်တာခံထားရတဲ့ လူတွေကို အတင်းအကြပ် ပြန်ပို့ဖို့ ကြိုးပမ်းနေတဲ့လုပ်ရပ်ဖြစ်နေပါတယ်၊”

ဇူလိုင် ၂၃ ရက်နေ့က မလေးရှား ဒုနိုင်ငံခြားရေးဝန်ကြီးက မလေးရှားလွှတ်တော်မှာ လူဝင်မှုကြီးကြပ်ရေးဌာန အကျဥ်းထောင်တွေထဲမှာ မြန်မာနိုင်ငံသား ၅၀၀၀ ကို မြန်မာပြည်ပြန်ပို့ဖို့ စီစဥ်နေကြောင်း ပထမဆုံး တင်ပြခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့မှာ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာဘက်က သဘောတူညီချက်ရခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီအရေးကိစ္စအကောင်အထည်ဖော်ဖို့ အစပိုင်းမှာ ခက်ခဲခဲ့ပေမယ့် မြန်မာနဲ့ မလေးရှား နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံပြီး နောက်ဆုံးမှာ အောင်မြင်ခဲ့တာပါလို့သူက ပြောပါတယ်။

မလေးရှားနိုင်ငံဟာ ဒုက္ခသည်အရေးနဲပတ်သက်လို့ ဇန်နဝါရီလက စတင်ခဲ့တဲ့ ဒုက္ခသည် မှတ်ပုံတင် အထောက်အထား(DPP) အစီအစဥ်အရ စနစ်တကျ ကိုင်တွယ်ဖြေရှင်းလိုတဲ့အတွက် ဒုက္ခသည် တွေကို မှတ်ပုံတင်ပေးတာတွေ ယာယီ ဆိုင်းငံ့ပေးဖို့ UNHCR ရုံးကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က (Mohamad Hasan) ဇူလိုင်လ ၂၃ ရက်နေ့က တောင်းဆိုထားပါတယ်။

မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက UNHCR နဲ့ ပူးပေါင်းပြီး ဒုက္ခသည်စိစစ်လက်ခံတာကို တင်းတင်း ကြပ်ကြပ် လုပ်ဆောင်နေပြီး ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းမရှိရင် မလေးရှားနိုင်ငံကို ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် မလေးရှားနိုင်ငံမှာ ရုံးဆက်မဖွင့်စေလိုကြောင်း၊ UNHCR ရုံးဟာ ဒုက္ခသည်တွေကို မလေးရှားကိုလာရောက်ဖို့ ဆွဲဆောင်ရာရုံးတစ်ခုဖြစ်နေကြောင်းလည်း သူကပြောပါတယ်။

မလေးရှား UNHCR ရုံးရဲ့ မှတ်တမ်းတွေအရ ၂၀၂၆ ဖေဖော်ဝါရီလကုန်အထိ ရိုဟင်ဂျာ ဒုက္ခသည် ၁၂၆၀၀၀ ခန့်ကို ဒုက္ခသည်မှတ်ပုံတင်ထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။