နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါး၊ သဘာဝပတ်ဝန်းကျင်ကိစ္စ ထိုင်းဆွေးနွေးမည်

“နှစ်လမ်းသွားချဥ်းကပ်မှု” မူဝါဒတစ်စိတ်တစ်ပိုင်းဖြစ်ပြီးဘုံသဘောတူညီချက် ၅ ရပ် စွန့်လွတ်လိုက်တာမဟုတ်ဘူးလို့ဟုဆို။

မြန်မာစစ်တပ်ခန့်အစိုးရခေါင်းဆောင် ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံအလည်အပတ် ခရီးစဥ်မှာ ကော့မြစ် ရေထုညစ်ညမ်းမှုကို မြန်မာဘက်က ပူးပေါင်းဖြေရှင်းပေးဖို့ ဆွေးနွေးမယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ် (Anutin Charnvirakul) က ဇူလိုင်လ ၂၂ ရက်နေ့က ပြောလိုက်ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံနယ်ခြား သဘာဝပတ်ဝန်းကျင်နဲ့ လုံခြုံရေးကိစ္စရပ်တွေ၊ မူးယစ်ဆေးဝါးနဲ့ တောင်ယာ မီးရှို့တဲ့အတွက် လေထုညစ်ညမ်းမှုကိစ္စတွေကို ဆွေးနွေးမယ်လို့လည်း သိရပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း AFP သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းရာမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကီရော (Sihasak Phuangketkeow) က ဦးမင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ တွေ့ဆုံမယ်လို့ ဆိုပါတယ်။

မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင်နဲ့ လက်ရှိစစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးဟာ “နှစ်လမ်းသွားချဥ်းကပ်မှု” မူဝါဒတစ်စိတ်တစ်ပိုင်းဖြစ်ပြီး နှစ်နိုင်ငံ အကြား မပြီးပြတ်သေးတဲ့ ဆွေးနွေးရမယ့် ကိစ္စတွေ ဆွေးနွေးဖို့လည်းပါတယ်လို့ပြောပါတယ်။ နိုင်ငံနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းပြဿနာတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေပါတယ်လို့ ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ စစ်ခေါင်းဆောင်ဟောင်းကို ထိုင်းကို ချစ်ကြည်ရေးခရီးဖိတ်တာဟာ အာဆီယံက ရေရှည်ကျင့်သုံးလာခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ် စွန့်လွတ်လိုက်တာမဟုတ်ဘူးလို့လည်း မစ္စတာဆီဟာဆတ်က ပြောပါတယ်။

ကော့မြစ်ဟာ မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်မှာ မြစ်ဖျားခံပြီး ထိုင်းနိုင်ငံကို ဖြတ်ကာ မဲခေါင် မြစ်ထဲစီးဝင်တဲ့ မြစ်ငယ်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်မှာ ရွှေနဲ့မြေရှား သတ္တု တူးဖော်နေတာတွေကြောင့် မြစ်ထဲကို အာဆင်းနစ်အပါအဝင် ဓာတုဗေဒအဆိပ်အတောက်တွေ စီးဝင်မျောပါနေတဲ့အတွက် ထိုင်းနိုင်ငံမှာ အဓိကပြဿနာတစ်ရပ်အဖြစ် ရှိနေပါတယ်။

ဗိုလ်ချုပ်မှူးကြီး ရာထူးကို စွန့်လွတ်ပြီး သမ္မတအဖြစ် လွှဲပြောင်းရာထူးရယူခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ ဇွန်လမှာ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံ တို့ကို သွားရောက်ခဲ့ပြီး ဇူလိုင်လဆန်းမှာ လာအိုနိုင်ငံ ကို သွားရောက်ခဲ့ပါတယ်။

မြန်မာနဲ့အာဆီယံ ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့နဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တနင်္ဂနွေနေ့က ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးအပြီး နောက်ရက်မှာ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံကို သွားရောက်မယ့်အကြောင်း သတင်းထွက်လာတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲအပြီး မြန်မာနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ အာဆီယံမှာ ဦးဆောင် ဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်သလို စစ်အာဏာသိမ်းခေါင်းဆောင် သမ္မတရာထူးရအပြီး ပထမဆုံး သမ္မတသစ်ကို ထောက်ခံကြောင်း ချီးကျူးစကားပြောတဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့အပြင် ဧပြီလကလည်း နိုင်ငံခြားရေး ဝန်ကြီးကို နေပြည်တော်ကို စေလွှတ်ပြီး ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဥ်ဟာ အရပ်သားရာထူးနဲ့ ပထမဆုံး ထိုင်းကို သွားရောက်တဲ့ခရီး ဖြစ်ပြီး အရင်က စစ်ခေါင်းဆောင် ရာထူးနဲ့ ၂၀၂၅ ဧပြီလက ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံများ စီးပွားရးနဲ့ နည်းပညာဆိုင်ရာ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး (BIMSTEC) အစည်းအဝေးကို တက်ဖို့ ထိုင်းကို သွားရောက်ခဲ့ဖူးပါတယ်။