အာဏာသိမ်းကာလ သုံးနှစ်အတွင်း ဆင်းရဲမွဲတေမှုနှုန်းမြင့်လာကြောင်း UNDP ထုတ်ပြန်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.04.11
အာဏာသိမ်းကာလ သုံးနှစ်အတွင်း ဆင်းရဲမွဲတေမှုနှုန်းမြင့်လာကြောင်း UNDP ထုတ်ပြန် ၂ဝ၂၂ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် တန်ဖိုးနည်း စားအုန်းဆီ ဝယ်ယူနိုင်ရန် တန်းစီစောင့်ဆိုင်းနေကြသူများအား တွေ့ရစဉ်။
Photo: AFP

ဧပြီလ ၁၁ ရက်က ထုတ်ပြန်တဲ့ UNDP ရဲ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းလိုက်တဲ့ သုံးနှစ်တာ ကာလအတွင်း နိုင်ငံအနှံ့ မလုံခြုံမှု၊ စစ်ရေးပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် စီးပွားရေး အကျပ်အတည်း ကြုံနေရပြီး၊ လူလတ်တန်းစား ပမာဏ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။

လူလတ်တန်းစားတွေဟာ နိုင်ငံတစ်နိုင်ငံ စီးပွားရေး ကျဆင်းတဲ့အချိန်မှာ ထိခိုက်မှုနည်းအောင် တောင့်ခံပေးထားပြီး၊ မြန်မြန်ဆန်ဆန် ပြန်နာလန်ထူနိုင်ဖို့လည်း အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူလတ်တန်းစားအလွှာဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျင်လျင်မြန်မြန်နဲ့ လျော့ကျနေပြီး၊ ကျန်နေသေးတဲ့ လူလတ်တန်းစားတွေဟာလည်း ဆင်းရဲမွဲတေမှုအောက် ရောက်မသွားအောင် ရုန်းကန်နေကြရတယ်လို့ အစီရင်ခံစာက သုံးသပ်ထားပါတယ်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၁၇ ခုနှစ် ဆင်းရဲမွဲတေမှု ၂၄.၈ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ ၄၉.၇ ရာခိုင်နှုန်းအထိ နှစ်ဆနီးပါး တိုးလာခဲ့ပါတယ်။ နောက်ထပ် ၂၅ ရာခိုင်နှုန်းကလည်း စားဝတ်နေရေး အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ရုံသာရှိတဲ့ အခြေအနေဖြစ်နေတာကြောင့်၊ စုစုပေါင်း မြန်မာနိုင်ငံလူဦးရေရဲ့ ၇၆ ရာခိုင်နှုန်းလောက်ဟာ အလွန်ထိခိုက်လွယ်တဲ့ အခြေအနေ ရောက်နေတယ်လို့ ဆိုပါတယ်။

ဒီ အစီရင်ခံစာဟာ နိုင်ငံတစ်ဝန်းက အိမ်ထောင်စု တစ်သောင်းနှစ်ထောင်ကို UNDP က စစ်တမ်းကောက်ခံပြီး ရလာတဲ့ အချက်အလက်တွေကို အခြေခံရေးသားထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ တစ်ချိန်က အာရှပစိဖိတ်ဒေသတွင်းမှာ တိုးတက်မှု အမြန်ဆန်ဆုံး ဖြစ်ခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်မှာ ကိုဗစ်ကပ်ရောဂါနောက်ပိုင်း နိုင်ငံရဲ့ GDP ၁၈ ရာခိုင်နှုန်း နီးပါး ကျုံ့သွားခဲ့တဲ့အကြောင်း၊ အဲဒီအခြေအနေကနေ နာလန်မထူနိုင်သေးခင်မှာ၊ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် သုံးနှစ်ဆက်တိုက် စီးပွားရေး ကျဆင်းခဲ့တာကြောင့် ပိုပြီး ထိခိုက်နစ်နာခဲ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒီစစ်တမ်းအရ မြန်မာပြည်သူတွေဟာ အခုအချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းနေတာ၊ ပြည်သူတွေရဲ့ ဝင်ငွေနဲ့လုပ်ခလစာတွေလည်း ကျဆင်းသွားတာ၊ ခရီးသွားလာဖို့ ခက်ခဲသွားတာ၊ လုပ်သားဈေးကွက် ပျက်စီးသွားတာ စတဲ့ အခြေအနေတွေကြောင့် ဖြစ်လာတဲ့ ပြဿနာအမျိုးမျိုးကို ရင်ဆိုင်နိုင်ဖို့ ထမင်းလျှော့စားတာ၊ ချေးငှားပေါင်နှံရတာ၊ ရှိသမျှ စုဆောင်းငွေတွေ ထုတ်သုံးလိုက်ရတာ၊ ပညာရေးနဲ့ ကျန်းမာရေးအတွက် လုံးဝငွေမသုံးနိုင်တော့တာ စတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းနေကြရတယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်း ကြည့်မြင်တိုင် ဗားကရာဆိပ်ကမ်း၌ ကုန်တင်ကုန်ချ လုပ်နေသည့် အလုပ်သမားများအား ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း ကြည့်မြင်တိုင် ဗားကရာဆိပ်ကမ်း၌ ကုန်တင်ကုန်ချ လုပ်နေသည့် အလုပ်သမားများအား ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: RFA)

ကျေးလက်မှာရော၊ မြို့ပြမှာပါ မိသားစုဝင်တစ်ဦးတည်းရဲ့ ဝင်ငွေကို မှီခိုပြီး နေထိုင်ကြရတဲ့ မိသားစု အရေအတွက် တိုးပွားလာပြီး၊ တစ်နိုင်ငံလုံးမှာ ၄၈ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။

