“မကြာခင် မေမေ ပြန်လွတ်မြောက်လာမယ်လို့ မျှော်လင့်မိပါတယ်”

“မြန်မာပြည် ရှေ့ခရီး ဆက်နိုင်ဖို့ မေမေဟာ အစိတ်အပိုင်းတစ်ခုဖြစ်နေဆဲပါ“- ကိုထိန်လင်း (Kim Aris)

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ငါးနှစ်ကျော်အကြာမှာ ပထမဆုံးအကြိမ် ဖုန်းပြောခွင့်ရခဲ့တဲ့ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က မိခင်ဖြစ်သူဟာ လက်အရွတ်ရောင်ရမ်းတဲ့ဝေဒနာ ခံစားနေရတယ်လို့ ပြောပါတယ်။ မိခင်နဲ့ ပုံမှန်ဆက်သွယ်ခွင့်ရဖို့ အာမခံချက် မရသေးပေမဲ့ မကြာခင် လွတ်မြောက်လာဖို့ မျှော်လင့်နေတယ်လို့လည်း ပြောပါတယ်။

ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ် (Kim Aris) ကို RFA က မဇင်မာဝင်း သီးသန့်ဆက်သွယ်မေးမြန်းထားပါတယ်။

----

RFA: မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ငါးနှစ်ကျော်ကြာ တိုက်ရိုက်အဆက်အသွယ်မရခဲ့ရာကနေ အခုလို ဖုန်းပြောခွင့် ဘယ်လိုရခဲ့တာပါလဲ။ လန်ဒန်မှာရှိတဲ့ မြန်မာသံရုံးကရော ကင်မ်ကို ဘယ်လို ဆက်သွယ်ခဲ့တာပါလဲ။ ဒီဖုန်းပြောဖို့ ဘယ်လိုများစီစဉ်ခဲ့ကြတာပါလဲ။

Kim Aris: ဗြိတိန်နိုင်ငံခြားရေးဌာနက ကျနော့်ကို မေမေနဲ့ ဖုန်းပြောခွင့်ရနိုင်တယ်လို့ ပြီးခဲ့တဲ့အပတ်ကတည်းက လှမ်း အကြောင်း ကြားခဲ့တာပါ။ ဒီအပတ်အစောပိုင်းမှာတော့ ကျနော်တို့ ဖုန်းပြောခွင့်ရမယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ ဒီနေ့မနက်လည်း သူတို့ပဲ ကျွန်တော့်ကို မြန်မာသံရုံးကို လိုက်ပို့ပေးခဲ့ကြတာပါ။

RFA: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောကြတဲ့အချိန်မှာ သူ့ကျန်းမာရေးအခြေအနေ၊ နေ့စဉ် ဘယ်လိုနေထိုင် စားသောက်ရတယ်ဆိုတာတွေကို သားအမိနှစ်ယောက် ပြောခဲ့ကြသေးလား။

Kim Aris: မေမေက သူ့ကျန်းမာရေးထက် ကျွန်တော့်ကျန်းမာရေးနဲ့ ကျန်တဲ့မိသားစုဝင်တွေရဲ့ အခြေအနေကို ပိုပြီးစိတ်ပူပြီး မေးနေခဲ့တာပါ။ ကျွန်တော်လည်း မေမေရဲ့ကျန်းမာရေးနဲ့ သူနေထိုင်နေရတဲ့အခြေအနေကို မေးခဲ့ပါတယ်။ မေမေက အများကြီးတော့ ထုတ်မပြောခဲ့ပါဘူး။ ကျွန်တော်သိထားတာကတော့ မေမေ့ကို နေပြည်တော်က နေအိမ်တစ်ခုမှာ ထိန်းသိမ်းထားတယ်လို့ ယူဆရပါတယ်။

မေမေ့အသံကို နားထောင်ရတာတော့ ကျန်းမာပုံရပါတယ်။ ဒါပေမဲ့ မေမေ့လက်က အရွတ်ရောင်တတ်တော့ လက်က နာတဲ့ ဝေဒနာတော့ ရှိနေပုံရတယ်။

မေမေ့မှာ အရွတ်ရောင်ရမ်းတဲ့ ဝေဒနာ ရှိတယ်။ တစ်ခါတလေ အတော် နာတတ်တော့ အဲဒီလက်ကို အထိမခံနိုင်၊ မသုံးနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတတ်ပါတယ်။

အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မေမေ့ကို ခြောက်လတစ်ကြိမ် ပုံမှန်ကျန်းမာရေး စစ်ဆေးပေးနေတယ်ဆိုတာတော့ သိပါတယ်။ ဒါပေမဲ့ အဲဒီဆရာဝန်က စစ်တပ်က ဆရာဝန်လေ။ ဒါကြောင့် မေမေ့ရဲ့ ကိုယ်ပိုင်ဆရာဝန်နဲ့ ပြသခွင့်ရတာမျိုးတော့ မဟုတ်ပါဘူး။

RFA: အပြင်က သတင်းတွေ သတင်းအချက်အလက်တွေကိုရော ဒေါ်အောင်ဆန်းစုကြည် ပုံမှန်ကြည့်ရ၊ သိရတယ်တဲ့လား။

Kim Aris: အပြင်က သတင်းတွေကို သိခွင့်ရတယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်သိထားသလောက်တော့ မေမေ့မှာ ရေဒီယိုလည်း မရှိဘူး၊ ရုပ်မြင်သံကြားလည်း မရှိပါဘူး။ သတင်းစာတွေလည်း မရပါဘူး။

ကျွန်တော်တို့ ဖုန်းပြောဆိုတာကို စောင့်ကြည့်ပြီး အသံဖမ်းထားမယ်ဆိုတာ သိလို့ တချို့ အကဲဆတ်တဲ့ အကြောင်းအရာတွေကို ပြောလို့မရခဲ့ပါဘူး။ နောက်ပြီး ဒီငါးနှစ်အတွင်း မိသားစုမှာ ဖြစ်ပျက်ခဲ့တဲ့အ ကြောင်းအရာတွေကလည်း ပြောစရာအများကြီး ရှိနေတော့ မိသားကိစ္စတွေကိုပဲ ပြောဖြစ်ခဲ့ကြတာပါ။

RFA: အခုနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာတွေ အခြေအနေ ပြောင်းလာတာတွေကို ကြည့်ရင် မြန်မာ့ နိုင်ငံရေးမှာ ထူးခြားတဲ့ အပြောင်းအလဲ ဒါမှမဟုတ် တိုးတက်မှု တစ်စုံတစ်ရာ မကြာခင် ဖြစ်လာနိုင်တယ်လို့ ကင်အနေနဲ့ ယုံကြည်မိပါသလား။

Kim Aris: ရိုးရိုးသားသားပြောရရင် အဲဒီလို ဖြစ်လာဖို့ ကျွန်တော် အမှန်တကယ်ပဲ မျှော်လင့်ပါတယ်။ အခုဆိုရင် လူတိုင်းက စစ်ပွဲတွေကို ပင်ပန်းငြီးငွေ့နေကြပြီလို့ ထင်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် စကားပြောဆွေးနွေးဖို့ လိုအပ်နေပြီဆိုတာလည်း လူတွေ ပြန်စဉ်းစားလာကြပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ ဘယ်တွေ့ဆုံဆွေးနွေးတာမျိုးမှ မစခင်မှာ ပထမဆုံး မေမေ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ပဲ ဖြစ်ပါတယ်။

၂၀၂၆ အောက်တိုဘာ ၂၂ ရက်နေ့က နေပြည်တော်သီးသန့်နေအိမ်တစ်လုံး၌ အကျဥ်းကျနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကင်အဲရစ်ခေါ် ကိုထိန်လင်း တယ်လီဖုန်းမှ ဆက်သွယ်စကားပြော နေသည်ကို စစ်တပ်ခန့်အစိုးရ သမ္မတ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည့်ပုံနှစ်ပုံ။
Jailed Myanmar leader allowed to speak with son for the first time in more than 5 years of detention ၂၀၂၆ အောက်တိုဘာ ၂၂ ရက်နေ့က နေပြည်တော်သီးသန့်နေအိမ်တစ်လုံး၌ အကျဥ်းကျနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကင်အဲရစ်ခေါ် ကိုထိန်လင်း တယ်လီဖုန်းမှ ဆက်သွယ်စကားပြော နေသည်ကို စစ်တပ်ခန့်အစိုးရ သမ္မတ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည့်ပုံနှစ်ပုံ။ (PPIB)

RFA: မြန်မာစစ်တပ်အာဏာပိုင်တွေရဲ့ အခုလုပ်ဆောင်နေတာတွေကို ထောက်ရင် လက်ရှိနိုင်ငံရဲ့ အကျပ်အတည်း ကနေ ထွက်ပေါက်တစ်ခု ရဖို့ ကြိုးစားနေပုံရတယ်လို့ လေ့လာသုံးသပ်သူတချို့က ယူဆနေကြပါတယ်။ ဒီအပေါ် ကင်မ်ရဲ့အမြင်က ဘယ်လိုရှိပါသလဲ။

