ဒီနှစ် မိုးစပါးစိုက်ရာသီမှာ လောင်စာဆီအပါအဝင် ဓာတ်မြေဩဇာစျေးတွေ အဆမတန် မြင့်တက်နေတဲ့အတွက် အရင်နှစ်ထက် စိုက်ပျိုးစားရိတ် နှစ်ဆလောက်တက်သွားတယ်လို့ တောင်သူလယ်သမားတွေကပြောပါတယ်။
မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နဲ့ စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) ရဲ့ ရည်ညွှန်းစျေးတွေအရ ပြီးခဲ့တဲ့ ဧပြီလမှာ ယူရီးယား မြေဩဇာ ၅၀ ကီလို တစ်အိတ်ကို ၉၄၀၀၀ ကျပ်ပဲရှိခဲ့ပေမဲ့ ဇွန်လ ရည်ညွှန်းစျေးက တစ်သိန်းလေးသောင်း (၁၄၀၀၀၀) အထိ မြင့်တက်သွားတာတွေ့ရပါတယ်။
ဒါပေမဲ့ အပြင်စျေးကွက်မှာ မြေဩဇာတစ်အိတ်ကို ကျပ်တစ်သိန်းခွဲ (၁၅၀၀၀၀) ကနေ နှစ်သိန်း(၂၀၀၀၀၀) ကျော်အထိဖြစ်နေလို့ စိုက်ပျိုးရေးလုပ်ငန်းမှာ တွက်ခြေမကိုက်တော့ဘူးလို့ မန္တလေးတိုင်းက လယ်သမားတစ်ဦးက RFA ကိုပြောပါတယ်။
“ဓာတ်မြေဩဇာစျေးက ၁၅ ပတ်လည် အလတ်စားလောက်ပဲရှိမယ် အကောင်းစားမဟုတ်ဘူး၊ တစ်သိန်း ခုနစ်သောင်း (၁၇၀၀၀၀) ရှိတယ်။ စက်မောင်းခက ခုနစ်သောင်း၊ ရှစ်သောင်း၊ ကိုးသောင်းကနေပြီးမှ တစ်သိန်း အခုတစ်သိန်းမှာ တန်းနေတယ် ဆီရလို့။ ချွေခ ရိတ်ခက တစ်သိန်းခုနစ်သောင်း (၁၇၀၀၀၀) ဆိုတော့ မကိုက်ဘူး။ မဖြစ်လို့သာ စိုက်နေကြရတာ လယ်သမားတွေက”
ဓာတ်မြေဩဇာစျေးအပြင် ထွန်ယက်ချိန်မှာ မောင်းနှင်ရတဲ့စက်ယန္တရားတွေအတွက် ဒီဇယ်စျေးတွေကလည်း ဒီနေ့အထိ မြင့်တက်နေဆဲဖြစ်ပါတယ်။
အရင်နှစ် မိုးစပါးနဲ့ နွေစပါးစိုက်ရာသီမှာ ဒီဇယ်တစ်လီတာကို ရည်ညွှန်းစျေး ၂၅၀၀ ကျပ်ဝန်းကျင်ရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ဒီဇယ်တစ်လီတာကို ရည်ညွှန်းစျေး ၅၀၀၀ ကျော်အထိဖြစ်နေပါတယ်။ အပြင်ပေါက်စျေးကတော့ တစ်လီတာကို ၈၀၀၀ ကျပ်အထိရှိနေတာပါ။ ဒါကြောင့် ထွန်ယက်ခတွေကလည်းမြင့်တက်နေပါတယ်။
ဒါကြောင့် မြို့နယ်တချို့မှာ လယ်ကို ဧကပြည့်မစိုက်တော့ဘဲ လျှော့စိုက်လာကြတယ်လို့ ဧရာ၀တိုင်းမှာရှိတဲ့ လယ်သမားတစ်ဦးက RFA ကိုပြောပါတယ်။
“တချို့ပေါ့နော် တောင်သူတွေ အများစုက မြောင်းမြမြို့နယ်ဘက်အခြမ်းမှာရော လပွတ္တာမြို့နယ်ဘက်အခြမ်း မှာရော နည်းနည်း ဝေးခေါင်တဲ့နေရာတွေက လုံး၀ အလုပ်ရပ်ထားတာရှိတယ်။ လယ်သမားတွေ စိုးရိမ်နေတာတော့ ဓာတ်မြေဩဇာနဲ့ ဒီဇယ်ပဲ စိုးရိမ်နေတာပဲ။ နောင်ရေးမှာလည်း ဒီလိုပုံစံဆိုရင်တော့ စီးပွားရေးတွေက တအားကြီး နလံထူနိုင်မှာမဟုတ်ဘူး”
