နိုင်ငံရေးအမြင်မတူလို့ ဖမ်းဆီးသတ်ဖြတ်မှ လက်ခံနိုင်စရာမရှိဟု ဓနုအဖွဲ့ပြော

စစ်တပ်ခန့်အစိုးရ သတင်းပေးလို့ စွပ်စွဲပြီး အပြစ်မဲ့အရပ်သားတွေကို အကြမ်းဖက် ကျူးလွန်တာတွေ မကြာခဏ ရှိနေဟုဆို။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နိုင်ငံရေးခံယူချက် မတူညီတာကို အကြောင်းပြပြီး အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်တာတွေဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ဓနုအမျိုးသား ဖက်ဒရယ်ကောင်စီ (DNFC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇူလိုင် ၂၃ နေ့က ပြောကြားလိုက်ပါတယ်။

ဇူလိုင်လ ၁၄ နေ့က ဓနုတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (DNDP) ဒုတိယဥက္ကဋ္ဌ ဦးစံတင့် လုပ်ကြံ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်အပါအဝင် အရပ်သားတွေအပေါ် အကြမ်းဖက်ကျူးလွန်မှုအားလုံးကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့လည်း DNFC က ဆိုပါတယ်။

ဒီဒေသမှာ စစ်တပ်ခန့်အစိုးရ သတင်းပေး (ဒလန်) လို့ စွပ်စွဲပြီး အပြစ်မဲ့အရပ်သားတွေကို အကြမ်းဖက် ကျူးလွန်တာတွေ မကြာခဏ ရှိနေတယ်လို့လည်း အဖွဲ့ရဲ့ ပြောခွင့်ရသူ ကိုအမောင်က RFA ကို ပြောပါတယ်။

“လက်ရှိ ဓနုဒေသမှာ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ဓားပြမှုတွေက မကြာမဏဆိုသလို ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် လူထုအနေနဲ့ အသက်အန္တရာယ် စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဓနုဒေသမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားနေတာပါ။ အဓိကအားဖြင့် မကြာခဏဖြစ်ပျက်နေတဲ့ အရပ်သားအပေါ် အကြမ်းဖက်မှုတွေကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိရှိ လူထုထံ ရှင်းလင်းစွာ ချပြဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကို တိုက်တွန်းထားတာပါ။ လက်ရှိမှာ စားဝတ်နေရေး အကြပ်အတည်းတွေအပြင် အကြမ်းဖက်မှု၊ ရာဇဝတ်မှုတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် လူထုမှာ ထပ်ဆင့်ဝန်ထုပ်ဝန်ပိုး ဖြစ်နေရပြီး အဲဒီလို ဖြစ်စဉ်တွေ လျော့နည်းသွားစေဖို့ လူထုနဲ့အတူ ရပ်တည်ပြီး ပူးပေါင်းဖြေရှင်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်”

ဒီကိစ္စနဲ့ပတ်သက်ပြီး DNFC က ဇူလိုင် ၂၃ ရက်နေ့ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်မှာတော့ ဓနုဒေသအတွင်း နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေ ဆိုးရွားလာတာနဲ့အမျှ ဒေသခံပြည်သူတွေဟာ အသက်၊ အိုးအိမ်နဲ့ စည်းစိမ်လုံခြုံမှုမရှိဘဲ စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ ဓနုဒေသမှာ လူသတ်မှု၊ ပြန်ပေးဆွဲမှုနဲ့ ဓားပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေတာ ကြောင့် ဒေသခံပြည်သူတွေမှာ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်။

DNDP ပါတီ ဒုတိယဥက္ကဋ္ဌကို သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ အဖွဲ့အစည်းရဲ့ အမည်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထား ပါဘူး။

ဒီဒေသမှာ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ် (DSNDA)၊ Danu 103 PDF နဲ့ Danu People’s Liberation Army (DPLA) စတဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီတပ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်နေပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ လုံခြုံရေးနဲ့ စားဝတ်နေရေး အခက်အခဲတွေ ပိုကြုံတွေ့နေရတယ်လို့ သိရပါတယ်။