လာမယ့်နှစ်မှာ လူဦးရေ ၂၅ သန်း အငတ်ဘေးကြုံနိုင်ကြောင်း UNDP သတိပေး

ဒီဇင်ဘာ ၁ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) အစီရင်ခံစာမှာ ကိုဗစ်ကပ် ရောဂါနဲ့ အဆက်မပြတ်ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကြောင့် မြန်မာတစ်နိုင်ငံလုံးက မြို့ပြဆင်ခြေဖုံးမှာ နေထိုင်သူတွေရဲ့ ဆင်းရဲငတ်မွတ်မှုဘေးဟာ လာမယ့်နှစ်မှာ သုံးဆမြင့်တက်လာလိမ့်မယ်လို့ သတိပေးထား ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လတွေအတွင်း အိမ်ထောင်စုပေါင်း ၁၂ဝဝ ကို စုံစမ်းမေး မြန်းပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်တာပါ။ လက်ရှိ ၅၅ သန်းရှိတဲ့ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ဖြစ်တဲ့ လူ ၂၅ သန်းလောက်ဟာ လာမယ့် ၂၀၂၂ အစောပိုင်းကစလို့ ဆင်းရဲငတ်မွတ်မှုဘေးကို ကြုံရလိမ့်မယ်လို့ (UNDP) က ဆိုပါတယ်။
"ရှိတာကို ရောင်းချပြီး ပြန်ဝယ်စားရတယ်ဆိုတော့ ရှိတာကလည်းကုန်၊ ဝင်ငွေကလည်း မရဘူးဆိုတော့ ငတ်ဖို့ပဲရှိတော့တယ်”
အာဏာမသိမ်းခင်က အလုပ်ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးတဲ့နောက် အလုပ်လက်မဲ့ ဖြစ်သွားတာကြောင့် အခုချိန်မှာ နေ့စဉ်စားဝတ်နေရေးကို ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်လို့ နယ်ကနေ ရန်ကုန်မှာ လာရောက် အလုပ်လုပ်ကိုင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“အာဏာမသိမ်းခင်ကတော့ အလုပ်က လွယ်တယ်လေ။ ရန်ကုန်မှာ အလုပ်ရှာရတာလည်း လွယ်တယ်၊ အခုက အလုပ်ရှာရတာမလွယ်လို့ အလုပ်ထွက်ပြီး အခြားအရောင်းအဝယ်တို့ ဘာတို့လုပ်တယ်။ ပထမ အရောင်းအဝယ် လုပ်တုန်းကတော့ အဆင်ပြေတာပေါ့။ ဝယ်တဲ့သူတွေကလည်း ငွေပေါတော့ သူတို့ အလုပ်ရှိတော့ ဝယ်နိုင်တာပေါ့၊ အခုတော့ သူတို့လည်း အလုပ်မရှိတော့ ကိုယ့်ဆီက မဝယ်နိုင်တော့ဘူး။ အဲတော့ အရောင်းအဝယ်ပါးတော့ အဆင်မပြေဘူးပေါ့ ငွေလည်ပတ်မှု အဆင်မပြေဘူးပေါ့။ တစ်နေ့ကို ၁၅၀၀ ဝင်ဖို့ဆိုတာတောင် ခဲယဉ်းသွားပြီ၊ တစ်ပြားမှ မဝင်တဲ့ ရက်တွေတောင် ရှိတယ်။ ဝင်ငွေက မရှိဘူး၊ အလုပ်ကလည်း မရှိဘူး၊ လုပ်ငန်းရှင်တွေလည်း မလည်ပတ်တော့ဘူးဆိုတော့ လက်လုပ်လက်စားတွေ အတွက် အဆင်မပြေဘူး။ ပုံမှန်ဝင်ငွေမရှိဘူးရှိတာကို ရောင်းချပြီး ပြန်ဝယ်စားရတယ်ဆိုတော့ ရှိတာ ကလည်းကုန်၊ ဝင်ငွေကလည်း မရဘူးဆိုတော့ ငတ်ဖို့ပဲရှိတော့တယ်”
စစ်အာဏာမသိမ်းခင် သူဟာ ရန်ကုန်မြို့က တယ်လီဖုန်းအရောင်းဆိုင်တစ်ခုမှာ အရောင်းဝန်ထမ်းလုပ်ခဲ့ပြီး အခု အလုပ်ပြုတ်သွားတာကြောင့် လျှပ်စစ်ပစ္စည်းတွေကို အွန်လိုင်းကနေ ရောင်းချပြီး နေ့စဉ်စားဝတ်နေ ရေးကို ဖြေရှင်းနေပါတယ်။
