ရခိုင်ပြည်နယ် စစ်တွေ ၊ ပုဏ္ဏားကျွန်း နဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွေထဲမှာ အောက်တိုဘာလ ၂၃ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သား ၁၃ ဦးသေဆုံးပြီး အနည်းဆုံး ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီနေသူတွေက RFA ကိုပြောပါတယ်။
စစ်တွေမြို့ပေါ်က မောလိပ်နဲ့ ကျောင်းတက်လမ်းရပ်ကွက်တွေထဲကို အောက်တိုဘာလ ၂၃ ရက်နေ့ မနက် ၇ နာရီဝန်းကျင်မှာ ပေါင် ၃၀၀ ဗုံးသီး နှစ်လုံး ကျရောက်ပေါက်ကွဲပြီး အရပ်သား ခုနစ်ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကတော့ စစ်တွေမြို့အနီး တိုက်ပွဲတွေမှာ စစ်တပ်က အရေးနိမ့်ပြီး အထိနာနေတဲ့အတွက် အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ RFA ကိုပြောပါတယ်။
“လက်စားချေတဲ့အနေနဲ့ အကြမ်းဖက်စစ်တပ်က Y-12 လေယာဉ်နဲ့ စစ်တွေမြို့ လူနေရပ်ကွက်ထဲကို ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာ။ ဒီလိုမျိုး စစ်တွေမြို့ အပြစ်မဲ့ပြည်သူတွေနေထိုင်တဲ့ လူနေရပ်ကွက်ထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်တပ်ရဲ့လူသားမဆန်တဲ့ စစ်ရာဇဝတ်မှု ဖြစ်ပါတယ်”
စစ်တပ်ခန့်အစိုးရကတော့ အဲဒီဖြစ်ရပ်ဟာ သူတို့တိုက်ခိုက်တာမဟုတ်ဘဲ AA ဘက်က တိုက်ခိုက်ခဲ့တာလို့ အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ တုံ့ပြန်ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ရေးသားထားပေမဲ့ အရေအတွက်အသေးစိတ်ကိုတော့ ဖော်ပြထားတာမရှိပါဘူး။ ဒဏ်ရာရသူတွေကို စစ်တွေအထွေထွေရောဂါကုဆေးရုံမှာ ဆေးကုသပေးနေတယ်လို့လည်း ဆိုပါတယ်။
အဲဒီနေ့မှာပဲ နေ့လယ် ၂ နာရီဝန်းကျင်မှာ ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာရွာ လေကြောင်းတိုက်ခိုက်ခံရပြီး အသက် ၄၅ နှစ်အရွယ် မလှရွှေတင် သေဆုံးခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် ကိုအောင်လင်းစိုးနဲ့ အသက် ၆၄ နှစ်အရွယ် ဒေါ်အေးနုတို့လည်း ဒဏ်ရာရခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်နေတဲ့ ကိုဝေဟင်အောင်က RFA ကို ပြောပါတယ်။
အလားတူ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းတောရွာအနီးက တောင်ယာလုပ်ငန်းခွင်တစ်ခုလည်း အောက်တိုဘာလ ၂၃ ရက် ညနေ ၆ နာရီဝန်းကျင်မှာ လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတာကြောင့် ငါးဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ တောင်ယာလုပ်ငန်းလုပ်နေတဲ့ မိသားစုတစ်စုလုံးသေဆုံးခဲ့ရပြီး သေဆုံးသူတွေဟာဟာ ထန်းတောရွာက အသက် ၂၆ နှစ်အရွယ် ကိုစည်၊ အသက် ၃၀ အရွယ် ကိုလင်းထက်အောင်၊ အသက် ၃၂ နှစ်အရွယ် မသီတာဝင်း၊ အသက် ၄၀ အရွယ် ကိုကျော်ဝင်းအောင် နဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်ပြား တို့ဖြစ်တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ က အောက်တိုဘာလ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ထိခိုက်ဒဏ်ရာရသူ လေးဦးကလည်း တောင်ယာလုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေဖြစ်တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
“ဒဏ်ရာရသူတွေက အမျိုးသမီးတွေပါပဲ၊ သက်လတ်ပိုင်းနဲ့ အသက်ကြီးပိုင်းတစ်ယောက်ပါပါတယ်။ ဒီအချိန်က တောင်ယာသီးနှံစိုက်ချိန်ဆိုတော့ ဒေသခံတွေက တောထဲအနေများကြတာဗျ ၊ စစ်ကြောင်းထိုးတာလည်း မရှိသလို တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိပါဘူးဗျ၊ ဒီအတိုင်း တိုက်ခိုက်ခံရတာ”
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရက သတင်းထုတ်ပြန်တာမရှိသလို စစ်တပ်ခန့်အစိုးရရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးအောင်ဇော်ဦး RFA က အောက်တိုဘာလ ၂၄ ရက်မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။
၂၀၂၆ ခုနှစ် မတ်လကုန်မှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက် စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြင်းထန်လာတယ်လို့ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေနဲ့ နေရာဒေသဆိုင်ရာ အချက်အလက်တွေကို စုဆောင်းလေ့လာတဲ့ Armed Conflict Location & Event Data (ACLED) အဖွဲ့က ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်ဟာ တိုက်လေယာဉ် နှစ်စင်းကနေ ငါးစင်းအထိ အစုလိုက်အသုံးပြုပြီး ပစ်မှတ်တစ်ခုတည်းကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်တဲ့ နည်းဗျူဟာကို ပိုအသုံးပြုလာတယ်လို့လည်း ACLED ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