Kim Aris: ဒါကတော့ ရှင်းပါတယ်။ စစ်တပ်က နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လက်ခံမှုကို ပိုမိုရအောင် ကြိုးစားနေတယ်ဆိုတာ သိသာပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းနဲ့ ဒီနှစ်အစပိုင်းမှာ ကျင်းပခဲ့တဲ့ သူတို့ ရွေးကောက်ပွဲအပြီး သူတို့ ပိုပြီးကြိုးစားလာကြပါတယ်။ နိုင်ငံတကာက သူတို့နဲ့ ပြန်ပြီးပူးပေါင်းဆောင်ရွက် လာအောင် သူတို့တတ်နိုင်သမျှ ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ငါးနှစ်ထဲမှာ စစ်တပ်က သူတို့လုပ်မယ်လို့ ပြောထားတဲ့ ကတိကဝတ်တွေကို တကယ်တမ်း လိုက်နာ အကောင်အထည်ဖော်ခဲ့တာ မရှိခဲ့ဘူးဆိုတာ သတိမမေ့သင့်ပါဘူး။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကိုလည်း သူတို့ မလိုက်နာခဲ့ပါဘူး။ တကယ့်တိုးတက်မှု ရှိလာတယ်ဆိုတဲ့ အထောက်အထား ဘာမှမရှိတာတောင် အခု တချို့နိုင်ငံကြီးတွေက သူတို့နဲ့ ပြန်လည်ထိတွေ့ဆက်ဆံလာကြပါတယ်။

RFA: အခုနောက်ပိုင်း စစ်တပ်အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တွေကို အရင်ကထက် ပိုပြီးထုတ်ပြန်လာပါတယ်။ ဒါဟာ အကောင်းဘက်က မျှော်လင့်နိုင်တဲ့ လက္ခဏာတစ်ခုလို့ မြင်ပါသလား။ စစ်တပ်ရဲ့ နောက်ထပ်ခြေလှမ်းက ဘာဖြစ်လာနိုင်တယ်လို့ ထင်ပါသလဲ။

Kim Aris: ကျွန်တော်ကတော့ အမြဲတမ်း မျှော်လင့်ချက်ထားပါတယ်။ အခုအခြေအနေတွေကနေ တကယ်တိုးတက်မှုတွေ ရရှိလာပြီးတော့ မကြာခင်မှာ မေမေ လွတ်မြောက်လာမယ်လို့ မျှော်လင့်ပါတယ်။ မေမေ မလွတ်ခင်မှာလည်း သူနဲ့ ပုံမှန်ဆက်သွယ်စကားပြောခွင့် ပိုရချင်ပါတယ်။ နောက်ပြီး မေမေဟာ ပြင်ပဆရာဝန်တွေဆီကနေ ဆေးကုသမှု ရရှိနေတယ်ဆိုတာကိုလည်း သိချင်ပါတယ်။

RFA: မိခင်ဖြစ်သူနဲ့ ပုံမှန်ဆက်သွယ်စကားပြောခွင့် ရမယ်လို့ သူတို့က ကတိပေးခဲ့ပါသလား။

Kim Aris: မပေးပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ဘာမှ ထပ်မသိရသေးပါဘူး။

RFA: Facebook မှာ ကင်မ် မကြာခင်က ရေးသားခဲ့တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး မေးချင်ပါတယ်။ ကင်မ်ပြောထားတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို သံတမန်ရေးရာအသိအမှတ်ပြုဖို့၊ ပိတ်ဆို့အရေးယူတာတွေကို လျှော့ပေါ့ပေးဖို့ ဒါမှမဟုတ် နိုင်ငံရေးအကျိုးအမြတ်အတွက် အပေးအယူလုပ်တဲ့နေရာမှာ အသုံးမချသင့်ဘူးလို့ ပြတ်ပြတ်သားသား ရေးထားတယ်။ နောက်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခွင့်အရေးတွေကို စစ်တပ်အတွက် နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှုရရှိရေးနဲ့ အလဲအလှယ် မလုပ်ကြဖို့လည်း ဗြိတိန်အစိုးရနဲ့ တခြားအစိုးရတွေကို တောင်းဆိုထား တာ တွေ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး RFA ပရိသတ်တစ်ဦးက ထောက်ပြထားတာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့ ကိစ္စဟာ စည်းကမ်း မူဘောင်တွေအခြေခံတဲ့ ညှိနှိူင်းရေး မဟုတ်ဘူး။ နိုင်ငံရေး ဓားစာခံလိုဖြစ်နေတဲ့အခြေအနေကနေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အတွက် ညှိနှိုင်းဆွေးနွေးတာ၊ အပေးအယူ လုပ်သင့်တာတွေ လုပ်ရမှာပါပဲလို့ သူက ထောက်ပြထားပါတယ်။

