ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ စတုတ္ထအကြိမ် ပါတီညီလာခံကို စက်တင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ နေပြည်တော်က ပါတီဌာနချုပ်မှာကျင်းပခဲ့ပါတယ်။
ဒီညီလာခံမှာ ဦးခင်ရီကို ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်ခဲ့ပြီး ဦးမြတ်ဟိန်းနဲ့ ဦးသောင်းအေးတို့ကို ဒုတိယ ဥက္ကဋ္ဌတွေ၊ ဦးတင်အောင်ချစ်ကို အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့ပါတယ်။ အဲဒီအပြင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၄၆ ဦးနဲ့ ဗဟိုကော်မတီဝင် ၃၃၆ ဦးကိုလည်း ရွေးချယ်ခဲ့ပါတယ်။
ဒီရလဒ်ဟာ ညီလာခံမတိုင်ခင်ထွက်ပေါ်ခဲ့တဲ့ ဦးမင်းအောင်လှိုင်ဘက်က သူနဲ့နီးစပ်သူတွေကို ပါတီထိပ်ပိုင်းမှာ နေရာပေးလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့တော့ ကွာခြားခဲ့ပါတယ်။ အထူးသဖြင့် ပါတီဥက္ကဋ္ဌနေရာအတွက် ဦးခင်ရီအပြင် ဦးမင်းအောင်လှိုင်နဲ့နီးစပ်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးရဲ့ နာမည်လည်း သတင်းတွေထွက်ပေါ်ခဲ့တာပါ။
ညီလာခံကို မူလသတ်မှတ်ထားတဲ့ရက်ကနေ ရွှေ့ဆိုင်းခဲ့ရတာဟာလည်း ပါတီအတွင်း ထိပ်ပိုင်းရာထူးတွေ ခွဲဝေရေးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိခဲ့တာကြောင့်ဖြစ်တယ်လို့ ပါတီနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။
လက်ရှိရလဒ်ထွက်ပေါ်လာတာကတော့ ပါတီထိပ်ပိုင်းမှာ အပေးအယူတွေရှိနိုင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ပါတယ်။
“ခင်ရီလည်း သူ့ဟာနဲ့သူ ပုံစံမကျဘူးထင်ရင်တော့ အကြောင်းတစ်ခုခုပြပြီးတော့ ပါတီရာထူးကနေ ထုတ်မှာ ပဲလေ။ အပေးအယူပေါ့၊ ဆိုတော့ ‘မင်းက ဒါမလုပ်နဲ့၊ မင်းက ဒါလုပ်’၊ ‘မင်း လက်ခံသလား၊ လက်မခံဘူးလား’ ဆိုတော့ ‘ဟုတ်ကဲ့ လက်ခံပါတယ်’ ဆိုရင်တော့ ဒါ အဲဒီရာထူးသူ ပြန်ရတဲ့သဘောပါပဲ”
ဒါပေမဲ့ ပါတီအတွင်း အုပ်စုဖွဲ့တာ၊ သဘောထားကွဲတာတွေ မရှိဘူးလို့ USDP ပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း က ပါတီညီလာခံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
“ကျွန်တော်တို့ ပါတီတွင်းမှာ အုပ်စုဖွဲ့တာတို့၊ တစ်ဦးနဲ့တစ်ဦး ကွဲပြဲတာတို့၊ အစုအဖွဲ့ဖွဲ့တာတို့ အဲဒါတွေကတော့ ဘာမှမရှိပါဘူး။ အောက်ခြေကနေပြီးတော့ ရပ်/ကျေးပါတီကနေပြီးတော့ ပါတီဗဟိုအထိ ပြန်လည်ဖွဲ့စည်းတဲ့ နေရာမှာတောင်မှ ကျွန်တော်တို့က လျှို့ဝှက်မဲဆန္ဒထည့်ပြီးတော့မှ မဲအများဆုံးရတဲ့လူကို ကျွန်တော်တို့ ဥက္ကဋ္ဌ တင်ပေးခဲ့တာ ရှိပါတယ်။ အဲလိုရှိတဲ့အတွက်ကြောင့်မို့လို့ တချို့ နှစ်ရှည်လများ လုပ်ခဲ့တဲ့ ဥက္ကဋ္ဌတွေ အနားယူ သွားပြီးတော့ ကျန်တဲ့လူတွေ New Bloods တွေပေါ့၊ ပညာတတ်လူငယ်တွေ တက်လာတာတွေ ဒါတွေက သာဓကတွေပါ။ အဲဒီအတွက်လည်း ကျန်တဲ့လူတွေက အကုန်လက်ခုပ်တီးပြီးတော့ အကုန်လုံး ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာကြိုဆိုတာတွေရှိပါတယ်”
