ထားဝယ်ရေနက်ဆိပ်ကမ်း ဓာတ်အားပေးစက်ရုံစီမံကိန်း ရုရှားနဲ့ မြန်မာသဘောတူ

ရုရှားနိုင်ငံ Inter RAO ကုမ္ပဏီနဲ့ မြန်မာနိုင်ငံက လောင်းလုံစီးပွားဖွံ့ဖြိုးကုမ္ပဏီတို့ သဘောတူလက်မှတ်ရေးထိုး။

စစ်တပ်ခန့်အစိုးရ ဒုတိယသမ္မတ ဦးညိုစောရဲ့ ရုရှားနိုင်ငံခရီးအတွင်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လိုအပ်တဲ့ ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ရုရှားနဲ့ မြန်မာကုမ္ပဏီတို့ သဘောတူလက်မှတ် (MoU) ရေးထိုးခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရက ဇွန်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရုရှားနိုင်ငံ Inter RAO ကုမ္ပဏီနဲ့ မြန်မာနိုင်ငံက လောင်းလုံစီးပွားဖွံ့ဖြိုးကုမ္ပဏီတို့အကြား ဇွန်လ ၅ ရက်နေ့က စစ်တပ်ခန့် ဒုတိယသမ္မတ ဦးညိုစောနဲ့ ရုရှားအစိုးရရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး တို့ရှေ့မှာ လက်မှတ်ရေးထိုးခဲ့တာလို့ ဆိုပါတယ်။

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ကျင်းပတဲ့ (၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေးကို စစ်တပ်ခန့် ဒုတိယသမ္မတ ဦးညိုစောနဲ့ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့တာဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ရုရှားနဲ့ မြန်မာကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံရေး ကဏ္ဍအပါအဝင် ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့လည်း စစ်တပ်ခန့်အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံ တည်ဆောက်ရေးအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ရုရှားနဲ့ စစ်ကောင်စီတို့ သဘောတူထားတယ်လို့ ရုရှားအစိုးရဘက်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကတည်းက ထုတ်ဖော်ပြောဆိုထားတာပါ။

အာဆီယံဒေသတွင်းမှာ အရေးပါတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားနဲ့ ပူးပေါင်းလုပ်နေဆောင်တာဟာ စစ်တပ်ခန့်အစိုးရက တရုတ်နိုင်ငံတစ်နိုင်ငံထဲကိုပဲ မှီခိုအားထားနေရတာကို လျှော့ချချင်တာကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

“ဒီဆိပ်ကမ်းက မဲခေါင်မြစ်ဝှမ်းဒေသကနိုင်ငံတွေရဲ့ ဝင်ပေါက်ဖြစ်သလို အဓိကအနေနဲ့ ထိုင်းနိုင်ငံရဲ့ ကွန်တိန်နာကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဆိပ်ကမ်းဖြစ်တယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားတို့ခြေကုပ်ယူမဲ့ အစီအမံကို ကျောက်ဖြူရေနက်ဆိပ်ကမ်းက တရုတ်တို့ကလည်း စောင့်ကြည့်လေ့လာနေမှာ မလွဲသလို စစ်တွေရေနက်ဆိပ်ကမ်းက အိန္ဒိယတို့ကလည်း မျက်စိဒေါက်ထောက်ကြည့်နေကြမှာ မလွဲပါဘူး။ ခုရက်ပိုင်းမှာကိုပဲ အိန္ဒိယနဲ့ရုရှားကို နီးနီးကပ်ကပ်ဆက်ဆံပြပြီး ထားဝယ်ဆိပ်ကမ်းကိစ္စ MoU ထိုးကြတာဟာ တရုတ်ကိုချည်းပဲ အားမကိုးဘဲ သူ့ရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့အတွက် ကြိုးစားချက်လို့ ရှုမြင်လို့ရပါတယ်”

တနင်္သာရီအခြေစိုက် အရပ်ဘက်အဖွဲ့တွေကတော့ နိုင်ငံရေးမတည်ငြိမ်ဘဲ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခုလိုကာလမှာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဖို့ ကြိုးပမ်းတာကို လက်မခံကြောင်း ကန့်ကွက်ထားကြပါတယ်။

အာဏာသိမ်းကာလ ပဋိပက္ခဇုံထဲမှာရှိနေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းတာဟာ စစ်တပ်ခန့်အစိုးရက သူတို့ရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်တာလို့ ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့အမြင်ကတော့ အထူးစီးပွားရေးဇုန်ကို ကန့်ကွက်တာမျိုးတော့ မဟုတ်ဘူး၊ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေအနေနဲ့က စီမံကိန်းကို အကောင်အထည်ဖော်တဲ့ နေရာမှာ ဒေသခံ ပြည်သူတွေရဲ့ အကျိုး၊ ဒေသဖွံ့ဖြိုးမှုကို ဦးစားပေးစဥ်းစားပြီး သဘာဝပတ်ဝန်းကျင်ကို အထိအခိုက်အနည်းဆုံးဖြစ်အောင် နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ အညီလုပ်ဆောင်ဖို့လိုပါတယ်။ လက်ရှိခြေအနေမှာ အဲဒီလိုဖြစ်ဖို့က တော်တော်ခက်တဲ့ အနေအထားပါ။ ဘာလို့လဲဆိုတော့ စီမံကိန်းနဲ့ပတ်သက်ပြီး စောင့်ကြည့်ထိန်းကျောင်းမဲ့ အရပ်အဖွဲ့အစည်းတွေလည်း သိပ်မရှိဘူး။ နောက်တစ်ခုက စီမံကိန်းဧရိယာဟာ ပဋိပက္ခဇုန်ထဲမှာ ရှိနေတယ်လို့လည်း ပြောလို့ရတယ်။ အသွင်ပြောင်းအစိုးရအနေနဲ့ကလည်း ဒေသခံပြည်သူတွေရဲ့ အကျိုးထက် သူတို့အာဏာ ရှင်သန်ရေးအတွက် စီးပွားရေးထောက်တိုင်ကို အခိုင်အမာတည်ဆောက်နေတဲ့ အနေအထားပါ။ ဆိုတော့ အခုလိုအချိန်မျိုးမှာ စီမံကိန်းအကောင်အထည်ဖို့ ကြိုးပမ်းမှုဟာ ပြည်သူလူထုအတွက် ကောင်းကျိုးထက် သူတို့အကျိုးစီးပွားအတွက်ဖြစ်တယ်လို့ မြင်ပါတယ်”

စစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲကတဆင့်ပေါ်လာတဲ့ စစ်တပ်ခန့်အစိုးရကတော့ ဇွန်လအစောပိုင်းမှာပဲ အိန္ဒိယ၊ ရုရှားနဲ့ တရုတ်နိုင်ငံတွေကို ဆက်တိုက်ဆိုသလို သွားရောက်ခဲ့ပြီး စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ပါတယ်။