၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းပြီး သီးသန့်နေအိမ်မှာ ထောင်ဒဏ်နှစ်ရှည်ကျခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၅ နှစ်ကျော်အကြာမှာ မြန်မာစစ်တပ်ခန့်အစိုးရက ပထမဆုံးအဖြစ် သားဖြစ်သူနဲ့ တယ်လီဖုန်း ဆက်သွယ် ပြောကြားခွင့်ပြုခဲ့တာဟာ တိုးတက်ပြောင်းလဲမှု တစ်ခုလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကီရော (Sihasak Phuangketkeow)က အောက်တိုဘာ ၂၄ ရက်နေ့က ကြိုဆိုလိုက်ပါတယ်။
ဒီအခြေအနေကနေ မြန်မာ့နိုင်ငံရေးမှာ စစ်မှန်တဲ့ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း သူက မှတ်ချက်ချပြောကြားတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာနဲ့ ထိတွေ့ဆက်ဆံတာဟာ စစ်တပ်ခန့်အစိုးရကို တရားဝင်မှုပေးအပ်တာမဟုတ်ဘဲ မြန်မာပြည်တွင်းရေး အကြပ်အတည်းတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လက်တွေ့ကျကျ အကောင်ထည်ဖော်ဖို့ တိုက်တွန်းအားပေးဖို့သာဖြစ်တယ်လို့လည်း ရိုက်တာသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းချက်မှာ ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာဆီဟာဆတ်က ပြောပါတယ်။
“မိမိတို့အနေနဲ့ မြန်မာနိုင်ငံကို အေးချမ်းတည်ငြိမ်ပြီး ပြည်တွင်းရေးပြဿနာတွေ ပြေပြေလည်လည် ဖြေရှင်းနိုင်စေချင်ပါတယ်။ မိမိတို့ ထိုင်းနိုင်ငံအတွက်တော့ မြန်မာဟာ နယ်ချင်းထိနေတဲ့ အိမ်နီးချင်းနိုင်ငံပါ။ ထိတွေ့ဆက်ဆံတဲ့ လမ်းစဥ်ကို မိမိတို့ ယုံကြည်တယ်။ ထိတွေ့ဆက်ဆံတာဟာ စစ်တပ်ခန့်အစိုးရကို တရားဝင် အသိအမှတ်ပြုတာမဟုတ်ဘဲ အချင်းချင်း ညှိနှိုင်းဆွေးနွေးကြဖို့၊ မြန်မာပြည်တွင်းရေး ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းကြဖို့၊ အတိုက်အခံဆန့်ကျင်ဘက် ဒီမိုကရေစီရေးလုပ်နေကြတဲ့ နိုင်ငံရေးသမား အဖွဲ့အစည်းတွေနဲ့ အချင်းချင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လက်တွေ့ကျကျ အကောင်ထည်ဖော်ဖို့ တိုက်တွန်းအား ပေးဖို့သာဖြစ်ပါတယ်။”
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုက မြန်မာစစ်တပ်ခန့်အစိုးရနဲ့ ထိတွေ့ ဆက်ဆံတာကိုလည်း ကြိုဆိုကြောင်း လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
“မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အရေးကြီးတဲ့ နောက်တစ်ချက်က မိမိတို့အနေနဲ့ မြန်မာကို အထီးကျန် ပစ်ပယ်ထားတာမျိုး မမြင်လိုကြပါဘူး။ ပြီးတော့ ပထဝီနိုင်ငံရေးကစားကွက်တစ်ခုအဖြစ် နိုင်ငံကြီးတွေ အားပြိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်မလာစေချင်ပါဘူး။ မိမိတို့ ပြည်ပနိုင်ငံကြီးတွေ မြန်မာနိုင်ငံကို မျှမျှတတ ထိတွေ့ ဆက်ဆံနေကြတာမျိုး လိုလားပါတယ်။ အမေရိကန်က မြန်မာနဲ့ ထိတွေ့ဆက်ဆံလာတာကို ကြိုဆိုပါတယ်။ သူတို့ ဘယ်လိုပုံစံ ဘယ်လိုတောင်းဆိုမှုမျိုးနဲ့ ထိတွေ့ဆက်ဆံလာသလဲဆိုတာတော့ မိမိတို့ မပြောင်းလဲနိုင်ပါဘူး။ သူတို့ဖာသာ သူတို့ ဆုံးဖြတ်ကြရမှာပါ။”
ထိုင်းနိုင်ငံရဲ့ ရှုမြင်ပုံအရ အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံအပေါ် ထားတဲ့ သဘောထား အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲလာနေပြီး ဦးမင်းအောင်လှိုင်ရဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံ ခရီးစဥ်တွေကို ကြည့်ရင် တွေ့နိုင်ကြောင်း၊ အာဆီယံံအဖွဲ့ကြီးမှာ မြန်မာစစ်တပ်ခန့်အစိုးရအကြီးအကဲတွေ အပြည့်အဝ ပြန်ပါလာရေး ဖိလစ်ပိုင်နိုင်ငံ မနီလာ ထိပ်သီးညီလာခံမှာ စဥ်းစားဆုံးဖြတ်နိုင်တယ်လို့လည်း သူကပြောပါတယ်။
၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင်တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းအပြီး ပထမဆုံးကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ခွင့်ရတဲ့ ဆွေးနွေးပွဲမှာ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို တစ်ညီတစ်ညွတ်ထဲ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒီအချက်တွေကို တစ်ချက်မှ အကောင်အထည်ဖော်ခြင်းမရှိခဲ့တဲ့အတွက် အာဆီယံကလည်း အကောင်အထည်ဖော်ဖို့ မပြတ်တိုက်တွန်းနေခဲ့ပြီး သံတမန်ရေးအရ တစ်ဆင့်နှိမ့်ဆက်ဆံလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။