ညီလာခံမှာတော့ ဦးခင်ရီက ပါတီကို ခေတ်မီပြီး ပြည်သူကိုအခြေပြုတဲ့ မူဝါဒပါတီအဖြစ် တည်ဆောက်သွားမယ်လို့ပြောခဲ့ပါတယ်။
ဒီညီလာခံအပြီး အာရုံစိုက်ခံရတဲ့ နောက်ထပ်အချက်ကတော့ လက်ရှိ စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်း အောင်လှိုင် USDP ပါတီဝင်ဖြစ်လာတာပါ။ ဒါပေမဲ့ ဦးမင်းအောင်လှိုင်ဟာ ပါတီထဲမှာ ဘယ်ရာထူးယူထားတယ်ဆိုတာကိုတော့ ပါတီဘက်ကထုတ်ပြန်ထားတာမရှိသေးပါဘူး။
ဦးမင်းအောင်လှိုင် ပါတီဝင်ဖြစ်လာတာဟာ စစ်တပ်ဗဟိုပြုနိုင်ငံရေးစနစ်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းမှုအဖြစ် ရှုမြင်နိုင်ကြောင်း ဒေါက်တာစိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
“ဗိုလ်ချုပ်မင်းအောင်လှိုင်က သူက ပါတီအခြေခံ (base) ကနေတက်လာတဲ့ သမ္မတ မဟုတ်ဘူး။ သူက စစ်ဘက်ကနေ ရောက်လာတဲ့ဟာပေါ့နော်။ သူကိုယ်တိုင်တောင် ပါတီက အခုမှဝင်တယ်ဆိုတဲ့ဟာမျိုး ကျွန်တော်တို့နားလည်ရတယ်။ အဲဒီအတွက်ကြောင့် ပါတီလိုင်းနဲ့ ပါတီနိုင်ငံရေးလိုင်းကို သီးခြားသမိုင်းတစ်ရပ်အဖြစ် ဖော်ဆောင်ဖို့အတွက်၊ ပြီးသွားရင် ပြုပြင်ပြောင်းလဲရေးမှာ စစ်ဘက်နဲ့အရပ်ဘက်နိုင်ငံရေးမှာ အဲဒီလိုမျှတတဲ့ မျှချေမျိုးရှိဖို့အတွက် ကြိုးစားကြတယ်၊ သူတို့အချင်းချင်းကြားထဲမှာ အဲလိုမျိုးနားလည်မှုရလိုက်တယ်ဆိုတဲ့ သဘောမျိုး ကျွန်တော်တို့နားလည်လို့ရပါတယ်ခင်ဗျ”
ဦးမင်းအောင်လှိုင်တစ်ဦးတည်းက ပါတီကိုပါ ချုပ်ကိုင်ခွင့်ရရင် နိုင်ငံရေး၊ စီးပွားရေးအခြေအနေ ပိုဆိုးလာနိုင်တယ်ဆိုတဲ့စိုးရိမ်ချက်တွေကြောင့် အခုလို အာဏာခွဲဝေထားတဲ့ ပုံစံကို ရွေးချယ်လာတာဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။
ဒါပေမဲ့ ညီလာခံအပြီးပါတီဖွဲ့စည်းပုံမှာ ဦးမင်းအောင်လှိုင်နဲ့ နီးစပ်သူတွေ လုံးဝဖယ်ရှားခံရတာတော့ မဟုတ်ပါဘူး။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးသက်ပုံနဲ့ ဦးစိုးတင့်နိုင်တို့အပါအဝင် ဦးမင်းအောင်လှိုင်နဲ့နီးစပ်တဲ့ ဗိုလ်ချုပ်ဟောင်းတချို့လည်း ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ၄၆ ဦးထဲမှာ ပါဝင်လာပါတယ်။
ဒါကြောင့် အခုညီလာခံဟာ ခေါင်းဆောင်ရွေးချယ်တဲ့ ညီလာခံတစ်ခုသာမက ဦးမင်းအောင်လှိုင်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍနဲ့ USDP ရဲ့ ရှေ့ဆက်သွားမယ့်ပုံစံကိုပါပြသတဲ့ ညီလာခံတစ်ခုဖြစ်သလို၊ အခုလို အခန်းကဏ္ဍခွဲဝေထားမှုတွေက ဘယ်လောက်အထိ တည်တံ့မလဲဆိုတာ ဆက်စောင့်ကြည့်ရမှာဖြစ်တယ်လို့ လေ့လာသူတွေကပြောကြပါတယ်။
