ကုန်ဈေးနှုန်းနဲ့ သဘာဝဘေးဒဏ်ကြား ရုန်းကန်နေရတဲ့ အင်းလေးပန်းပဲလုပ်ငန်း

အင်းလေးဒေသဟာ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်မှာ ရေဘေးနဲ့ ငလျင်ဘေးကြောင့် ပန်းပဲဖိုတွေ ပျက်စီးထိခိုက်ပြီး ပြန်လည်ထူထောင်နိုင်မဲ့ အကူအညီမရခဲ့ပါဘူး။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသက ဆည်ခေါင်းရွာဟာ အိမ်ခြေ ၁၄၀ လောက်ရှိပြီး ဘိုးစဥ်ဘောင်ဆက် ပန်းပဲဖိုလုပ်ငန်းနဲ့အသက်မွေး ဝမ်းကျောင်းကြပါတယ်။ သူတို့ထုတ်တဲ့ အိမ်သုံးဓားအမျိုးမျိုးနဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေဟာ အိမ်တိုင်းအတွက်မရှိမဖြစ်တွေပါ။

အခုတော့ ဒီပစ္စည်းတွေထုတ်ရတာ ကုန်ကျစရိတ်ကြီးလာပြီး၊ စျေးကွက်မှာဝယ်လိုအားကျနေလို့ ဆည်ခေါင်းရွာသားတွေ စီးပွားရေးအရရပ်တည်ဖို့ခက်နေကြပါတယ်။ အဲဒီအထဲမှာ မောင်နှမကိုးယောက်ရှိတဲ့ ဒေါ်ဝင်းကြည် တို့ မိသားစုလည်းပါဝင်ပါတယ်။

“ခုကျတော့ ဆန်ဈေး၊ ဆီဈေးတွေကြီးလို့ မောင်လေးတွေ လုပ်စာနဲ့စားတာ စားရရုံပဲရှိတယ်ပေါ့။ အပိုငွေစုဖို့ မရှိဘူး။ ပန်းပဲဖိုကထွက်တဲ့ ပစ္စည်းတွေလည်း သိပ်မရောင်းကောင်းဘူး”

ဆည်ခေါင်းရွာကထွက်တဲ့ သံထည်ပစ္စည်းတွေကို ရှမ်းပြည်နယ်ရော တခြားဒေသတွေကိုပါတင်ပို့ရောင်းချ ကြတာပါ။ အခုတော့ ကုန်ကြမ်းဖြစ်တဲ့ သံထည်တွေဝယ်ဖို့ခက်လာသလို ဈေးနှုန်းတွေလည်းတက်နေပါတယ်။ ဒါကြောင့် မိသားစုတွေရဲ့တပိုင်တနိုင် စီးပွားရေးကျပြီး စားဝတ်နေရေး ကြပ်တည်းလာတာပါ။

အင်းလေးဒေသဟာ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်မှာ ရေဘေးနဲ့ ငလျင်ဘေးကြောင့် ပန်းပဲဖိုတွေ ပျက်စီးထိခိုက်ပြီး ပြန်လည်ထူထောင်နိုင်မဲ့ အကူအညီမရခဲ့ပါဘူး။ ဒါကြောင့်လည်း ဆည်ခေါင်းရွာက ပန်းပဲဖိုလုပ်ငန်း ၂၀ ရာခိုင်နှုန်းလောက် လုပ်ငန်းဆက်မလုပ်နိုင်တော့ဘူးလို့ ရွာသား ကိုဇော်ထွေးက ပြောပါတယ်။

“ပြန်လည်ထူထောင်ရတာပေါ့။ ပျက်စီးသွားတဲ့ ဥစ္စာတွေကို။ ပြန်ပြင်ပြီးတော့ ပြန်လုပ်ရတာပေါ့။ တချို့ လူတွေကတော့ မလုပ်နိုင်ကြတော့ဘူးပေါ့။ သူတို့မှာ အင်အားတွေမရှိတော့ဘူးလေ။ ငလျင်ကြောင့် ပျက်စီး သွားပြီး ပြန်လည်မထူထောင်နိုင်တော့ဘူးပေါ့”

လုပ်ငန်းပျက်သွားတဲ့သူတချို့က နေ့စားအလုပ်တွေအပါအဝင် တခြားရရာအလုပ်တွေလုပ်နေကြပါတယ်။ ကိုဇော်ထွေးတို့ မိသားစုကတော့ တခြားလုပ်ငန်းမကျွမ်းကျင်တာရော မိရိုးဖလာလုပ်လာတဲ့အတွက်ပါ ပန်းပဲဖို အလုပ်ကိုပဲ ဆက်ပြီးလုပ်နေတာလို့ပြောပါတယ်။

“ဘိုးစဉ်ဘွားစဉ်လက်ထက်ကတည်းက ပန်းပဲရိုးရာလုပ်ငန်းကို လုပ်နေရတာ၊ တခြားလုပ်ငန်းတွေကိုလည်း မလုပ်တတ်လို့၊ အဲ အခုခေတ်ကလေးတွေကတော့ စိတ်မဝင်စားတော့ဘူးပေါ့၊ ပန်းပဲလုပ်ငန်းကို၊ တခြား လုပ်ငန်းတွေကိုပဲ စဉ်းစားကြတော့တယ်၊ ခေတ်လူငယ်တွေက”

ပန်းပဲလုပ်ငန်းဟာ မီးအပူကြားမှာ ပင်ပင်ပန်းပန်းလုပ်ရတဲ့အတွက်ကြောင့် ဒီအလုပ်ကိုစိတ်ဝင်စားတဲ့ လူငယ်တွေ နည်းလာတယ်လို့လည်း ကိုဇော်ထွေးက ပြောပါတယ်။ သူ့အစ်ကို ကိုစိုင်းကတော့ ပန်းပဲပညာပျောက်မသွားအောင် လူငယ်တွေဆက်ပြီးသင်စေချင်နေပါတယ်။

“ဖြစ်စေချင်တာကတော့ နောက်လူငယ်တွေ လုပ်တတ်ဖို့ ဖြစ်စေချင်တယ်။ မပျောက်ကွယ်စေချင်ဘူး။ ဘိုးစဉ် ဘောင်ဆက် လုပ်စားလာတာ။ အဲဒါ နောက်လူငယ်တွေ လုပ်မစားတော့ဘူးဆို မတတ်နိုင်တော့ဘူးလေ။ အခု ငါတို့အထိတော့ လုပ်စားနေသေးတယ်။ ပျောက်ကွယ်သွားမှာတော့ စိုးရိမ်တယ်”

ကိုစိုင်းတို့ မိသားစုအတွက်တော့ နေ့စဉ်စားဝတ်နေရေးအတွက် ပန်းပဲဖိုကအားထားရာဖြစ်နေပါသေးတယ်။ ဒါကြောင့် ရောင်းအားကျလို့ ငွေပိုငွေလျှံမရှိပေမဲ့ သူတို့ကျွမ်းကျင်တဲ့ဒီလုပ်ငန်းကိုပဲ ဆက်ပြီး သံယောဇဥ်နဲ့ လုပ်ကိုင်နေပါတော့တယ်။