နဂိုကတည်းက ကပ်ရောဂါဒဏ်ခံစားနေရတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ကုန်ဈေးနှုန်း နှစ်ဆ တက်သွားတာကြောင့် ဒီအတိုင်းဆက်သွားရင် အခြေအနေတွေ ပိုဆိုးလာလိမ့်မယ်လို့ ပဲခူးမြို့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
“မနည်းတော့ ရုန်းရတာပေါ့နော်၊ ကုန်ဈေးနှုန်းက နှစ်ဆလောက် တက်သွားတာနဲ့ဆိုတော့ ပြီးခဲ့တဲ့နှစ် တွေလိုတော့ အဆင်မပြေဘူးပေါ့။ အရင်တုန်းက တစ်သိန်းလောက် ရောင်းရတဲ့ဝင်ငွေ ရှိတယ်ဆိုပေမယ့် အခုလည်း တစ်သိန်းရှိတယ်ဆိုရင်တောင် အမြတ်က ကိုယ့်အတွက် ထွက်မလာတော့ဘူး၊ ဆီဆိုလို့ရှိရင် အရင်တုန်းက တစ်ပိဿာကို ၂၅၀၀ လောက် ဝယ်ရတယ်ဆိုရင် အခုက ၅၀၀၀ လောက်ဖြစ်သွားတာလေ၊ မီးဖိုချောင်စရိတ် ဆိုရင်လည်း အများကြီးတက်သွားတာပေါ့။ ဒီအတိုင်းဆက်သွားရင်တော့ ဒီလိုပဲ ကျပ်တည်းနေကြမှာပဲလို့ထင်တယ်၊ အလုပ်လက်မဲ့တွေလည်း တော်တော်လေး များလာတယ်လေ၊ တချို့လုပ်ငန်းရှင်တွေကလည်း အလုပ်သမား မခေါ်နိုင်တာမျိုးတွေ ရှိတဲ့အခါဆိုတော့ အလုပ်သမား တွေလည်း အလုပ်လက်မဲ့ဖြစ်တာပေါ့”
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စားနပ်ရိက္ခာပေါများပြီး တစ်နိုင်ငံလုံး သာယာဝပြောဖို့ ကြိုးစားလုပ်ဆောင်နေတယ်လို့ စစ်အာဏာသိမ်း ၉ လပြည့် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ဖူးပါတယ်။
မန္တလေးမြို့က အိမ်ရှင်မတစ်ဦးကတော့ လက်ရှိမှာ ကုန်ဈေးနှုန်းတွေတက်ပြီး ဝင်ငွေက တိုးမလာတာကြောင့် နေ့စဉ်စားဝတ်နေရေး အတော်ခက်ခဲတယ်လို့ RFA ကို ပြောပါတယ်။
“ခါတိုင်း ၃၀၀၀ လောက်နဲ့ ဝယ်လို့လောက်တဲ့ဟာက အခု ၅၀၀၀ လောက်မှ လောက်တဲ့သဘောပေါ့နော်၊ ဘာတွေက တက်လဲဆိုတော့ ဆီတို့၊ အသားမှုန့်တို့ပေါ့နော်။ ဒီပြည်တွင်းက မထွက်တဲ့ပစ္စည်းတွေ၊ ဒီပြည်တွင်းက ထွက်ရင်တောင်မှ ဈေးနည်းနည်းလေး တက်သွားတာမျိုးပေါ့ ၁၀၀၊ ၂၀၀ တက်သွားတာ မျိုးပေါ့၊ အရင် ၁၀၀၀ ဝယ်ရတဲ့ပစ္စည်းက အခု ၁၂၀၀ ဖြစ်သွားတာဆိုတော့ တော်တော်တော့ အထိနာ တာပေါ့နော်၊ အများကြီး သုံးရမယ့်နေရာမှာ မသုံးရတော့ဘူးပေါ့၊ ဝင်ငွေအခြေအနေက တိုးလာတယ် ဆိုတာ မရှိဘူး၊ ရှိတဲ့ဟာကိုပဲ လောက်ငှအောင် သုံးရအောင်စီမံရတာပဲပေါ့၊ ဆိုတော့ ခါတိုင်း Breakfast စားတယ် အခုဆိုရင် မစားတော့တာမျိုး တစ်ပတ်မှာ တစ်ရက်၊ နှစ်ရက်လောက်ပဲ စားတာမျိုးပေါ့၊ အဲလိုမျိုး ကိုယ့်ကိုကိုယ် ခြိုးခြံချွေတာရတဲ့သဘောမျိုး ဖြစ်သွားတယ်”
မြို့ပြဆင်ခြေဖုံးမှာနေထိုင်တဲ့ ပြည်သူတွေဟာ လက်ရှိမှာ အရင်က စုဆောင်းထားတဲ့ငွေကိုသုံး၊ ပိုင်ဆိုင်မှုတွေ ကို ရောင်းချပြီး အသက်ရှင်သန်နေထိုင်ကြရတယ်လို့ UNDP အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဆင်းရဲငတ်မွတ်မှု မြင့်တက်လာတာကြောင့် လူတွေအသက်ရှင်သန်ဖို့ ဝင်ငွေကင်းမဲ့ရုံမက အဟာရပြတ်လပ် မှုနဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စတွေမှာပါ အန္တရာယ်ရှိတဲ့အနေအထား ဖြစ်လာပြီး၊ ဒါဟာ နောင်လာမယ့် မျိုးဆက်သစ်အပေါ် မကောင်းတဲ့ဆိုးကျိုးတွေအဖြစ် သက်ရောက်လိမ့်မယ်လို့လည်း UNDP အာရှနဲ့ ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး Kanni Wignaraja က သတိပေးထားပါတယ်။

လုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ပြီး လုပ်အကိုင်အခွင့်အလမ်းတွေ ပြန်ရဖို့ ကျေးလက်ရော၊ မြို့ပြမှာပါ ချေးငွေတွေ ထုတ်ချေးပေးဖို့ လိုအပ်တယ်လို့ အရင်က ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး စီးပွားရေးဆောင်းပါးတွေ ရေးသားလေ့ရှိတဲ့ ဦးသန်းစိုး ခေါ် သန်းစိုး (ဘောဂဗေဒ) က အကြံပေး တိုက်တွန်းထားပါတယ်။
“အခုက ဘာဖြစ်နေတာလဲဆိုတော့ ငွေတွေကျပ်နေတာပေါ့၊ ကျေးလက်ရော၊ မြို့ပြရောက စီးပွားရေး ပြန်စဖို့အတွက် အရင်းအနှီးတွေလည်းမဲ့ကုန်ကြပြီ။ မြို့ပြကိုတော့ ငွေမျောငွေနဲ့လိုက် လို့ခေါ်တာပေါ့၊ အကြွေးရှိတယ်၊ အကြွေးပြန်တောင်းတယ်၊ အဲမှာ လုပ်ငန်းက လုပ်မရဘူးဆိုတော့ ဘာမှလုပ်မရတော့ဘူး။ အဲတော့ အကြွေးရှိတဲ့သူကို သူ့ဆီက ပိုက်ဆံကိုပြန်ရဖို့ဆိုရင် သူ့ကိုကြွေးသစ်ပြန်ချပေးမှပဲရမယ်။ အဲဒါမှသာ ဒီလုပ်ငန်းက လည်ပတ်ပြီးတော့ ကြွေးဟောင်းကိုလည်း ဆပ်လို့ရမယ်၊ ကြွေးသစ်ကိုလည်း ဆပ်လို့ရမယ်။ ကျေးလက်ကိုတော့ ရာသီချေးတွေချပေးရမယ်၊ ဥပမာ စပါးပေါ်ချိန်မှာဆို စပါးတွေကို ဈေးကောင်းမရရင် ဈေးကောင်းရအောင် ခဏအာမခံနဲ့ ထားပေးနိုင်အောင် ချေးငွေတွေချပေးရမယ်။ လောလောဆယ်တော့ အများကြီးစဉ်းစားစရာ မလိုဘူး၊ မြို့ပြရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ငွေကြွေး တွေလည်ပတ်လာအောင် အလုပ်အကိုင်တွေ ဖန်တီးလို့ရအောင် စီးပွားရေး လုပ်ငန်းတွေ ပြန်စလို့ရ အောင်ဆိုရင် ချေးငွေအဟောင်းတွေရှိသော်ငြားလည်း အသစ်တွေပြန်ချပေးမှရမယ်၊ အဲဒါဆိုရင်တော့ လက်ရှိရေတိုမှာ ဒီပြဿနာကိုရှင်းလို့ရမယ်”
ဆင်းရဲနွမ်းပါးမှုနဲ့ စီးပွားရေးအကျပ်အတည်းကို အထူးသဖြင့် မြို့ပြလူဦးရေက ပိုခံစားရပြီး၊ စီးပွားရေး အကျပ်အတည်းကနေ အခြားအကျပ်အတည်းတွေကို ရောဂါတစ်ခုအနေနဲ့ ကူးစက်သွားနိုင်တယ်လို့လည်း သူက သတိပေးပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ဆင်းရဲချို့တဲ့သူ အရေအတွက် ၂၅ ရာခိုင်နှုန်းနီးပါး ရှိရာကနေ လာမယ့်နှစ်မှာ ၄၆ ရာခိုင်နှုန်း ကျော်အထိ နှစ်ဆနီးပါးတိုးလာနိုင်ပြီး၊ မြို့ပြဆင်းရဲမှုဟာလည်း ၂၀၁၉ တုန်းက ၁၁ ရာခိုင်နှုန်း ကျော်ပဲ ရှိခဲ့ရာကနေ လာမယ့် ၂၀၂၂ မှာ ၃၇ ရာခိုင်နှုန်းကျော်အထိ သုံးဆမြင့်တက်သွားနိုင်ကြောင်း ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ် UNDP က ခန့်မှန်းထားပါတယ်။