မြန်မာနိုင်ငံသား သုံးယောက်မှာ နှစ်ယောက်ကျော် ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှုနဲ့ကြုံနေရ

မြန်မာလူဦးရေ ၃၂.၆ ရာခိုင်နှုန်းနဲ့ ညီတဲ့ လူပေါင်း ၁၈ သန်းနီးပါး ဆင်းရဲမွဲတေမှုဒဏ်ခံစားနေရ၊ နောက်ထပ် ၁၉.၅ သန်း ဆင်းရဲမွဲတေမှုနဲ့ ကြုံရမယ့် အခြေအနေရှိ။

လက်နက်ကိုင်စစ်ရေး ပဋိပက္ခ၊ လူမှုဖူလုံရေးအခြေခံဝန်ဆောင်မှုနည်းပါးတာနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စီးပွားရေး မတည်မငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံသား သုံးယောက်မှာ နှစ်ယောက်ကျော်ဟာ ဘက်ပေါင်းစုံက ဆင်းရဲမွဲတေမှုကို ကြုံတွေ့ ရင်ဆိုင်နေရတယ်၊ ဒါမှမဟုတ် ကြုံတွေ့ရ မယ့် အန္တရာယ်ရှိနေတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက အောက်တိုဘာ ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဥ် (UNDP) ရဲ့ “ချို့တဲ့အမှု အလွှာများ - မြန်မာနိုင်ငံက ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှု” (Layers of Deprivation: Multidimensional Poverty in Myanmar) လို့ တိုက်ရိုက် အဓိပ္ပာယ်ရဲ့ အစီအရင်ခံစာသစ်မှာ အခုလို ဖော်ပြထားတာဖြစ်ပြီး မြန်မာနိုင်ငံ လူဦးရေးရဲ့ ၃ ပုံ ၂ ပုံ ဖြစ်တဲ့ သန်း ၃၇ သန်း- လူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းဟာ ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှုကို ကြုံနေရတယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးသတင်းဟာ နိုင်ငံတကာ စာမျက်နှာမှာ မှေးမိန်ကွယ်ပျောက်လာပေမယ့် ပြည်သူတွေ သန်းနဲ့ချီ ခံစားနေရတဲ့ ဒုက္ခတွေကတော့ နက်သထက် နက်လာနေတယ်လို့ ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ်နဲ့ UNDP အာရှနဲ့ ပစိဖိတ်ရေးရာ ဒါရိုက်တာ ကာနီ ဝစ်ဂနာရာဂျာ(Kanni Wignaraja) က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လူသားရှင်သန်တိုးတက်မှုဆုတ်ယုတ်နေတဲ့အထိ ဆင်းရဲမွဲတွင်း နက်လာတာကို မြင်တွေ့နေရပါတယ်။ ဒါဟာ ဘယ်ဘက်ကမှ မနိုင်နိုင်တဲ့ စစ်ပွဲဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အဓိကကျောရိုး ထောက်တိုင်ဖြစ်တဲ့ အခြေခံခွန်အားဟာ စနစ်တကျ ပျက်စီးဆုံးရှုံးနေတာတွေ့ရပါတယ်။”

ဒီအစီအရင်ခံစာမှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၃၂.၆ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ လူပေါင်း ၁၈ သန်းနီးပါးဟာ ဆင်းရဲမွဲတေမှု ဒဏ်ခံစားနေရပြီး နောက်ထပ် ၁၉.၅ သန်းဟာ ဆင်းရဲမွဲတေမှုနဲ့ ကြုံတွေ့ရမယ့် အခြေအနေ ရောက်နေကြောင်း၊ ဒါ့ကြောင့် မြန်မာနိုင်ငံသား ၃၇ သန်း၊ လူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုကြုံရမယ့် အန္တရာယ်ရှိနေတယ်လို့ UNDP က ဖော်ပြထားပါတယ်။

ဒီလေ့လာချက်ကို မြန်မာနိုင်ငံတစ်ဝှန်းက မိသားစု ၇၄၆၃ စုကို တယ်လီဖုန်းကနေ စနစ်တကျ စစ်တမ်း ကောက်ယူ လေ့လာခဲ့တာဖြစ်ပြီး ဝင်ငွေထွက်ငွေသာမက ကျန်းမာရေး၊ ပညာရေးနဲ့ လူနေမှုအဆင့်အတန်း နိမ့်ကျမှုတွေကိုပါ ထည့်သွင်းပြီး ဘက်ပေါင်းစုံဆင်းရဲမွဲတေမှု အညွှန်းကိန်းတွေနဲ့ စစ်တမ်းကောက်ယူခဲ့တာလို့ ဆိုပါတယ်။

