စစ်တပ်ခန့်အစိုးရသမ္မတ ဦးမင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားဘုရင်ရဲ့ဖိတ်ကြားချက်အရ စက်တင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့မှာ နှစ်ရက်တာသွားရောက်ခဲ့ပါတယ်။
ခရီးစဉ်မှာ ကမ္ဘောဒီးယားရဲ့ အထက်လွှတ်တော်ဥက္ကဋ္ဌ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၊ သူ့ရဲ့သားဖြစ်တဲ့ လက်ရှိဝန်ကြီးချုပ် ဟွန်မာနက်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ခွန်းဆူဒါရီတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပပြီး တာဝန်ယူထားတဲ့အပေါ် ဝမ်းမြောက်တဲ့အကြောင်း ဟွန်ဆန်ကပြောဆိုခဲ့သလို၊ ဟွန်မာနက်ကလည်း မြန်မာနိုင်ငံဟာ ကမ္ဘောဒီး ယားရဲ့ ယုံကြည်စိတ်ချရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ ပြောပါတယ်။ ဦးမင်းအောင်လှိုင်ကလည်း ကမ္ဘောဒီးယားဟာ မြန်မာနိုင်ငံအပေါ် အစဉ်တစိုက်ထောက်ခံခဲ့တဲ့ မိတ်ဆွေနိုင်ငံ ဖြစ်တဲ့အကြောင်းနဲ့ အထူးသဖြင့် ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့အချိန်ကကူညီပေးခဲ့တာကို ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း ပြောခဲ့ပါတယ်။
ဒီခရီးစဉ်အတွင်း အာဆီယံနဲ့နိုင်ငံတကာရေးရာကိစ္စ၊ လုံခြုံရေးနဲ့ကာကွယ်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍတွေမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ သဘောတူခဲ့ပါတယ်။
ကမ္ဘောဒီးယားဟာ သူတို့နိုင်ငံရဲ့အကျိုးစီးပွားကို ဦးစားပေးတာလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက သုံးသပ်ပါတယ်။
“နှစ်နိုင်ငံလုံးကနေပြီးတော့ ဒါက နိုင်ငံအဆင့်ခရီးစဉ်ဖြစ်တယ်ဆိုတဲ့သဘောထားတွေ ထုတ်ပြန်ထားတဲ့အခါ ကျတော့၊ ကမ္ဘောဒီးယားအနေနဲ့ သူတို့က ICC အဖွဲ့ဝင်ဖြစ်နေမှုအပေါ်မှာ အလေးနက်မထားဘူးဆိုတဲ့ အဓိပ္ပာယ် တော့ သက်ရောက်နေပါတယ်။ လက်ရှိကာလမှာဆိုရင်လည်း နိုင်ငံတော်တော်များများက ကိုယ့်နိုင်ငံရဲ့ အမျိုး သားအကျိုးစီးပွားကိုပဲ အဓိကထားတဲ့ အခြေအနေမျိုးဖြစ်တဲ့အခါကျတော့ ကမ္ဘောဒီးယားကလည်း အဲလိုပုံစံမျိုး ပဲလို့ ထင်ပါတယ်”
အခုလိုကမ္ဘောဒီးယားရဲ့ နိုင်ငံတော်အဆင့် ဧည့်ခံမှုအပေါ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကလည်း ဝေဖန် ထားပါတယ်။
Human Rights Watch ရဲ့ အာရှရေးရာဒါရိုက်တာ အယ်လိန်း ပီယာဆန် (Elaine Pearson) က ဦးမင်းအောင် လှိုင်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်နေပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်ခဲ့တာတွေအတွက် ဖမ်းဝရမ်းထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရှေ့နေချုပ်က တောင်းဆိုထားတာကို ထောက်ပြပြီး ကမ္ဘောဒီးယားအနေနဲ့ အခုလို ဂုဏ်ပြုဧည့်ခံတာမျိုးမလုပ်သင့်ဘူးလို့ စက်တင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။ ခရီးစဉ်မတိုင်ခင် စက်တင်ဘာ ၉ ရက်မှာလည်း ကမ္ဘောဒီးယားဟာ ICC အဖွဲ့ဝင်နိုင်ငံ ဖြစ်တာ ကြောင့် ICC ရဲ့ တရားဝင်တောင်းဆိုချက်ရှိလာရင် လိုက်နာဖို့ တာဝန်ရှိတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ Fortify Rights အဖွဲ့ကပြောထားပါတယ်။
မြန်မာစစ်အုပ်စုနဲ့ ကမ္ဘောဒီးယားတို့ဟာ အွန်လိုင်းလိမ်လည်တဲ့ဂိုဏ်းတွေအခြေစိုက်ထားတဲ့ အကျိုးစီးပွားတူညီမှုတွေရှိနေတယ်လို့ Defend Myanmar Democracy အဖွဲ့ရဲ့ တာဝန်ရှိသူ စောအယ်လ်မူးက RFA ကိုပြောပါတယ်။
