ဝါဝင်းနေတဲ့ စပါးခင်းတွေကို မြင်တွေ့ရမယ့်အချိန်မှာ အခုတော့ နုန်းမြေတွေ ဖုံးလွှမ်းနေတဲ့ လယ်ကွင်းပြင်ကျယ်ကြီးပဲ ကျန်ပါတော့တယ်။ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ ဇူလိုင်လ ၃၀ ရက်နေ့က ငဝန်မြစ်ရေကာတာ ကျိုးပေါက်ခဲ့ပြီးနောက် စပါးခင်းတွေ တစ်လခွဲဝန်းကျင် ရေနစ်မြုပ်ခဲ့ပါတယ်။
ရေပြန်ကျသွားပေမဲ့ စပါးခင်းတွေ ဆုံးရှုံးခဲ့ရတဲ့ တောင်သူတွေကတော့ အကြွေးဝန်ထုပ်ဝန်ပိုးတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
အဲဒီထဲမှာ စပါးခင်း ၁၈ ဧက ဆုံးရှုံးခဲ့ရတဲ့ အသက် ၅၆ နှစ်အရွယ် တောင်သူ ဦးဝင်းတင်လည်း ပါဝင်ပါတယ်။
“ကျွန်တော် မနည်း အားတင်းထားရတာ။ တကယ်ကို မနည်း အားတင်းထားရတာ။ တစ်နေ့နေ့ မိုးလင်းတာနဲ့ လယ်ယာလုပ်ငန်းထဲကို သွားနေရမှာ။ မနက်ဟေ့ဆို ဪ ဟိုဥစ္စာဖြစ်ပြီ ငါ့လယ်က မြှုပ်သွားပြီ။ အေး အဲဒီတော့ ဘာလုပ်ရမှန်းမသိဘူး”
လေးမျက်နှာမြို့နယ် အိုင်သပြုရွာမှာ နေထိုင်တဲ့ ဦးဝင်းတင်ဟာ ရေဘေးကြုံနေရချိန်မှာပဲ အသက် ၉၀ အရွယ် မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရသလို မွေးမြူထားတဲ့ ဝက်အကောင် ၄၀ ကျော်လည်း ရေဘေးအတွင်း သေဆုံးခဲ့ပါတယ်။
စပါးစိုက်ဖို့ အာဏာပိုင်တွေဆီကနေ စိုက်ပျိုးစရိတ်ချေးငွေ သိန်း ၅၀ ဝန်းကျင်နဲ့ ပြင်ပကနေ အတိုးနဲ့ သိန်း ၆၀ လောက် ချေးယူခဲ့ရပါတယ်။ မြေဩဇာနဲ့ ပိုးသတ်ဆေးဖိုးတွေနဲ့ပါဆိုရင် စုစုပေါင်း ကျပ်သိန်း ၂၀၀ ဝန်းကျင် ဦးဝင်းတင် အကြွေးတင်နေတာပါ။
နောက်ထပ်သီးနှံစိုက်ဖို့တောင် အရင်းအနှီးမရှိတော့ဘူးလို့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။
“သူများတွေ ပဲပက်နေပြီ ကိုယ့်မှာ ပဲမပက်ရသေးဘူး။ မျိုးပဲလည်း မရှိဘူး။ အခုက ဘယ်လိုလုပ်မလဲ။ ဪ သားရယ် တို့တော့ ရှာရမှာပေါ့ဟယ်လို့ အဲဒီလိုပဲ ပြောလိုက်တယ်။ အခုတွေးနေတာ ဘယ်သွားရှာမလဲလို့။ ကိုယ့်မှာ ရှိရဲ့သားနဲ့ အခုတော့ မရှိကုန် ဖြစ်ကုန်ပြီသားလေးလို့။ တို့တွေ ဘဝသစ်က စရတော့မှာလို့ အဲဒီလိုပဲ ပြောတာပေါ့"
ဝက်ဆင်းအိုင်ရွာက အသက် ၆၄ နှစ်အရွယ် ဦးချစ်မြိုင်လည်း စပါးခင်း ဧက ၂၀ ဆုံးရှုံးခဲ့ရပါတယ်။ ရေပြန်ကျသွားပေမဲ့ လယ်မြေတွေမှာ ပြန်ထွန်ယက်စိုက်ပျိုးဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဦးချစ်မြိုင်က ပြောပါတယ်။