အရင်က စီးပွားရေးကောင်းပြီး ဖွံ့ဖြိုးစည်ပင်ခဲ့တဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာပါ ဆင်းရဲမွဲတေမှုတွေ ပျံ့နှံ့နေပြီး၊ အရင်က ချမ်းသာတယ်လို့ သတ်မှတ်ခံရတဲ့ မိသားစုတွေတောင် အခုအချိန်မှာ ကြိုးစားရုန်းကန်နေကြရတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ဒီစစ်တမ်းအရ စီးပွားရေးကျဆင်းမှုတွေကြောင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ စစ်ရေးပဋိပက္ခဒေသတွေက ဒေသခံတွေဟာ အထိခိုက်ဆုံးဖြစ်ကြောင်း၊ အမျိုးသမီး ဦးဆောင်တဲ့ မိသားစုတွေဟာ အမျိုးသား ဦးဆောင်တဲ့ မိသားစုတွေထက် ဆင်းရဲမွဲတေမှုဒဏ်ကို ပိုပြီး ခံစားရကြောင်း၊ မြန်မာနိုင်ငံက ကလေးအားလုံးရဲ့ တစ်ဝက်လောက်က ဆင်းရဲမွဲတေမှု မျဉ်းအောက် ရောက်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာလည်း ဒေသတစ်ခုနဲ့တစ်ခု ထိခိုက်နစ်နာမှု အတိုင်းအတာ မတူညီကြောင်း၊ စစ်ရေး တိုက်ခိုက်မှုတွေ အများဆုံး ဖြစ်နေတဲ့ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာ တစ်ဦးချင်း ဝင်ငွေ အနိမ့်ဆုံးနဲ့ ဝင်ငွေတစ်မျိုးတည်းကို တစ်မိသားစုလုံး မှီခိုနေကြရတဲ့ အချိုးအစားလည်း အမြင့်ဆုံးဖြစ်ကြောင်း တွေ့ရပါတယ်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၌ ဆန်တစ်ပြည် ငွေတစ်ရာနှင့် ရောင်းချနေသည့်ဆိုင်တွင် တန်းစီဝယ်ယူသူများအား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၌ ဆန်တစ်ပြည် ငွေတစ်ရာနှင့် ရောင်းချနေသည့်ဆိုင်တွင် တန်းစီဝယ်ယူသူများအား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကယားပြည်နယ်က အိမ်ထောင်စု ၅ဝ ရာခိုင်နှုန်းအထိ ဝင်ငွေလျော့ကျသွားတာ ကြုံခဲ့ရပြီး၊ စစ်ကိုင်း၊ တနင်္သာရီနဲ့ ရခိုင်ပြည်နယ်တွေမှာလည်း ဝင်ငွေ လျော့သွားတဲ့ အိမ်ထောင်စု ၄၀ ရာခိုင်နှုန်းကနေ ၃၆ ရာခိုင်နှုန်းအထိ ရှိခဲ့တာ တွေ့ရပါတယ်။

စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ နေအိမ်တွေ ဖျက်ဆီးခံရတာ၊ လယ်ယာစိုက်ပျိုးရေး မလုပ်နိုင်တော့တာနဲ့ စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပေးနေရတာတွေကြောင့် နစ်နာဆုံးရှုံးမှုတွေ ကြီးကြီးမားမား ဖြစ်နေပြီး၊ ကလေးငယ်တွေ ပညာမသင်နိုင်ကြတဲ့အတွက် အနာဂတ်မှာ ပေါ်ထွက်လာမဲ့ မျိုးဆက်တစ်ဆက်လုံး ပညာနဲ့ဉာဏ်ရည်ဉာဏ်သွေး နိမ့်ကျတဲ့ အခြေအနေ ဖြစ်လာနိုင်တယ်လို့လည်း အစီရင်ခံစာက သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံက ထိခိုက်လွယ်တဲ့ မိသားစုတွေကို ငွေသားလွှဲပေးတာ၊ အစားအစာနဲ့ အခြားအခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ ဝင်ရောက်ဖြေရှင်းပေးတာ မလုပ်ရင်၊ ပြန်ပြင်လို့ မရမဲ့ ထိခိုက်နစ်နာမှုတွေ ဖြစ်လာနိုင်တဲ့အကြောင်း၊ ဒီလိုမဖြစ်ရအောင် ပြည်တွင်း ပြည်ပက အာဏာပိုင်တွေနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်း Stakeholder အားလုံး ဝိုင်းဝန်းဆောင်ရွက်ကြဖို့ UNDP ရဲ့စီမံခန့်ခွဲရေး အရာရှိ အာချင် စတိန်နာက တိုက်တွန်းထားပါတယ်။

ဒီလို စီးပွားရေးကျဆင်းမှုကြောင့် ဖြစ်လာတဲ့ ဆင်းရဲမွဲတေမှုတွေကို ဖြေရှင်းနိုင်ဖို့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ လေးဘီလီယံလောက် သုံးဖို့ လိုအပ်တဲ့အတွက် နိုင်ငံတကာက အကူအညီပေးအပ်ကြဖို့ လိုတယ်လို့လည်း အစီရင်ခံစာက ခန့်မှန်းထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
အဖွဲ့တွေမညီညွတ်မှုကြောင့် ချင်းပြည်နယ်အရေး ရှုပ်ထွေးနေကြောင်း ICG ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။