မြန်မာပြည်သူတွေဟာ ဝင်ငွေထက် ပိုများတဲ့ အသုံးစရိတ်တွေ ရင်ဆိုင်နေရပြီး ကြားခံတွေဖြစ်တဲ့ စုငွေ၊ တည်ငြိမ်တဲ့ စီးပွားရေးလုပ်ငန်း၊ ကျန်းမာရေး ပညာရေးစောင့်ရှောက်မှု၊ လူမှုရေးထောက်ပံ့မှုတွေလည်း တဖြည်းဖြည်း ပပျောက်လာနေတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့လူနေမှု အဆင့်အတန်း ကျင်ဆင်းလာနေပြီး မြန်မာနိုင်ငံသား ၈၀ ရာခိုင်နှုန်းဟာ ဘက်စုံက ဆင်းရဲမွဲတေမှု ကြုံနေရတယ်လို့ ဖော်ပြထားပါတယ်။

ဆင်းရဲမွဲတေမှုဟာ အထူးသဖြင့် လုံခြုံမှုကင်းမဲ့တာနဲ့ ကန့်သတ်မှုအများဆုံး ဒေသတွေဖြစ်တဲ့ အနောက်ဘက်မှာ ရခိုင်ပြည်နယ်နဲ့ အရှေ့ဘက်မှာ ကယားပြည်နယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆိုးဆိုးဝါးဝါး တွေ့ရှိရတယ် လို့လည်း ဆိုပါတယ်။

ပညာရေးအဆင့်အတန်းနိမ့်ကျတာ၊ အလုပ်အကိုင် အတည်တကျမရှိတာနဲ့ ဝင်ငွေနည်းတာတွေနဲ့အတူ စစ်ရေးပဋိပက္ခ၊ အိုးအိမ်ပစ်ထွက်ပြေးနေရတာ၊ စျေးကွက်ပျက်တာနဲ့ ဝန်ဆောင်မှုစနစ်နည်းပါးတာတွေကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ ဆင်းရဲမွဲတေမှု ပိုဆိုးလာရတာလို့လည်း အစီအရင်ခံစာကဆိုပါတယ်။

ဒါ့အပြင် စီးပွားရေးမတည်ငြိမ်မှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုတွေကြောင့် ဆင်းရဲတွင်း နက်သထက် နက်စေတယ်လို့လည်း အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

UNDP အဖွဲ့ ကြီးဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာက မြန်မာနိုင်ငံဆိုင်ရာ အစီအရင်ခံစာမှာ ကိုဗစ်ကပ်ရောဂါ နောက်ဆက်တွဲနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြန််မာနိုင်ငံက လူဦးရေ ၂၅ သန်း အငတ်ဘေး ကြုံနိုင်တယ်လို့ အစီအရင်ခံစာ ထုတ်ပြန်သတိပေးခဲ့ဖူးပါတယ်။

၂၀၂၄ ခုနှစ်ကလည်း စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ မလုံခြုံမှု၊ စစ်ရေးပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုတွေကြုံရပြီး လူလတ်တန်းစား ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ အစီအရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းခေါင်းဆောင်နဲ့ စစ်တပ်ခန့်အစိုးရ သမ္မတဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးမှု နည်းကွေးတာဟာ နိုင်ငံရေးမတည်ငြိမ်မှု၊ ပိတ်ဆို့အရေးယူမှု၊ နိုင်ငံတကာ ငွေကြေး ထောက်ပံ့မှု မရှိတာ၊ နိုင်ငံတကာစျေးကွက်ဝင်ဖို့ ကန့်သတ်ခံရတာနဲ့ ကုန်သွယ်မှုကျင်းဆင်းတာ၊ အလုပ်သမား နိုင်ငံသားတွေ ပြည်ပထွက်ခွါတာတွေကြောင့်လို့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေကနေ သတင်းထုတ်ပြန်ထားပါတယ်။