“မျိုးပဲလည်း မပြည့်စုံတဲ့ တောင်သူတွေ ရှိပါတယ်။ ထွန်ယက်ဖို့ ဆီတွေမှာလည်း အခက်အခဲရှိတယ်။ ထွန်စက်တွေလည်း အခက်အခဲ ရှိတယ်ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ အခုက မြေပြင်ကြီးဖြစ်သွားတဲ့အခါမှာ ရာသီဥတုက ကိုယ်မသိတဲ့အတွက် ချက်ချင်းကြီး ထွန်ရ ယက်ရမယ့်အခါမျိုးကြတော့ အခက်အခဲတွေက အများကြီးကို ကျွန်တော်တို့က တွေးပြီးပူပါတယ်။ ကျွန်တော်တို့ လယ်သမားတွေအဖို့မှာ။”
ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ဧရာဝတီတိုင်းမှာ စပါးစိုက်ဧက ၅၇,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရက ထုတ်ပြန်ထားပါတယ်။
တောင်သူတွေအတွက် မျိုးစပါးနဲ့ အစားထိုးသီးနှံတွေ ကူညီပံ့ပိုးဖို့ စီစဉ်နေတယ်လို့လည်း စစ်တပ်ခန့်အစိုးရက အောက်တိုဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ RFA က မေးမြန်းခဲ့တဲ့ တောင်သူတွေကတော့ အကူအညီတွေ မရသေးဘူးလို့ ပြောကြပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်တပ်ခန့် ဧရာဝတီတိုင်းအစိုးရအဖွဲ့ ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က အောက်တိုဘာ ၇ ရက်မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ဦးဝင်းတင်ကတော့ လယ်ယာလုပ်ငန်းပြန်စနိုင်ဖို့ သူပိုင်ဆိုင်တဲ့ လယ်မြေတချို့ကို ရောင်းချဖို့ စီစဉ်နေပါတယ်။
“လုပ်ငန်းလည်ပတ်ဖို့အတွက်ကို ကျွန်တော်လယ်နည်းနည်း ဖဲ့ပြီးတော့ ရောင်းရမဲ့ အနေအထားမှာ ရှိတယ်။ ကျွန်တော်အမျိုးသမီးကိုတော့ တိုင်ပင်ထားတယ်။ အဲဒီတော့ ဖြစ်စေချင်တာက ဒီနိုင်ငံတော် အစိုးရအနေနဲ့ အဲဒီလို လယ်သမားတွေကို ဒါ ထောက်ပံ့မှုလေးတွေ ထိထိရောက်ရောက်လေး ပေးစေချင်တယ်။ အခုတော့ ကျွန်တော်တို့မှာ အခက်အခဲတွေဖြစ်နေတယ်။ နိုင်ငံတော်ကနေပြီးတော့ ကျွန်တော်တို့ကို အခုဘဏ်တို့ ဘာတို့ ပေးရမယ့်ဟာတွေလည်း ဆိုင်းငံ့စေချင်တယ်။ တချို့ဆို ဖြစ်နိုင်ရင် ဒါ လျော့ပေါ့သင့်တာတွေလည်း လျော့ပေါ့စေချင်တယ်”
ဆောင်းသီးနှံစိုက်ပျိုးချိန် ရောက်လာပေမဲ့ လိုအပ်တဲ့အကူအညီတွေ မရသေးတဲ့ ဒီတောင်သူတွေအတွက်တော့ ဆုံးရှုံးမှုတွေကနေ ပြန်လည်ရုန်းထနိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