ဒီအပေါ် ကင်မ်အနေနဲ့ ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။

Kim Aris: ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံး မေမေ လွတ်မြောက်ဖို့အတွက် အဆက်မပြတ် တောင်းဆိုပေးနေကြတဲ့သူတွေ ရှိတယ် ဆိုတာ ကျွန်တော် သိပါတယ်။ သူတို့ရဲ့ အားပေးထောက်ခံမှု မရှိခဲ့ဘူးဆိုရင် ကျွန်တော် ဒီအခြေအနေအထိ ရောက်လာနိုင်မှာ မဟုတ်ပါဘူး။ ပြောရရင် ဟုတ်ပါတယ်။ အပေးအယူကိစ္စတွေအတွက် လူတွေ ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်တယ်ဆိုတာတော့ ရှင်းပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာလည်း (သူ့ဘက်က ဘာမှ လိုက်နာ ဆောင်ရွက်တာမရှိဘဲနဲ့) စစ်အာဏာပိုင်တွေနဲ့ အခုလို ပွင့်ပွင့်လင်းလင်း ဆွေးနွေး တွေ့ဆုံ ဆွေးနွေး ဆက်ဆံတာတွေ၊ တကယ့်တိုးတက်မှု တစ်စုံတစ်ရာ မရသေးဘဲ ဦးမင်းအောင်လှိုင်ကို တရားဝင် ဖိတ်ခေါ်ကြိုဆိုတာတွေ လုပ်ပြီး တရားဝင်အသိအမှတ်ပြုပေးတဲ့ တစ်ဘက်သတ်လုပ်ရပ်မျိုးတွေကိုတော့ မလုပ်သင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။

RFA: ငါးနှစ်ကျော်ကြာပြီးမှ မိခင်ဖြစ်သူရဲ့အသံကို ပထမဆုံးအကြိမ် ပြန်ကြားခွင့်ရခဲ့တဲ့နောက် မြန်မာပြည်သူတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်နေကြတဲ့ ကမ္ဘာတစ်ဝန်းက ပြည်သူတွေကို ဘယ်လိုသတင်းစကား ပါးချင်ပါသလဲ။

Kim Aris: မေမေ့အသံကို နားထောင်ရတာတော့ အခုထိ ကျန်းကျန်းမာမာနဲ့ စိတ်ဓာတ်ကြံ့ခိုင်နေဆဲပဲလို့ ပြောချင်ပါတယ်။ ဒါပေမဲ့ မေမေက အခုဆို အသက် ၈၁ နှစ် ရှိနေပါပြီ။ ကျန်းမာရေးပြဿနာတွေလည်း ဆက်ရှိနေသေးပါတယ်။ နောက်ပြီး မေမေ့ကို ဘယ်လိုအခြေအနေမျိုးမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုလည်း ကျွန်တော်တို့ အမှန်တကယ် မသိရသေးပါဘူး။ ဒါကြောင့် မေမေ လွတ်မြောက်ဖို့ အားလုံး ဆက်ပြီး ကြိုးပမ်းတောင်းဆိုပေးကြဖို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီနေရာမှာ ရပ်မနေဘဲ တခြားနိုင်ငံတွေနည်းတူ ရှေ့ဆက်ချီတက်သွားဖို့ လိုအပ်နေပါတယ်။ ကျွန်တော့် မေမေဟာလည်း အဲဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် ရှိနေဆဲပါ။ လူတွေဟာ တစ်ဦးနဲ့တစ်ဦး စကားပြောဆွေးနွေးဖို့ လိုပါတယ်။ အဲဒီလို တစ်ဖက်နဲ့တစ်ဖက် စကားပြောဆွေးနွေးလာအောင် လုပ်ဆောင်ပေးနိုင်တဲ့ လူနည်းစုထဲမှာ ကျွန်တော့်မေမေလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

ဒါကြောင့် ကျေးဇူးပြုပြီး မေမေ လွတ်မြောက်ဖို့အတွက် ကြိုးပမ်းတောင်းဆိုမှုတွေကို မရပ်တန့်လိုက်ကြပါနဲ့။

မေမေ လွတ်မြောက်ဖို့အတွက် ကြိုးပမ်းတာဟာ မြန်မာနိုင်ငံ လွတ်မြောက်ဖို့အတွက် ကြိုးပမ်းတာလည်း ဖြစ်ပါတယ်။