မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အထူးပြုလေ့လာတဲ့ အကြံပေးအဖွဲ့ (Think Tank) တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (Institute for Strategy and Policy - Myanmar or ISP Myanmar) ရဲ့ တည်ထောင် သူနဲ့ အမှုဆောင် ဒါရိုက်တာဖြစ်တဲ့ ဦးမင်းဇင်ကို တရုတ်နိုင်ငံရဲ့ သူလျှိုလုပ်မှု၊ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ကို ထိပါးစေမှု သံသယတွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ဇွန်လ ၁၂ ရက်နေ့က အတည်ပြုပြောကြားလိုက်ပါတယ်။
“ဦးမင်းဇင်ကို သူလျှိုလုပ်ငန်းမှာ ပါဝင်ပတ်သက်မှုနဲ့ တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အန္တရာယ် ဖြစ်စေတယ်လို့ သံသယရှိတဲ့အတွက် တည်ဆဲ ဥပဒေအရ သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးထားတယ် လို့ သိရပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ဇွန်လ ၁၂ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောပါတယ်။
သူ့ကို ဖမ်းဆီးထားကြောင်းလည်း တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးချုပ် ကို အကြောင်းကြားထားပြီးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်ပြီး တရုတ်-မြန်မာဆက်ဆံရေး၊ မြန်မာ့နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ အကြောင်းတွေကို လေ့လာသူ ပညာရှင်တစ်ဦးဖြစ်တဲ့ ဦးမင်းဇင်ကို ယူနန်ပြည်နယ် ကူမင်းလေဆိပ်မှာ တရုတ်အစိုးရအာဏာပိုင်တွေက ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ယူနန်တက္ကသိုလ် ပညာရှင်တစ်ဦးက ဖိတ်ကြားတဲ့အတွက် သွားရောက်စဥ် လေဆိပ်မှာ အဖမ်းခံရတာလို့ ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ဧရာဝတီသတင်းဌာန ရေးသားပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ “တရုတ်နိုင်ငံမှာ အမေရိကန်နိုင်ငံသားတစ်ဦး ဖမ်းဆီးထိန်း သိမ်းခံ ထားရတယ် ဆိုတာကို သိရှိထားကြောင်း၊ အမေရိကန်နိုင်ငံသားတဦး ဖမ်းဆီးခံရတဲ့အခါတိုင်း ကောင်စစ်ဆိုင်ရာ ကူညီပံ့ပိုးမှုတွေပေးဖို့ ဆောင်ရွက်ထားကြောင်း” အမေရိကန်နိုင်ငံသားတစ်ဦးကို တရုတ်အစိုးရက အခုလို ဖမ်းဆီးလိုက်တာနဲ့ပတ်သက်လို့ နယူးယောက်တိုင်းစ် (The New York Times) သတင်းစာရဲ့ မေးမြန်းချက်ကို ဖြေကြားထားပါတယ်။
ဦးမင်းဇင်တရုတ်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ISP Myanmar ရဲ့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဦးအောင်သူငြိမ်းကို RFA က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပြီး တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားတာ မရှိသေးပါဘူး။
ဦးမင်းဇင်ဟာ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းတွေက ဧရာဝတီသတင်းဌာနမှာ အယ်ဒီတာ၊ ၂၀၀၃ ကနေ ၂၀၀၈ အထိ လွတ်လပ်တဲ့ အာရှအသံ (RFA) အကြီးတန်းအသံလွှင့်သတင်းထောက် လုပ်ဆောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် တက္ကသိုလ်( ဘာကလေ)မှာ သတင်းစာပညာနဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်တွေကို တက်ရောက်လေ့လာခဲ့သူဖြစ်ပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ့(Institute for strategy and policy - Myanmar( ISP Myanmar)ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ဒီအဖွဲ့ဟာ မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ ခေါင်းဆောင်မှုဆိုင်ရာ ပါဝင်ဆောင်ရွက်မှု၊ ပြင်ပဆက် သွယ်ရေးအစီအစဉ်တွေ၊ ငြိမ်းချမ်းရေးနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာထားတဲ့ သုတေသနအစီရင်ခံစာတွေ ထုတ်ပြန်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