“ဖမ်းဝရမ်းရှိမယ်ဆိုရင်တောင်မှ ကမ္ဘောဒီးယားအစိုးရအနေနဲ့ မင်းအောင်လှိုင်ကို သူတို့နိုင်ငံထဲကနေ ဖမ်းပြီးတော့ ICC လက်အပ်ဖို့ဆိုတာ မသေချာတဲ့ကိစ္စပေါ့လေ။ သူတို့နှစ်ဖက်လုံးက အကျိုးစီးပွားတူတွေ ဖြစ်နေတာကို ကျွန်တော်တို့ တွေ့နိုင်တယ်။ အနီးဆုံးဥပမာကို ပြောရမယ်ဆိုရင် ကမ္ဘောဒီးယားမှာရော မြန်မာနိုင်ငံထဲမှာရော ကျားဖြန့်တွေ ရှိနေတာကို ကျွန်တော်တို့ တွေ့နိုင်တယ်။ ဒါတွေက သူတို့အချင်းချင်းကြားမှာ တူညီတဲ့ စရိုက် လက္ခဏာတွေ ရှိနေတယ်ဆိုတာကို သုံးသပ်လို့ရတယ်။ အချင်းချင်း ရပ်တည်ပေးကြတဲ့သဘောဆိုတာကို ကျွန်တော်တို့ တွေ့နိုင်ပါတယ်”
ဒီခရီးစဉ်အပေါ် ဝေဖန်မှုတွေရှိနေချိန်မှာ ကမ္ဘောဒီးယားဘက်ကတော့ အာဆီယံရဲ့ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေးမူကိုကိုင်စွဲပြီး တုံ့ပြန်ပါတယ်။ ကမ္ဘောဒီးယားဘုရင်ကဖိတ်တာဟာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာတာကိုပြသတာဖြစ်ပြီး၊ ဦးမင်းအောင်လှိုင်နဲ့ သံတမန်ဆက်ဆံရေးဆက်ထားတဲ့နိုင်ငံတွေ ရှိနေသေးတာကြောင့် အသိ အမှတ်ပြုခြင်း၊ မပြုခြင်းဆိုတဲ့ကိစ္စကို အဲဒီအခြေအနေအတွင်းမှာပဲစဉ်းစားသင့်တယ်လို့လည်း ကမ္ဘောဒီးယား အထက်လွှတ်တော်ပြောရေးဆိုခွင့်ရှိသူ ချီရာ သီရစ် (Chea Thyrith) က ပြောပါတယ်။
စစ်အုပ်စုကို အာဆီယံဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်နိုင်ရေးအတွက် အကန့်အသတ်နဲ့သာ ဆက်ဆံသင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ရန်ကုန်တိုင်း ဒလမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောပါတယ်။
“နိုင်ငံတကာအနေနဲ့ အဖက်ဖက်ကနေ စည်းမျဉ်းစည်းကမ်းတွေ ဖောက်ဖျက်ပြီးတော့ နိုင်ငံတကာဖြေရှင်းမှု တွေကို ငြင်းဆန်နေတဲ့ ဒီအဖွဲ့ကို အကန့်အသတ်တစ်ခုအနေနဲ့ပဲ ဆက်ဆံဖို့ဆိုတာကို ကျနော်တို့အနေနဲ့ လိုလား ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိပဋိပက္ခတွေ တိုးမြင့်ပြီးတော့ဖြစ်နေတဲ့အချိန်ကာလမျိုးမှာ ဆုချတဲ့ပုံစံမျိုးမဖြစ်ဖို့အတွက်ကိုလည်း သတိထားဖို့လိုပါလိမ့်မယ်”
အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်းရဲ့ ကမ္ဘောဒီးယားခရီးစဉ်အတွင်း သဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာ လေးခု လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီထဲမှာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေး၊ အခွန်နှစ်ထပ် ရှောင်ရှားရေး၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပြန်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်ပါ တယ်။
ကမ္ဘောဒီးယားခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ၈ နိုင်ငံမြောက်ခရီးစဉ်ဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘယ်လာရုစ်နဲ့ ဗီယက်နမ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံမှာတော့ လေးနိုင်ငံမြောက်ဖြစ်ပါတယ်။
အာဆီယံအသင်းအနေနဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ စစ်တပ်ခန့်အစိုးရကို ဆက် လက်တိုက်တွန်းထားပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း စစ်တပ်ခန့်အစိုးရရဲ့ အဆင့်မြင့် ခေါင်းဆောင် တွေ တက်ရောက်ခွင့်ကို ကန့်သတ်ထားပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အဲဒီတုန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ် ကာရင် အာဆက် အာမက် ခန် (Karim AA Khan) က ICC တရားရုံးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ လျှောက်ထား ခဲ့တာဖြစ်ပါတယ်။ အဲဒီလျှောက်ထားချက်အပေါ် ICC ဘက်က ဖမ်းဝရမ်းထုတ်ပေးထားကြောင်း တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