စစ်တပ်ခန့်အစိုးရကတော့ စိုက်ပျိုးစားရိတ်ချေးငွေကို အရင်က လယ်တစ်ဧကကို ကျပ်သိန်း တစ်သိန်းခွဲပဲချေး နေရာကနေ ဒီနှစ်မိုးစပါးစိုက်ရာသီမှာ လယ်တစ်ဧကအတွက် ကျပ်သုံးသိန်း (၃၀၀၀၀၀) အထိချေးပေးနေ ပါတယ်။ ဒါပေမဲ့ ကျပ်သုံးသိန်းဟာ ဓာတ်မြေဩဇာနှစ်အိတ်ဖိုးပဲရှိတဲ့အတွက်ကြောင့် သွင်းအားစုလို့ခေါ်တဲ့ စိုက်ပျိုးရေးမှာထည့်ရတဲ့အရင်းအနှီးစရိတ်အတွက် မလုံလောက်ပဲဖြစ်နေပါတယ်။
စစ်ဖြစ်တဲ့ဒေသတွေကလယ်သမားတွေဆိုရင် ပိုဆိုးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်က တောင်သူတစ်ဦးကပြောပါတယ်။
“ချေးငွေလုပ်ငန်းတွေ ဖြတ်တောက်ခံရတယ်။ သွင်းအားစုပစ္စည်းတွေ တန်ဖိုးကြီးမားတာရယ်။ သွားလာ သယ်ယူ စားရိတ်တွေက စပေါ့ဗျာ။ စိုက်ချိန်ပျိုးချိန်လည်း စစ်ကြောင်းထိုးတယ်ဆို ပြေးရလွှားရပေါ့။ အဲဒီတော့ စိုက်ပျိုး ရေးနည်းစနစ်တွေလည်း ပုံမှန် မသုံးနိုင်တော့ဘူး။ အဲလိုဖြစ်တဲ့အခါကျတော့ အထွက်နှုန်းက ထိခိုက်မှာ သေချာ ပဲ။ အခက်အခဲတွေ ကြုံတဲ့အခါကျတော့ တောင်သူက တစ်နှစ်ရှုံးလိုက်ရင် သုံးနှစ်လိုက်မမှီဘူး။ အဲဒီတော့ ကျနော်တို့တောင်သူတွေကတော့ ပြောရရင် ဆိုးသထက်ဆိုးတဲ့ အခြေ အနေ ရှိတော့တာပေါ့”
အခုလိုအခြေအနေအတိုင်း ဆက်တိုက်ဖြစ်လာရင် လယ်သမားတွေက လယ်တွေထိုးရောင်းရေမဲ့ကိန်းဆိုက်နေပြီလို့ လယ်သမားရေးလေ့လာသူတစ်ဦးက RFA ကိုပြောပါတယ်။
“ဒီနှစ်တောင်မှပဲ ရိတ်သိမ်းစားရိတ်တွေဘာတွေနဲ့ဆိုရင် လယ်သမားတွေ ရှုံးနေတဲ့သဘောရှိတယ်။ ဒါကတော့ လောင်စာဆီနဲ့ ပတ်သက်တဲ့ဟာလည်း ဖြစ်တာပေါ့နော်။ သို့သော် စပါးစျေး ဆန်စျေးက အဲဒီစားရိတ်တွေကို ကာမိအောင် တက်မလာဘူးလေ။ နှစ်နှစ်ရှိနေပြီ လယ်သမားတွေရှုံးတာ။ ဒီနှစ်နဲ့ဆိုသုံးနှစ်ပေါ့နော်။ နောက်ထပ် ငါးနှစ်လောက်ဖြစ်ခဲ့လို့ရှိရင် အဲဒီလယ်တွေကို လယ်သမားတွေက ထိုးရောင်းရတော့မယ့်အခြေ အနေဖြစ်လာမယ်”
မြန်မာတောင်သူတွေဟာ မြေဩဇာစျေးကြီးလို့ လျှော့သုံးနေရတဲ့အတွက်၊ ပုံမှန်သုံးရမှာထက် တဝက်လောက် လျော့သွားရင် နိုင်ငံတစ်ဝန်း စိုက်ပျိုးထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်တယ်လို့ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP) မေလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အကျိုးဆက်အနေနဲ့ ကုန်စျေးနှုန်းတွေထပ် တက်ပြီး ၂၀၂၇ ခုနှစ်အထိ နိုင်ငံရဲ့ စားနပ်ရိက္ခာအကြပ်အတည်းကို ပိုပြီး ဆိုးရွားလာစေနိုင်တယ်လို့ WFP က ထောက်ပြထားပါတယ်။
