မြန်မာနိုင်ငံအကျပ်အတည်းကို အမြန်ဆုံးဖြေရှင်းရေး မလေးရှား၊ ထိုင်းနဲ့ ဘရူနိုင်းတို့ သဘောတူညီခဲ့ကြောင်း The Straits Times သတင်းက ဇန်နဝါရီ ၁၈ ရက်နေ့က ဖော်ပြပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆရီ မိုဟာမက် ဟာဆန် (Datuk Seri Mphamad Hasan)၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မရစ်ဆင်ညာန်ဖုန် (Maris Sangiampongsa) နဲ့ ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး Datuk Seri Erywan Mohd Yusof တို့ သီးခြားတွေ့ဆုံမှုအတွင်း သဘောတူညီခဲ့တာလို့ ဆိုပါတယ်။
မလေးရှားနိုင်ငံ လန်ကာဝီမှာ ဇန်နဝါရီ ၁၉ ရက် တနင်္ဂနွေနေ့ မှာ စတင်ကျင်းပမဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မျက်နှာစုံညီစည်းဝေးမတိုင်ခင် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ဒီတွေ့ဆုံပွဲအတွင်း မြန်မာနိုင်ငံက အကျပ်အတည်းကို အမြန်ဆုံးဖြေရှင်းသင့်ကြောင်းနဲ့ အာဆီယံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေကြား စည်းလုံးညီညွတ်ရေးနဲ့ ဗဟိုချုပ်ကိုင်မှုရဲ့အရေးပါမှုကို အလေးပေးဆောင်ရွက်သင့်ကြောင်း သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။
မနက်ဖြန် မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပမဲ့ နိုင်ငံခြားရေးဝန်ကြီးများ မျက်နှာစုံညီအစည်းအဝေးမှာ မြန်မာနိုင်ငံအကျပ်အတည်း၊ ပထဝီနိုင်ငံရေး တင်းမာမှုနဲ့ အခြားဒေသတွင်း တည်ငြိမ်အေးချမ်းမှုတွေကို ထိခိုက်စေတဲ့ စိန်ခေါ်မှုတွေအကြောင်း ဆွေးနွေးသွားမယ်လို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဒါတွတ်စရီ မိုဟာမက် ဟာဆန် က ပြောကြားထားပါတယ်။
ဒီအစည်းအဝေးမှာ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အကြီးတန်းအရာရှိတွေ တက်ရောက်ကြမှာဖြစ်ပြီး အာဆီယံအဖွဲ့သွားနေတဲ့ လားရာနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။