အမေရိကန်သံရုံးဝန်ထမ်းတစ်ဦး ရန်ကုန်မှာ သေဆုံး၊ ထိုင်းအမျိုးသမီးအား ဖမ်းဆီးထား

အမေရိကန်သံဝန်ထမ်းဟာ ဆာကူရာဟိုတယ်မှာ သေဆုံးခဲ့တာဖြစ်ပြီး လူသတ်မှုအဖြစ် ထိုင်းအမျိုးသမီးအားဖမ်းဆီးထားဟုဆို။

ရန်ကုန် အမေရိကန်သံရုံးက အမေရိကန်နိုင်ငံသားသံဝန်ထမ်းတစ်ဦး သေဆုံးခဲ့အပြီး ထိုင်းနိုင်ငံသူ အမျိုးသမီး တစ်ဦးကို သေဆုံးမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ မြန်မာရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ရန်ကုန် သံတမန် အသိုင်းအဝိုင်းကို ကိုးကားပြီး AP သတင်းဌာနက ​ဇွန်လ ၁၀ ရက်နေ့က ရေးသားပါတယ်။

အမှုနဲ့ပတ်သက်လို့ သတင်းဌာနတွေက မေးမြန်းချက်တွေကို မြန်မာနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန် သံရုံးအရာရှိတွေက ဝါရှင်တန်ဒီစီက နိုင်ငံခြားရေးဌာနကိုသာ မေးဖို့ ပြောဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဌာနကကတော့ အမေရိကန်အစိုးရဝန်ထမ်းတစ်ဦး ရန်ကုန်သံရုံးမှာ သေဆုံးခဲ့တာမှန်ကန်ကြောင်း အတည်ပြုပြောကြားခဲ့ပေမယ့် အသေးစိတ်ဖြေကြားဖို့ကို ငြင်းဆန်ခဲ့တယ်လို့လည်း ရေးသားပါတယ်။

အမှုနဲ့ပတ်သက်လို့ တရားဝင်ထုတ်ဖော်ပြောခွင့်မရှိတဲ့အတွက် အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံက သံတမန်အသိုင်းအဝိုင်း သတင်းအရင်းအမြစ်တွေ ကတော့ အမေရိကန်နိုင်ငံသား သံရုံးဝန်ထမ်းဟာ ပြီးခဲ့တဲ့ နှစ်ပတ်ခန့်က ဆာကူရာ အိမ်ရာနဲ့ဟိုတယ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့တာလို့ ပြောပါတယ်။ ရန်ကုန် အင်းလျားလမ်းပေါ်က ဆာကူရာအိမ်ရာနဲ့ ဟိုတယ်ဟာ တက္ကသိုလ်ရိပ်သာလမ်းပေါ်မက အမေရိကန်သံရုံးနဲ့ တစ်မိုင်အကွာမှာရှိတာမို့ အမေရိကန်သံတမန်တွေအကြား ‌အခန်း ရေရှည်ငှါးရမ်းနေထိုင်ကြရာမှာ နာမည်ကြီးတဲ့ ဟိုတယ်လို့ သိရပါတယ်။ ဒီအမှုဟာ လူသတ်မှုဖြစ်နိုင်တယ်လို့ သံသယရှိတာကြောင့် ထိုင်းအမျိုးသမီးကို ဖမ်းဆီးထားတာလို့ ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဌာနကတော့ မြန်မာရဲတပ်ဖွဲ့က ဖမ်းထားတဲ့ ထိုင်းနိုင်ငံသူကို လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ပေးထားပြီး မိသားစုကိုလည်း အကြောင်းကြားထားပေးတယ်လို့ Thai PBS သတင်းမှာ ရေးသားထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား စုံစမ်းမေးမြန်း အတည်ပြုနိုင်ခြင်း မရှိပါဘူး။ မြန်မာစစ်တပ်ခန့် အစိုးရနဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့အနေနဲ့လည်း ဒီအမှုအပေါ် တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆို ရေးသားတာ မရှိသေးပါဘူး။